သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အစိုးရအဖွဲ့ ဘယ်သူတွေ ပါဝင်လဲ


ဒီကနေ့ ပြည်ထောင်စု လွတ်တော်မှာ ဝန်ကြီးဌာန ၂၁ ခုအတွက် အမည်စာရင်းတွေကို ရွေးကောက်ခံ သမ္မတက အဆိုပြုလိုက်ချိန်မှာပဲ၊ ပြည်ထောင်စုဝန်ကြီး ရွေးခြယ်ထားခံရသူတွေအနေနဲ့ သူတို့တာဝန်ယူချိန် အဓိကထား ဘာတွေ လုပ်မလဲဆိုတာကို ဗွီအိုအေ သတင်းထောက် ကိုထက်အောင်က ဆက်သွယ်မေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် စုစုပေါင်း ၁၈ ဦးကို ပြည်ထောင်စုဝန်ကြီးတွေအဖြစ် ရွေးကာက်ခံ သမ္မတ ဦးထင်ကျော်က ပြည်ထောင်စု လွတ်တော်မှာ ဒီကနေ့ အဆိုပြုလိုက်ပါတယ်။ လက်ရှိအချိန်ထိ ဘယ်သူက ဘယ်ဝန်ကြီးဌာနအတွက် တာဝန်ယူလုပ်ဆောင်သွားမလဲဆိုတာနဲ့ ပတ်သတ်လို့ တာဝန်ရှိသူတွေက အတည်ပြု ပြောကြာ းထားခြင်း မရှိပေမယ့်လည်း ဝန်ကြီးစာရင်းထဲမှာ ပါဝင်တဲ့ သူအများစုကတော့ သူတို့အနေနဲ့ ဘယ်ဝန်ကြီးဌာနတွေမှာ တာဝန်ယူပေးဖို့ ကမ်းလှမ်းခံရတယ်ဆိုတာတွေကို ဗွီအိုအေကို အတည်ပြု ပြောထားပါတယ်။ ပြည်ထောင်စု ဝန်ကြီးနာမည် စာရင်းတွေထဲမှာ ပါဝင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီက လွတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝင်းမြတ်အေးက လူမှုဝန်ထမ်းနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအတွက် ကမ်းလှမ်းခြင်း ခံထားရတဲ့သူပါ။ သူ့ကို ဒီဝန်ကြီးဌာနအတွက် တာဝန်ပေးအပ်ခြင်းခံရမယ်ဆိုရင် သဘာဝဘေးအန္တရာယ် နဲ့ပတ်သက်လို့ ကြိူုတင်ကာကွယ်ရေး လုပ်ငန်းစဉ်တွေကို အဓိကထားလုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

“ကျနော်တို့က လူမှုဝန်ထမ်းနဲ့ ပြန်လည်နေရာချထားရေးအဲဒီဝန်ကြီးဌာနလေ။ ဘာတွေလုပ်ဆောင်မလဲဆိုတော့ ပြည်သူ့အကျိုးထိထိရောက်ရောက်ဖြစ်အောင်လုပ်ရမယ်။ ကျနော်တို့ဌာနက တကယ်တမ်းဆိုလို့ရှိရင်တော့ Disaster တွေနဲ့ ဥပမာအားဖြင့် သဘာဝဘေးအန္တရာယ်တွေပေါ့ ကျရောက်လာတဲ့အခါမှာ အဓိက ပတ်သက်လို့ ဒီပြင်ဆင်မှုအပိုင်းမှာ ကျနော်တို့ နည်းနည်းလေးပိုပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့လိုတယ်လို့ ယူဆတယ်။ ကြိုတင်ကာကွယ်တဲ့အပိုင်းတွေပေါ့နော်။ ပြည်သူတွေ awareness ရအောင်လုပ်တဲ့ကိစ္စပေါ့နော်။ ပြည်သူတွေတကယ်တမ်း လိုက်ပါဆောင်ရွက်နိုင်အောင်။ အဲတော့ ဒါမျိုးတွေကို ကျနော်တို့ ဦးစားပေးပြီးတော့ ဆောင်ရွက်မှာပေါ့နော်။”

သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနအတွက် လျာထားခြင်း ခံထားရတဲ့ ပြည်ထောင်စု ကြံခိုင်ဖွံဖြိုးရေးပါတီက သူရ ဦးအောင်ကိုကတော့ သူလုပ်ဆောင်မယ့်အကြောင်းအရာတွေနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“ရဟန်းသာမဏေတွေအတွင်းမှာလည်း ဗုဒ္ဓသာသနာကို ဆက်လက်ထိန်းသိမ်းဖို့ နောက်ပြီးတော့လည်း လိုအပ်တဲ့ ဝိနည်း စည်းကမ်းတွေလိုက်နာဖို့ အခြား ကျန်တဲ့ ဘာသာတွေနဲ့ သဟဇာတရှိအောင် ဆက်ပြီးတော့မှ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်ကူညီဆောင်ရွက်ဖို့ ဆိုတာတွေက တကယ်တော့ တာဝန်ယူထားပါတယ်။ အဲဒီတော့ အဲဒီလုပ်ငန်းတွေကို ရှေ့ဆက်လုပ်နိုင်ဖို့အတွက်ကို လက်ခံ နေပြီဖြစ်ပါတယ်။ ယုံကြည်မှု အပြည့်အဝရှိပါတယ်။ သာသနာရေးဒုတိယ ဝန်ကြီးအနေနဲ့ ယနေ့ထိ လုပ်ခဲ့တာဖြစ်တာကြောင့် နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားကို အစွမ်းကုန်ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ ဒီထက်လည်း ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ကျနော့်အနေနဲ့ စကားလက်ဆောင်ပါးလိုပါတယ်။”

အမျိုးသား စီမံကိန်းနဲ့ ဘဏ္ဏရေး ဝန်ကြီးဌာနအဖြစ် လျာထားခြင်း ခံထားရတဲ့ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းကတော့ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေ ဖွံဖြိုးတိုးတက်ဖို့အတွက် ကြိုးစားဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

“အဲဒါက ဦးစားပေးလုပ်ရမယ့် လုပ်ငန်းထဲမှာ ပါပါတယ်။ မြန်မာနိုင်ငံ တနိုင်ငံလုံးမှာ ပြန့်နှံ့ပြီးတော့ ရှိနေတာလေ။လုပ်ငန်းကလည်းမျိုးစုံရှိတယ်။ မြန်မာနိုင်ငံ တနိုင်ငံလုံးမှာ ရှိတော့ နိုင်ငံတော်ကို balance ပေါ့နော်။လိုက်ညှိပြီးတော့ တိုးတက်အောင်လုပ်မယ် ၊ Nation wide ပေါ့နော် တနိုင်ငံလုံးအတိုင်းအတာနဲ့လုပ်မယ်။ အဲလိုမျိုးလုပ်မယ်ဆိုရင် SME ကိုဆရာတို့ မကိုင်လို့ကို မဖြစ်တော့ဘူးပေါ့နော်။ SME ကို ကိုင်တဲ့အခါကျရင်လည်း ဒါက သေချာလုပ်ရမယ့် လုပ်ငန်းစဉ်တွေဆိုတော့ ဆရာတို့ စဉ်းစားထားတာရှိပါတယ်။ ဆိုတော့ SME ဟာ ဆရာတို့ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်တဲ့အခါမှာ သူက ဦးစားပေးထဲမှာ ပါမှာပါ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းမြင့်ဟာ စီးပွားရေနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီးအဖြစ်ကမ်းလှမ်းခြင်းခံထားသူဖြစ်တဲ့အတွက် သူလုပ်ဆောင်မယ့် အရာတွေနဲ့ ပတ်သက်လို့ ဗွီအိုအေကို အခုလိုပြောပါတယ်။

“အဓိကတော့ ပြည်တွင်းမှာတော့ ကျနော်တို့က ချက်ချင်းလက်ငင်းကတော့ ကျနော်တို့ ကုန်သွယ်မှု ၊ စီးဆင်းမှု မှန်ကန်ရေးနဲ့ မြန်ဆန်ရေးပေါ့ဗျာ၊ ပုံမှန်ဖြစ်ရေးပေါ့လေ။ နောက်တခုက ကျနော်တို့က import ၊ export ပေ့ါဗျာ ကျနော်တို့က ပို့ကုန်မှာ ကျနော်တို့က import နဲ့ နှိုင်းရင် ကျနော်တို့က နည်းနေတဲ့အခါကျတော့ trade deficit က ရှိထားတယ်။ ရှိထားတော့ import ကတော့ နိုင်ငံခြား ကုန်သွယ်တွေအများစုနဲ့ ပြည်တွင်းက စက်မှုလုပ်တာက ဝင်တာပေါ့ဗျာ။ တဖက်က ပို့ကုန်မှာလည်း ဘာပဲ ဖြစ်ဖြစ်ပေါ့ ပို့ကုန်တိုးတက်ရရှိရေးနဲ့ Trade group ကိုလည်း ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံမျိုးစုံကို ရောက်ဖို့တော့ ကျနော်တို့က ကြိုးစားရမှာပေါ့ဗျာ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကာလုံလို့ လူသိများတဲ့အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ထဲမှာ ပါတဲ့ နိုင်ငံခြားရေး ဝန်ကြီးအပြင် သမ္မတရုံး ဝန်ကြီး၊ ပညာရေး ဝန်ကြီးနဲ့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးတွေအဖြစ် တာဝန်ယူ ဆောင်ရွက်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း ပါတီရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်ဒေါက်တာဇော်မြင့်မောင်ကတော့ ဒါနဲ့ ပတ်သတ်လို့ အတည်ပြု ပြောကြားထားခြင်း မရှိပါဘူး။ ဒါပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ထောင်စု ဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်း ခံရရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ နုတ်ထွက်ပေးရမှာဖြစ်သလို ပါတီရဲ့ နိုင်ငံရေး လုပ်ရှားမှုတွေကိုလည်း ပါဝင်ဆောင်ရွက်ခွင့် ရတော့မှာ မဟုတ်ပါဘူး။ ဒီကနေ့ အဆိုပြုထားတဲ့ ဝန်ကြီးတွေကို ကန့်ကွက်တဲ့ လွတ်တော်ကိုယ်စားလှယ် မရှိဘူးဆိုရင် မတ်လ ၂၄ ရက်နေ့မှာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေအတွက် ဝန်ကြီးတွေအဖြစ် အတည်ပြု တော့မှာ ဖြစ်ပါတယ်။

XS
SM
MD
LG