သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူ့လွှတ်တော်ဥက္ကဌ ဘယ်သူဖြစ်လာမလဲ


ပြည်သူ့လွှတ်တော်
ပြည်သူ့လွှတ်တော်

သမ္မတ ဦးထင်ကျော် ရာထူးကနေ နုတ်ထွက်လိုက်တဲ့ ဒီနေ့မှာပဲ၊ လွှတ်တော်မှာလည်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က တာဝန်ကနေ နုတ်ထွက်လိုက်ပြန်ပါတယ်။ ဒါကြောင့် လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ဟာ လစ်လပ်နေတဲ့ သမ္မတ တာဝန် ယူလာနိုင်တယ် လို့ တွက်ဆမှုတွေ ရှိနေပါတယ်။ တချိန်တည်းမှာ လွှတ်တော်အတွင်းမှာ လည်း ဦးဝင်းမြင့်နေရာမှာ ဘယ်သူကို အစားထိုးမလဲ တွက်ဆမှုတွေရှိနေပါတယ်။ မအိသန့်စင်က ပြောပြမှာပါ။

ကြံခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီက ကျောင်းကုန်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းကတော့ အခု အစားထိုးရွေးချယ်ရမယ့် ပြည်သူ့လွှတ်တော် ဥက္ကဌ နေရာဟာ နောက်နှစ်နှစ် သက်တမ်းမှာ ပြည်ထောင်စုလွှတ်တော် နာယကတာဝန်ကိုပါ ယူရမှာမို့ ၊ တာဝန်ကြီးတဲ့ ရာထူးလည်းဖြစ်တယ်လို့ ဆိုပါတယ်။

"ဟိုဘက်ကတော့ သမ္မတကြီးနုတ်ထွက်တယ် ၊ဒီဘက်ကတော့ ဦးဝင်းမြင့်နုတ်ထွက်တယ်ဆိုတော့ ဒါကပြေးမလွတ်ဘူး ဒါပဲ ဖြစ်မှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ နံပတ် ၅ အဆင့်လောက်က နုတ်ထွက်တယ်ဆိုတော့ စဉ်းစားကြည့်လေ ကျန်မာရေးကြောင့်လဲမဟုတ်ဘူးဆိုတော့ ဒါသည် ကြိမ်းသေ သမ္မတဖြစ်မှာ ဒါကတော့ ယုံကြည်ပြီးသားပဲ။ သမ္မတပိုင်းကတော့ ပြောရင်တော့ ဦးထင်ကျော် နဲ့ ပတ်သက်ပြီး ကျန်းမာရေးအရသော်လည်းကောင်း ၊ အသက်အရွယ်အရသော်လည်းကောင်း ၊ အတွေ့အကြုံအရသော်လည်းကောင်း ဦးဝင်းမြင့်က ကောင်းကောင်းလုပ်နိုင်မယ်လို့ ကျနော်တို့ ယူဆပြီးသား။ ဒီဘက်ကတော့ လွှတ်တော်ရဲ့ ထိန်းကျောင်းမှု အပိုင်းကတော့ နည်းနည်းလေး အားနည်း သွားနိုင်မယ့် သဘောရှိတယ်။ အတွေ့အကြုံအရကတော့ ဦးဝင်းမြင့်က လောလောဆယ် ၂ နှစ်တာဝန်ယူပြီးပြီ။ နောက်တချက်ပြန်စဉ်းစားတာက နာယကအနေနဲ့ လုပ်ဖို့ နာယက က ပိုပြီးတာဝန်ကြီးသွားပြီ။ နောက်ပြီးအစိုးရ သက်တမ်းရဲ့ ဟိုဘက် တဝက်ဆိုတော့ နိုင်ငံတော်ရဲ့စွမ်းဆောင်မှုတွေကို ပြည်သူတွေကို ပြရမယ့်အပိုင်းဖြစ်နေတယ်။ ဆုံးဖြတ်ချက်သည် မှန်ရမယ် နာယက Level ကမြင့်တဲ့အတွက်ကြောင့် အဲဒီမှာလည်း ကျနေ်ာတို့ တချက်စဉ်းစားရမယ်။ ဒါကြောင့် တကယ့် Bright ဖြစ်မယ့်လူကို ကျနော်စီကြည့်တာပေါ့လေ။ အမျိုးသမီးထဲမှာတော့ ၂ ယောက်ရှိတယ် ဒေါက်တာ မေဝင်းမြင့်က ပိုပြီးတော့ သြဇာသက်ရောက်မှုရှိနိုင်တယ်။ အမျိုးသားထဲမှာတော့ တကယ်တမ်း သူတို့ပေးမယ်ဆိုရင်တော့ ဥပဒေကြမ်းကော်မတီဥက္ကဌ ဦးထွန်းထွန်းဟိန်၊ သူသည် experience အရဆိုရင်တော့ in service နည်းလိမ့်မယ် ပြင်ပမှာပဲ လှုပ်ရှားနေတဲ့အတွက်ကြောင့် သူသည် ဥပဒေပညာရပ် သွားတယ်။ တကယ်လို့များတင်ခဲ့ရင် ဒေါက်တာလှမိုးလို လူငယ်လိုထက်တဲ့ဟာမျိုးကိုပဲ သူတို့ train လုပ်ပြီးတော့ တင်မလား အဲဒါလေးတွေ ကျနော်တို့ စဉ်းစားတယ်။ကျနော်ကတော့ အဲလောက်ပဲ မြင်တယ်"

ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် တဦးဖြစ်တဲ့ ဦးကျော်စိုးလင်းကတော့ NLD ပါတီ အများစုလွှမ်းမိုးထားတဲ့ လွှတ်တော်အတွင်း လွှတ်တော်ဥက္ကဌအနေနဲ့သူ့တာဝန်ကို ကျေကျေပြွန်ပြွန်သာ ထမ်းဆောင်နိုင်မယ်ဆိုရင် ဥပဒေပြုမဏ္ဍိုင်ဖက်မှာ စိုးရိမ်စရာမရှိဘူး လို့ မြင်ပါတယ်။

"ကျတော်တို့ လွှတ်တော်ဥက္ကဌကြီး ဦးဝင်းမြင့်ကဆိုရင် ဒီ ၉၀ ရွေးကောက်ပွဲ နောက် ပြီး ၂၀၁၂ ကနေပြီးတော့ ၂၀၁၅ မှာ ရွေးချယ်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်တယ်။ လွှတ်တော်အတွေ့အကြုံအရ လည်း ရင့်ကျက်ပြီးသား သူတယောက်ဖြစ်တယ်။ ဒီလွှတ်တော်ရဲ့ သဘောသဘာဝကိုလည်း နိုင်နင်းပြီးသား သူတယောက်ဖြစ်တယ်။ သူ့အနေနဲ့ လည်း လွှတ်တော်တလျောက်လုံးမှာ နိုင်နိုင်နင်းနင်းနဲ့ ထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်။လွှတ်တော်ဥက္ကဌကြီး ထွက်သွားသော်လည်း မိမိရဲ့ ကျရာ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်မယ်ဆိုရင် ကျနော်တို့ ဥပဒေပြုရေး မဏ္ဍိုင်သိပ်ပြီးတော့ တိမ်းစောင်းသွားစရာအကြောင်းမရှိပါဘူး။"

ဦးဝင်းမြင့်အနေနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌနေရာကနေ နုတ်ထွက်တာ ဘာကြောင့်လဲ ဆိုတာကိုလည်း အကြောင်းပြချက် ထုတ်ပြန်တာမရှိပါဘူး။ လစ်လပ်သွားတဲ့ ပြည်သူ့လွှတ်တော်နေရာ ကိုတော့ မနက်ဖြန် ကြာသပတေးနေ့မှာ ရွေးချယ်မှာ ဖြစ်ပါတယ်။ အခုလို သမ္မတနဲ့ လွှတ်တော်ဥက္ကဌအပြောင်းအလဲတွေနဲ့ပတ်သက်လို့ အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ အများပြည်သူကို တရားဝင် ထုတ်ပြန်ရှင်းလင်း တာမျိုး ဘာမှ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG