သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆေးလိပ်မှောင်ခို တိုက်ဖျက်ရေး နိုင်ငံ ၁၇၀ကျော် သဘောတူ


ဆေးလိပ်အရောင်းဆိုင်တဆိုင် မြင်ကွင်း။
ဆေးလိပ်အရောင်းဆိုင်တဆိုင် မြင်ကွင်း။
တရားမဝင် ဆေးလိပ် ကူးသန်းရောင်းဝယ်ရေးကို လျှော့ချနိုင်မယ့် နိုင်ငံတကာ သဘောတူညီချက် တရပ်ကို နိုင်ငံပေါင်း ၁၇၀ ကျော် သဘောတူလိုက်ကြပါပြီ။ အစိုးရ ကိုယ်စားလှယ်တွေ၊
နိုင်ငံတကာ အဖွဲ့အစည်းတွေ တနလာၤနေ့က တောင်ကိုးရီးယား နိုင်ငံ ဆိုလ် မြို့တော်မှာ ပြုလုပ်တဲ့ တွေ့ဆုံဆွေးနွေးပွဲမှာ တညီတညွတ်တည်း အတည်ပြုလိုက်ကြတာ ဖြစ်ပါတယ်။

ဒီ ပဋိညာဉ် အရ ဆေးလိပ် ဘူးတိုင်းမှာ ဖယ်ရှားလို့ မရတဲ့ ကုန်ပစ္စည်းဆိုင်ရာ အချက်အလက် မှတ်တမ်းစနစ် Tracking Code ထည့်ရတော့မယ့် ကမ္ဘာ့ စနစ်တခု ထွက်ပေါ်လာပါတယ်။ ဒီ စနစ်အရ ဆေးလိပ် ထုတ်ကုန်တွေကို တုပထုတ်လုပ်သူတွေ၊ ဖြန့်ချိသူတွေကို ခြေရာခံနိုင်ဖို့ကလည်း ပိုပြီးလွယ်ကူစေမှာ ဖြစ်ပါတယ်။

ဒီ ပဋိညာဉ်ဟာ သိပ်ကို ရှုပ်ထွေးလှတဲ့ နိုင်ငံတကာ ရာဇဝတ်မှု တခုကို ခြေရာခံနိုင်ဖို့နဲ့ နောက်ဆုံး အမြစ်ပြတ် ချေမှုန်းနိုင်ဖို့ အတွက် အမှန်တကယ် ထိရောက်တဲ့ ယန္တရား တခု ဖြစ်ပါတယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ရဲ့ ညွှန်ကြားရေးမှူးချုပ် Margaret Chan က ပြောဆိုပါတယ်။

ဆိုလ်းမြို့တော်မှာ ကျင်းပတဲ့ ဆေးလိပ်ထိန်းချုပ်ရေး မူဘောင်ချမှတ်ခြင်း ဆိုင်ရာ ညီလာခံ အဖွင့်မိန့်ခွန်းမှာ သူမက အခုလို ပြောဆိုသွားတာ ဖြစ်ပါတယ်။ ဝယ်ယူသုံးစွဲနေတဲ့ ဆေးလိပ် ၁၀ ပုံ တပုံဟာ တရားမဝင် လမ်းကြောင်းက ဝင်ရောက်လာတာ ဖြစ်ပြီး ဒီအတွက် အစိုးရတွေ အနေနဲ့ နှစ်စဉ် အခွန် ဒေါ်လာ ဘီလီယံ ၄၀ ကျော်လောက် နစ်နာနေရတယ်လို့လည်း WHO က ခန့်မှန်းထားပါတယ်။ အခု သဘောတူညီချက် အသက်ဝင်လာဖို့ အတွက်ကတော့ နိုင်ငံပေါင်း ၄၀ က အတည်ပြုဖို့ လိုအပ်နေပါသေးတယ်။
XS
SM
MD
LG