သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝန်း လိင်ကတဆင့် ရောဂါကူးစက်မှုအန္တရာယ် WHO သတိပေး


ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO Geneva၊ Switzerland။
ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO Geneva၊ Switzerland။

ကမ္ဘာတဝန်းမှာ နေ့စဉ် လူပေါင်း တသန်းကျော်ဟာ ကုသလို့ရတဲ့ လိင်ပိုင်းဆိုင်ရာ ကူးစက်တတ်တဲ့ရောဂါတွေ ကူးစက်ခံနေကြရတယ်လို့ လေ့လာချက်အသစ်တခုမှာ တွေ့ရပါတယ်။ လိင်ဆက်ဆံရာကတဆင့် ကူးစက်တဲ့ရောဂါတွေဟာ အသက် ၁၅ နှစ်ကနေ ၄၉ နှစ်အရွယ် အမျိုးသား အမျိုးသမီးတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်နေတယ်ဆိုတာ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO ကထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေကပြနေပါတယ်။ WHO အစီရင်ခံစာထုတ်ပြန်တဲ့ ဂျီနီဗာမြို့ကနေ ဗွီအိုအေသတင်းထောက် Lisa Schlein ပေးပို့တဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

နှစ်စဉ်တိုင်းမှာ နောက်ထပ် လူပေါင်း ၃၇၆ သန်းကျော်ဟာ chlamydia, gonorrhea, trichomoniasis နဲ့ ဆစ်ဖလစ်တို့လို ရောဂါပိုးတွေ ကူးစက်ခံကြရတယ်လို့ WHO ကပြောပါတယ်။ ပျှမ်းမျှခြင်းအားဖြင့်ဆိုရင် လူ ၂၅ ယောက်မှာ ၁ ယောက်ဟာ အဲဒီ ရောဂါတွေထဲက အနည်းဆုံးတခုကို ကူးစက်ခံရပြီး တချို့ဆိုရင် တချိန်ထဲမှာ ရောဂါပိုးတခုထက်ပိုပြီး ကူးစက်ခံကြရတယ်လို့ WHO ကပြောပါတယ်။

ဒီလေ့လာချက်ကိုဦးဆောင်ပြီး အစီရင်ခံစာရေးသူကတော့ WHO ရဲ့ မျိုးဆက်ပွားကျန်းမာရေးနဲ့ သုတေသနဌာနက ကူးစက် ရောဂါဆိုင်ရာ ပညာရှင် Melanie Taylor ပါ။ ဒီကူးစက်ရောဂါတွေဟာ ပဋိဇီဝဆေးနဲ့ ကုသပျောက်ကင်းနိုင်တဲ့ ရောဂါတွေဖြစ် တယ်လို့ သူကပြောပါတယ်။ ဒါပေမယ့်လည်း ဒီရောဂါအများစုက ရောဂါလက္ခဏာမပြကြတာကြောင့် လူနာတွေက သူတို့မှာ ဒီရောဂါတွေရှိနေတယ်ဆိုတာကို မသိကြဘူးလို့ Melanie Taylor ကပြောပါတယ်။

“သူတို့မှာအန္တရာယ်ရှိနေတယ်ဆိုတာကို မသိကြတော့ ဆေးသွားမစစ်ကြသလို ကုသမှုခံယူဖို့လည်း မလုပ်ကြပါဘူး။ ဒါကြောင့် သူများကို ရောဂါကူးစေဖို့ အလားအလာက သိပ်များပါတယ်။ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ကို ရောဂါကူးစက်စေဖို့ အလားအလာရှိရုံသာမက ကိုယ်ဝန်ဆောင် မိခင်တွေကတဆင့် သူတို့ရဲ့ရင်သွေးတွေကို ကူးစက်နိုင်ခြေက အရမ်းကို မြင့်မားပါ တယ်။”

