သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ ကျောက်စိမ်း ဘယ်သူ ရောင်းစား နေသလဲ


အစီရင်ခံစာ ရေးသူ လန်ဒန်အခြေစိုက် Global Witness အဖွဲ့ကြီးက Juman Kubba ။
အစီရင်ခံစာ ရေးသူ လန်ဒန်အခြေစိုက် Global Witness အဖွဲ့ကြီးက Juman Kubba ။

မြန်မာနိုင်ငံရဲ့ GDP အသားတင် ထုတ်လုပ်မှု တဝက်ကျော် အမေရိကန်ဒေါ်လာ ဘီလီယံ (၃၀)ကျော် ဝင်ငွေပဏာမရှိနေတဲ့ ကျောက်စိမ်းလုပ်ငန်းတွေကို ဘယ်သူတွေ ပိုင်ဆိုင်နေသလဲ ဆိုတာ အများပြည်သူ သိအောင် တရားဝင် ကြေညာပေးဖို့ Global Witness အဖွဲ့ကြီးက တိုက်တွန်း လိုက်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကြီးမားတဲ့နိုင်ငံတော် လျှို့ဝှက်ချက် ခေါင်းစဉ်နဲ့ ကချင်ပြည်နယ်က ကျောက်စိမ်းလုပ်ငန်းအကြောင်း ထုတ်ပြန်ထားတဲ့ အစီရင်ခံစာ အကြောင်းဆွေးနွေးပွဲကို ကြာသာပတေးနေ့က ဝါရှင်တန်ဒီစီမြို့တော်မှာ ကျင်းပခဲ့တာပါ။ ကိုယ်တိုင် တက်ရောက်သတင်းယူခဲ့တဲ့ မအင်ကြင်းနိုင်က အကြောင်းစုံကိုပြောပြမှာပါ။

ဒါကတော့ အစီရင်ခံစာရေးသူ လန်ဒန်အခြေစိုက် Global Witness အဖွဲ့ကြီးက Juman Kubba က နောက် တက်လာမယ့် အစိုးရအနေနဲ့ အရေးတကြီး ဆောင်ရွက်သင့်တဲ့ အချက်တွေကို ဗွီအိုအေကို ပြောသွားတာပါ။

"ဒီကျောက်စိမ်းလုပ်ငန်းနဲ့ ပတ်သက်ရင် အရေးတကြီး ဆောင်ရွက်သင့်တဲ့အချက် (၂)ချက်ရှိပါတယ်။ ပထမအချက်က ကျောက်စိမ်းလုပ်ငန်းကရတဲ့ဝင်ငွေတွေကို ထင်သာမြင်သာဖြစ်စေဖို့ ဘယ်ကုမ္ပဏီတွေ ပိုင်ဆိုင်နေသလဲဆိုတာ အများပြည်သူ သိအောင် တရားဝင်ကြေညာဖို့လိုပါတယ်။ ဘယ်သူတွေ ပိုင်သလဲဆိုတဲ့ အချက်အလက်တွေမသိရပဲ ဒီဝင်ငွေတွေ ဘယ်ရောက်သွားလဲဆိုတာ မသိနိုင်ပါဘူး။ နောက်တချက်က ငြိမ်းချမ်းရေးဆွေးနွေးရာမှာ အရေးပါတဲ့ သဘာ၀ သံယဇာတ အရင်းအမြစ် ခွဲဝေရေးကိစ္စ ထည့်သွင်းဆွေးနွေးရမှာပါ။ ပြည်သူတွေ လိုလားတဲ့ စစ်မှန်ပြီး ရေရှည်တည်တံတဲ့ ငြိမ်းချမ်းရေးရဖို့ ဘယ်ဆွေးနွေးပွဲမဆို ဒီအချက်ဟာ အဓိကဖြစ်ပါတယ်။"

မြန်မာနိုင်ငံမှာ စစ်အစိုးရလက်ထက်ကတည်းက အုပ်ချုပ်သူတွေရဲ့ လာဒ်စားမှုတွေကြောင့် ပြည်သူတွေခံစားခွင့်မရခဲ့တဲ့ သဘာ၀ အရင်းအမြစ်တွေက ရတဲ့ဝင်ငွေတွေထဲမှာ အခုလို ကျောက်စိမ်း လုပ်ငန်းကိုမှ ရွေးချယ်ပြီး စုံစမ်း အစီရင်ခံစာ ထုတ်ပြန်ရပါသလဲရှင့်။

"ကျမတို့အနေနဲ့ သဘာဝဓါတ်ငွေ့တူးဖေါ်မှုလုပ်ငန်းတွေ၊ လယ်ယာမြေသိမ်းဆည်းမှုတွေနဲ့ ပတ်သက်လို့လည်း စုံစမ်းမှုတွေလုပ်ပါတယ်။ အခုဒီကျောက်စိမ်းလုပ်ငန်းအကြောင်းကတော့ ကျမတို့အတွက် အလွန်ကို အရေးကြီးပါတယ်။ ကျမအရင်ကပြောထားသလို ဒီလုပ်ငန်းရဲ့ဝင်ငွေပမာဏဟာ အလွန်ကိုကြီးမားပြီး တနှစ်အတွင်းမှာတင် ဒေါ်လာ (၃၁)ဘီလီယံ ဝင်ငွေရှိနေပါတယ်။ ဒီငွေတွေဘယ်ရောက်သွားသလဲ၊ ဘယ်သူတွေ အကျိူးအမြတ် ရနေသလဲ စတာတွေ သိဖို့အရေးကြီးပါတယ်။ ဒါနဲ့ပတ်သက်လို့ ဘယ်သူမှ စုံစမ်းအစီရင်ခံတာမျိုး မလုပ်ခဲ့ပါဘူး။ ဒါကြောင့် လူတွေနားလည်ဖို့ ဒီကျောက်စိမ်းလုပ်ငန်းနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေသိအောင် စတင်ဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ ကျမတို့ မြင်ပါတယ်။"

အစီရင်ခံစာထဲက ငွေပမာဏ ကိန်းဂဏန်းတွေ ရဖို့ အချိန် တနှစ်ကျော်ကြာခဲ့ပြီး၊ အစိုးရက ထုတ်ပြန်ချက်တွေကို အတည်ပြုနိုင်ဖို့ သက်ဆိုင်ရာဝန်ကြီး ဌာနတွေကိုမေးမြန်းတာ၊ ကျောက်စိမ်းရောင်းရတဲ့ငွေစာရင်းတွေကို အတိအကျဖြစ်နိုင်အောင် ပြုစုတာ စတာမျိုးတွေကို လုပ်ဆောင်ခဲ့ရကြောင်း Juman Kubba ကပြောပါတယ်။

ကချင်ပြည်နယ်ဖားကန့်ဒေသက ကျောက်စိမ်းတူးဖေါ်ရေးလုပ်ငန်းကို အရှိန်အဟုန် နဲ့ နှစ်ပေါင်းများစွာ လုပ်ကိုင်လာတာကြောင့် သဘာ၀ ပတ်ဝန်းကျင် ကိုလည်း ထိခိုက်ခဲ့တယ် လို့ ဆွေးနွေးပွဲမှာ ပါဝင်တဲ့ မြစ်ကြီးနား အခြေစိုက် Kachin Developing Network Group က ကိုဆာဂျီးကလည်း ပြောပါတယ်။

"ဖားကန့်မှာ သိတဲ့အတိုင်းပါပဲ မူးယစ်ဆေးဝါးသုံးစွဲဖို့ မူးယစ်ဆေးဝါးရောင်းစားဖို့ တော့်တော့်ကို ဆိုးဝါးတာတွေရှိတယ်။ ဒါကိုတွေ့တယ် ဒါပေမဲ့ ဒေသခံအာဏာပိုင်တွေက ဖမ်းဆီးအရေးယူတာမရှိဘူး။ ဒါကြောင့်မို့ တချို့ အဲ့မှာရှိတဲ့ကချင်တချို့ ဘာသာရေးအဖွဲ့တွေ ဦးစီးဦးဆောင်ပြီးတော့မှ မူးယစ်ဆေးဝါးတားဆီးရေးအဖွဲ့ဆိုပြီး သူတို့ဘာသာ သူတို့ပြန်ပြီးတော့ ထူထောင်တဲ့ဟာတော့ရှိတာပေါ့ အခု။ နောက် တခြားလိင်မှုကိစ္စ လိင်ကျွန်လုပ်ငန်းတွေ တခြားလောင်းကစားမှု နောက် ကုမ္ပဏီကြောင့် လူသတ်တဲ့ဟာတွေ တမင်သပ်သပ် ကုမ္ပဏီဘက်က ဘက်ဖိုးလို့ခေါ်တဲ့ စက်ယန္တယားနဲ့သတ်တဲ့ဟာတွေ ရှိတယ်။ နောက်ပြီး မတော်တဆ ထိခိုက်မှုတွေရှိတယ်။ ဒီလူထုသွားတဲ့လမ်းတွေမှာ ကြီးမားတဲ့ စက်ယန္တယားကြီးတွေ ထရပ်ကားတွေ ဖြတ်သွားဖြတ်လာ သွားတဲ့အတွက် ဆိုင်ကယ်နဲ့သွားတဲ့လူကိုလည်း တိုက်တယ်။ လမ်းလျောက်တဲ့သူကိုလည်း တိုက်တယ် ဒါကြောင့် အက်ဆီးဒင့်တွေ မတော်တဆတွေ ခနခန ဖြစ်တယ်။"

နိုင်ငံတကာအဖွဲ့အစည်းကြီးတခုဖြစ်တဲ့ EITI (ခေါ်) သယံဇာတ ထုတ်ယူမှု ပွင့်လင်းမြင်သာမှု အဖွဲ့ဝင်အဖြစ် လျာထားခံထားရတဲ့ မြန်မာနိုင်ငံအနေနဲ့ ဒီကျောက်စိမ်းလုပ်ငန်း တူးဖေါ်တဲ့နေရာမှာ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်နေတယ်လို့ ကိုဆာဂျီးက ထောက်ပြပါတယ်။

Myanmar's "Big State Secret" Global Witness
Myanmar's "Big State Secret" Global Witness

Global Witness အဖွဲ့ကြီးရဲ့အစီရင်ခံစာ ထဲမှာတော့ မြန်မာ့ကျောက်စိမ်း လုပ်ငန်းမှာပါဝင်ပတ်သက်နေသူတွေဟာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ(အငြိမ်းစား)၊ အာဏာရကြံ့ခိုင်ဖွံဖြိုးရေးပါတီရဲ့အထွေထွေအတွင်းရေးမှုးဟောင်း ဦးမောင်မောင်သိန်း၊ ပြည်ထောင်စုဝန်ကြီးတဦးဖြစ်တဲ့ ဗိုလ်ချုပ်ဟောင်းအုန်းမြင့်၊ ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ ဒုဝန်ကြီး ဖုန်းဆွေတို့ဖြစ်တယ်လို့ဖေါ်ပြထားပါတယ်။

Myanmar's "Big State Secret"
Myanmar's "Big State Secret"

အကျိုးအမြတ်ရှိတယ် ဆိုနေတဲ့ အမည်စာရင်းတွေနဲ့ ပတ်သက်လို့မြန်မာ အစိုးရဘက်က သဘောမတူပေမဲ့ အစီရင်ခံစာနဲ့ ကိန်းဂဏန်း အချက်တွေ အခုလို ထုတ်ပေးနိုင်ခဲ့တဲ့အတွက် ချီးကျူးခဲ့ကြောင်း ပြောဆိုခဲ့ တယ်လို့ သူတို့ကြားသိခဲ့ရကြောင်း Juman Kubba က ပြောသွားပါတယ်။

XS
SM
MD
LG