သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ရောဂါ ကုသရေး ဆေး ၃ မျိုးနဲ့ စမ်းသပ်မည် (WHO အကြီးအကဲ)


WHO အကြီးအကဲ Tedros Adhanom Ghebreyesus
WHO အကြီးအကဲ Tedros Adhanom Ghebreyesus

ကိုဗစ်ရောဂါကို ကုသရာမှာ တခြားရောဂါတွေအတွက် အသုံးပြုနေတဲ့ ဆေး ၃ မျိုးကို စတင်စမ်းသပ်ကြည့်ဖို့ ပြင်ဆင်နေကြောင်း (WHO) ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ပြောလိုက်ပါတယ်။ ကိုဗစ်ရောဂါကို ကုသဖို့ နည်းလမ်းသစ်တွေ ရှာဖွေနေရာမှာ ပြင်းထန်တဲ့ ငှက်ဖျားရောဂါအတွက် အသုံးပြုတဲ့ artesunate တချို့ကင်ဆာရောဂါတွေအတွက် သုံးတဲ့ imatinib နဲ့ ခန္ဓာကိုယ်တွင်း ခုခံအားစနစ် ပုံမှန်မဟုတ်တဲ့ ရောဂါတွေအတွက်သုံးတဲ့ infliximab ဆေး ၃ မျိုးကို စမ်းသပ်မှာဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ ရုံးချုပ်မှာ ကျင်းပတဲ့ အွန်လိုင်း သတင်းစာ ရှင်းလင်းပွဲမှာ WHO အကြီးအကဲက ပြောလိုက်တာပါ။

“အလားအလာရှိတဲ့ ကုထုံးတွေအတွက် အချက်အလက် အထောက်အထားတွေကို ဆန်းစစ်လေ့လာရတဲ့ သီးခြားလွတ်လပ်တဲ့ ကျွမ်းကျင်သူ အဖွဲ့က ဒီဆေးတွေကို ရွေးချယ်ခဲ့တာပါ။” လို့ WHO ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus ပြောသွားတာပါ။

Solidarity PLUS လို့ အမည်ပေးထားတဲ့ စမ်းသပ်လေ့လာမှုမှာ နိုင်ငံပေါင်း ၅၂ နိုင်ငံက ဆေးရုံပေါင်း ၆၀၀ ကျော်မှာ ထောင်နဲ့ချီတဲ့ သုတေသီတွေ ပါဝင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ သုတေသန လေ့လာမှုမှာ ပူးပေါင်းပါဝင်ကြတဲ့ အစိုးရတွေ၊ ဆေးရုံတွေ၊ သုတေသီတွေနဲ့ လူနာတွေအပြင် စမ်းသပ်မှုအတွက် ဆေးဝါးတွေ လှူဒါန်းကြတဲ့ ဆေးကုမ္ပဏီ ၃ ခုဖြစ်တဲ့ Ipca Laboratories, Novartis နဲ့ Johnson & Johnson တို့ကိုလည်း WHO အကြီးအကဲက ကျေးဇူးတင်စကား ပြောကြားခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်ထဲ အလားအလာရှိတဲ့ ကိုဗစ်ရောဂါ ကုထုံး ၄ ခုကို နိုင်ငံပေါင်း ၃၀ က ဆေးရုံပေါင်း ၅၀၀ ကျော်မှာ လူနာ ၁၃၀၀၀ ကို စမ်းသပ်ခဲ့ရာမှာတော့ ကနဦးရလဒ်တွေအရ ထိရောက်မှုရှိတာ မတွေ့ရပဲ နောက်ဆုံး ရလဒ်တွေကိုတော့ ရှေ့လထဲလောက်မှာ သိရလိမ့်မယ်လို့လည်း ပြောပါတယ်။ ကမ္ဘာတဝန်း ကိုဗစ်ရောဂါကူးစက်သူ သန်း ၁၀၀ ပြည့်ခဲ့ပြီး ၆ လ အကြာ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ သန်း ၂၀၀ အထိ တိုးလာချိန်မှာ ကုထုံးသစ်တွေရှာဖို့ ပြင်ဆင်နေတာလို့လည်း WHO အကြီးအကဲက ပြောပါတယ်။

------------------------------






XS
SM
MD
LG