ဆစ်ဖလစ်ရောဂါ တမျိုးထဲနဲ့ကိုပဲ မိခင်ဗိုက်ထဲမှာသေဆုံးပြီးမှ မွေးလာတဲ့၊ မွေးပြီးပြီးချင်း သေဆုံးသွားတဲ့ ကလေးငယ်အရေ အတွက်ဟာ ၂၀၁၆ ခုနှစ်မှာ ၂ သိန်းနီးပါးရှိတာကြောင့် တကမ္ဘာလုံးမှာ ရင်သွေးငယ်သေဆုံးရတဲ့ အဓိကအကြောင်းရင်းတခု ဖြစ်သွားပါတယ်။

ဒီရောဂါပိုးတွေကူးစက်ထားပြီး ဆေးကုသမှုမခံယူဘူးဆိုရင် အာရုံကျောရောဂါ၊ နှလုံးရောဂါ၊ သားသမီးမရနိုင်တဲ့ရောဂါ၊ သားအိမ် ထဲမှာမဟုတ်ဘဲ နေရာလွဲပြီး သန္ဓေတည်တာနဲ့ HIV ရောဂါပိုး ကူးစက်ခံရဖို့ အလားအလာများတာတွေ အပါအဝင် ဆိုးရွားတဲ့ နာတာရှည်ရောဂါတွေ ရနိုင်တယ်လို့ WHO က သတိပေးပါတယ်။

ဒီရောဂါပိုးတွေ ကူးစက်ခံထားရတာကို လူသိရင် သိက္ခာကျစရာလို၊ ရှက်စရာလို သဘောထားတတ်ကြတာကြောင့်လည်း လိင် ဆက်ဆံရာကတဆင့် ကူးစက်တဲ့ရောဂါတွေ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်နေတာလို့ Taylor ကပြောပါတယ်။ လူတွေက သူတို့ရဲ့ လိင်ဆက်ဆံရေးဆိုင်ရာ နောက်ခံသမိုင်းကြောင်းကို ပွင့်ပွင့်လင်းလင်းပြောဖို့ တွန့်ဆုတ်ကြတာကြောင့် ရောဂါပိုး ကူးစက်ခံထားရ တာကို ဘယ်သူမှမသိဘဲ ဖြစ်သွားတတ်တယ်လို့ Taylor ကပြောပါတယ်။

“ဒါကြောင့် ဒီရောဂါပိုးတွေကို ပုန်းကွယ်နေတဲ့၊ ဆိတ်ငြိမ်တဲ့၊ အန္တရာယ်ကြီးတဲ့ ကပ်ရောဂါအဖြစ် ကျမတို့ လုံးဝ သတ်မှတ် ထားပါတယ်။ ဒီရောဂါပိုးတွေဟာ တကမ္ဘာလုံးမှာ၊ လူထုတွေကြားထဲမှာ၊ မိသားစုတွေထဲမှာ ကျားမဆက်ဆံရေးတွေမှာ ဆက်ဖြစ် နေဆဲရှိပြီး အားလုံးအတွက် အတော်လေးကို ထိခိုက်နစ်နာစေပါတယ်။”

လိင်ကတဆင့် ကူးစက်တဲ့ရောဂါတွေ ပြန့်ပွားရတဲ့ အဓိကအကြောင်းကတော့ အကာအကွယ်မယူဘဲ လိင်ဆက်ဆံတာကြောင့် ဖြစ်တယ်လို့ WHO ကပြောပါတယ်။ ကွန်ဒွမ်းအသုံးပြုတာနဲ့ လိင်ပိုင်းဆိုင်ရာ ကျန်းမာရေးပညာပေးတာတွေအပါအဝင် ဘေးရန် ကင်းတဲ့ လိင်ပိုင်းဆိုင်ရာ အလေ့အထတွေကတဆင့် ဒီရောဂါပိုးတွေ ကူးစက်မခံရအောင် ကာကွယ်တားဆီးနိုင်ပါတယ်လို့ WHO ကပြောပါတယ်။

ကမ္ဘာတဝန်း လိင်ကတဆင့် ရောဂါကူးစက်မှုအန္တရာယ် WHO သတိပေး
please wait

No media source currently available

0:00 0:03:33 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG