သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

H1N1 ထိန်းချုပ်ရေး WHO နည်းနာအကူအညီပေးနေ


WHO Dr. Stephen Paul Jost နှင့် VOA အင်တာဗျူး
WHO Dr. Stephen Paul Jost နှင့် VOA အင်တာဗျူး

မြန်မာနိုင်ငံမှာ ဖြစ်ပွါးနေတဲ့ H1N1 ရာသီ တုပ်ကွေးရောဂါ ကူးစက်ပျံ့မှုကို ထိန်းချုပ်ဖို့နဲ့ ကာကွယ် တားဆီး နိုင်ဖို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက မြန်မာ အစိုးရ တာဝန်ရှိသူတွေနဲ့ လက်တွဲပြီး ကူညီဆောင်ရွက်ပေးနေတယ်လို့ WHO အဖွဲ့ရဲ့ ဌာနေကိုယ်စားလှယ်က VOA ကို ပြောပါတယ်။ အသက်ကိုပါ အန္တရာယ် ပေးနိုင်တဲ့ ဒီရောဂါအတွက် စိုးရိမ်နေမှုကို နားလည်ပေမယ့် တချိန်ထဲမှာပဲ လိုတာထက် ပိုပြီး စိုးရိမ် မလွန်ကြဖို့နဲ့ ကူးစက်ပျံ့နှံ့မှုကို ကာကွယ်နိုင်အောင် လက်ကိုသန့်ရှင်းအောင် ထားရေးဟာ အရေးကြီးပြီး တတ်နိုင်သမျှ လက်ကိုသန့်စင်တဲ့ ပိုးသတ် ဆေးရည် ကို အသုံးပြုကြဖို့လဲ တိုက်တွန်းလိုက် ပါတယ်။

အပြည့်အစုံကို WHO ရန်ကုန်ရုံးမှာ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်ကို သွားရောက်တွေ့ဆုံ မေးမြန်းခဲ့တဲ့ ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

ဇူလိုင်လ ၂၁ ရက်ကနေ ၃၀ ရက်နေ့အတွင်း H1N1 ရာသီ တုပ်ကွေး ရောဂါပိုး ရှိကြောင်း အတည်ပြု နိုင်တဲ့ လူနာ ၅၁ ယောက် ရှိနေသလို ဒီအရေအတွက် ဟာ နေ့စဉ် လိုလို အပြောင်း အလဲ ရှိနိုင်ကြောင်းနဲ့ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပွါးနေတဲ့ ရာသီတုပ်ကွေးရောဂါ H1N1 ((Seasonal Influenza A (H1N1) ) ဗိုင်းရပ်စ်ရောဂါပိုး တိုက်ဖျက်ရေးကို WHO က သေသေချာချာ ကူညီ ဆောင်ရွက်ပေးနေ ပါတယ်လို့ WHO အဖွဲ့ရဲ့ ဌာနေကိုယ်စားလှယ်က Dr. Stephen Paul Jost က ပြောပါတယ်။

"မြန်မာနိုင်ငံမှာ ဖြစ်ပွါးနေတဲ့ H1N1 ရာသီ တုပ်ကွေးရောဂါ တိုက်ဖျက်ရေး အတွက် မြန်မာ အစိုးရတာဝန်ရှိသူတွေနဲ့ နေ့စဉ်လိုလို WHO တိုင်ပင် ဆောင်ရွက်ပေးနေပါတယ်။ ဒီ ရောဂါ ဖြစ်ပွါးလာတာနဲ့ ပတ်သက်ပြီး အကူအညီပေးဖို့ မြန်မာအစိုးရ ကျန်းမာရေး နဲ့ အားကစားဝန်ကြီး ဌာနရဲ့ ပန်ကြားချက်ကို ပြီးခဲ့တဲ့ တနင်္လာနေ့မှာ လက်ခံရရှိခဲ့ချိန်ကစပြီး စတင်ဆောင်ရွက်ခဲ့တာပါ။"

WHO က ဒီရောဂါထိန်းချူပ် ကာကွယ်ရေးဆိုင်ရာ နည်းပညာတွေကို ကူုညီပံ့ပိုးပေးနေသလို ရောဂါ ကာကွယ်ဆေး အတွက် ဂျပန်မှာ ရှိတဲ့ ဓါတ်ခွဲခန်းကို မြန်မာနိုင်ငံမှာ ဖြစ်ပွါးတဲ့ ပိုးအမျိုးစားနဲ့ ပတ်သက်ပြီး လေ့လာဆန်းစစ်ဖို့ ပေးပို့ ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။ ဒါ့အပြင် ရောဂါ ဖြစ်ပွါးမှု ဆိုင်ရာ စောင့်ကြည့် မှုတွေကိုပါ ပူးတွဲ ဆောင်ရွက်ပေးနေတယ်လို့လည်း ပြောပါတယ်။

Dr. Jost အနေနဲ့ တနင်္ဂနွေနေ့က ပြည်ထောင်စု ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဦးမြင့်ထွေး ဦးဆောင်တဲ့ရာသီတုပ်ကွေးရောဂါ H1N1 ဗိုင်းရပ်စ်ပိုး ဖြစ်ပွားနေဆဲ အခြေအနေ၊ ပြည်သူတွေအကြား ကြိုတင်ကာကွယ်နိုင်ရေးနဲ့ ထိန်းချုပ်ရေး ညှိနှိုင်း အစည်းအဝေးကိုပါ တက်ရောက်ခဲ့ပြီး ကျန်းမာရေး တာဝန်ရှိသူတွေနဲ့ဆွေးနွေးခဲ့သလို တနင်္လာနေ့ ညမှာလည်း WHO ရဲ့ ဒေသတွင်းဗဟို ဌာနချုပ် ဖြစ်တဲ့ အိန္ဒိယ နိုင်ငံ နယူးဒေလီရုံး နဲ့ ဂျနီဗာက WHO ဌာနချုပ်တို့ နဲ့ ဆက်သွယ်ပြီး မြန်မာနိုင်ငံမှာ ဖြစ်ပွါးနေတဲ့ H1N1 ရောဂါ အတွက် ပြန်လှန်သုံးသပ်မှု တွေ လုပ်ဖို့ ရှိတဲ့ အပြင် မိတ်ဖက် အဖွဲ့တွေနဲ့ လည်း ဆက်သွယ်ပြီး လက်တွဲ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံလိုပဲ တခြား အိမ်နီးချင်း နိုင်ငံတွေမှာလည်း ဒီရောဂါ ဖြစ်ပွါးမှု ရှိနေပြီး အိန္ဒိယ တချို့ဒေသတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ ဒီနှစ် အစောပိုင်း ကတည်းက တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထက် အဲဒီဒေသတွေမှာ H1N1 ရောဂါအကူးစက်ခံနေရသူ ပိုများနေတာကို တွေ့ရပြီး ထိုင်းနိုင်ငံတွေမှာပါ ရှိနေတာ WHO က တွေ့ရတယ်လို့ ပြောပါတယ်။ဒါ့ကြောင့် မြန်မာနိုင်ငံက လက်ရှိ အခြေနေဟာ သတိပေးရတဲ့ အဆင့်ထိ မရောက်ဖူးလို့လည်း ပြောပါတယ်။ ဒါပေမယ့် ဒါကို ပေါ့ပေါ့ သဘောထားလို့ မရပဲ ဖြစ်ပွါးတဲ့ အခြေအနေနဲ့ဘယ်ပုံစံကို ဦးတည်နေတယ်ဆိုတာတွေကို မပြတ်စောင့် ကြည့်ဖို့ အရေးကြီးတာမို့ WHO က ကူညီ ဆောင်ရွက်ပေးနေတယ်လို့လည်း ပြောပါတယ်။

ဒီရောဂါ အတွက် လက္ခဏာပြဖို့ ၂ ရက်ကနေ ရ ရက် အထိ အချိန်ယူတတ်တာမို့ မကြာခင်မှာပဲ ရောဂါဖြစ်ပွါးသူ ဦးရေ ပိုတိုးလာနိုင်ချေ ရှိတယ်လို့ WHO က ကျန်းမာရေး ဝန်ကြီးဌာနက တာဝန်ရှိသူတွေကို သတိပေးထားကြောင်းလည်း ပြောပါတယ်။

ဒါပေမယ့် ဒီရောဂါဟာ ထိန်းမနိုင် သိမ်းမရ အနေထားကို ရောက်လာနိုင်ချေ မရှိကြောင်းနဲ့ ဒီရောဂါအတွက် စနစ်တကျ ကာကွယ်တားဆီးမှု တွေ လုပ်နိုင်တာမို့ မြန်မာ နိုင်ငံသားတွေအနေနဲ့ ဒီရောဂါအတွက် သိပ်အစိုးရိမ် မလွန်စေချင် ဘူးလို့ WHO အဖွဲ့ရဲ့ မြန်မာနိုင်ငံ ဌာနေ ကိုယ်စားလှယ် က ပြောပါတယ်။

"တုပ်ကွေးရောဂါဟာ အသက်ပါ အန္တရာယ် ရှိလာနိုင်တာမို့ သိပ်အလေးအနက် ထားရတဲ့ ရောဂါ တမျိုး ဖြစ်လာနိုင်တာမို့ လူတွေ သိပ်စိုးရိမ်ကြမယ် ဆိုတာကို နားလည်ပါတယ် ဆိုတာကို အသေအချာ ပြောပါရစေ။ ဒါပေမယ့် လိုတာထက် ပိုပြီးတော့ မစိုးရိမ်ကြဖို့ တော့ ပြောချင်ပါတယ်။"

လူသားတိုင်းဟာ ဗိုင်းရပ်စ်ပိုး တမျိုး မဟုတ် တမျိုးရဲ့ အန္တရာယ်ကို အချိန်နဲ့ အမျှ ကြုံကြရတာ ဖြစ်ပြီး တယောက်နဲ့ တယောက် ဒီရောဂါပိုးကို ခုခံရာမှာတော့ ကွာခြားတတ်ကြပေမယ့် အဓိက တကိုယ်ရေ ကာကွယ်မှုကို လုပ်နိုင်တဲ့ အနေထားပေါ်မူတည်ပြီး ကူးစက်မှု ခံရတဲ့ အခြေနေ ကွာတယ်လို့ လည်း ပြောပါတယ်။ ကလေးသူငယ်၊ သက်ကြီး ရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင် မိခင်တွေ အတွက် ကာကွယ်ဆေး ထိုးတာဟာ သင့်တော်ပေမယ့် သာမန် ကျန်းမာရေး ကောင်းတဲ့ လူငယ်လူလတ်တွေ အနေနဲ့ အခြေခံ ကျန်းမာရေး ဆိုင်ရာ ကာကွယ် စောင့်ရှောက်မှု တွေကို နားလည်ရင် ကူးစက်မှုနည်းပါးစေတယ်လို့ ပြောပါတယ်။

"လူထု ကျန်းမာရေး အတွက် အကောင်းဆုံး ကာကွယ်ရေးကတော့ လက်ကို ဆပ်ပြာနဲ့ သေသေချာချာ ခဏခဏ ဆေးပေးဖို့ပါ။ တကယ်လို့ ဆပ်ပြာနဲ့ ရေဆေးဖို့ လွယ်လွယ်ကူကူ မရနိုင်ရင် လက်ကို ပိုးသတ်ဆေးရည် လိမ်းပေးဖို့ပါ။ အထူးသဖြင့် အစားအသောက်ကို မကိုင်ခင်မှာ လက်ကို စင်ကြယ်အောင် လုပ်ပေးဖို့ပါ။ နှာခေါင်းနဲ့ ပါးစပ်တွေကို ပိတ်စည်းတာ တွေကတော့ လူနာနဲ့ ထိတွေ့သူတွေ၊ သူနာပြုတွေအတွက် ပိုကောင်းပါတယ်။"

ဒါ့အပြင် အခုလို H1N1 လို လူအချင်းချင်းကြားမှာ ဖြစ်စေ H5N1 လို ကြက်ငှက် နဲ့ တခြားတိရိစ္ဆာန်တွေ ကနေ တဆင့် ဖြစ်စေ ကူးစက်မှုတွေ ရှိနိုင်တာမို့ အထူး သတိထားကြဖို့ လည်း WHO က သတိပေးပါတယ်။

H1N1 ထိန်းချုပ်ရေး WHO နည်းနာအကူအညီပေးနေ
please wait

No media source currently available

0:00 0:05:14 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG