သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချန်ပီယံလိဂ် ဗိုလ်လုပွဲ ဘယ်သူနိုင်ခြေများ


UEFA
UEFA

ဒီနေ့ညသန်းကောင်အချိန် ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့မှာ ယှဉ်ပြိုင် ကစားကြမယ့် UEFA ချန်ပီယံလိဂ် ဗိုလ်လုပွဲကို မြန်မာပရိသတ်ကလည်း အားတက်သရော စောင့်ကြည့်နေကြပြီး သမိုင်းကြောင်းနောက်ခံအရ အင်္ဂလိပ်ကလပ်အသင်းဖြစ်တဲ့ လီဗာပူးလ်ကို အနိုင်ရစေချင်ပေမယ့် စပိန်ကလပ်အသင်းဖြစ်တဲ့ ရီးယဲလ်-မက်ဒရစ် အသင်းက အလားအလာပိုကောင်းနိုင်ကြောင်း မြန်မာ-အားကစား ကလောင်ရှင်တချို့နဲ့ ဘောလုံးဝါသနာရှင်တွေက သုံးသပ်နေကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

မြန်မာစံတော်ချိန် စနေည သန်းကောင် ၁ နာရီ ၁၅ မိနစ်လောက်မှာ ဥရောပထိပ်သီး ဘောလုံးကလပ်အသင်း ၂ သင်းဖြစ်တဲ့ လီဗာပူးလ်နဲ့ ရီးယဲလ်မက်ဒရစ်တို့ ၂၀၁၈ ခုနှစ်အတွက် UEFA ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ကိယက်ဗ်မြို့မှာ ဆင်နွှဲကြမှာ ဖြစ်ပါတယ်။

နှစ်သင်းစလုံးမှာ တိုက်စစ်မှူးကောင်းတွေနဲ့ ဝါရင့် ကစားသမားတွေ ရှိနေတာကြောင့် ဒီပွဲဟာ အကြိတ်အနယ်ဖြစ်တယ်လို့ ဥရောပဘောလုံးပွဲ တွေကို မပြတ်စောင့်ကြည့်နေတဲ့ အားကစားဝါသနာရှင် ကိုအောင်သစ်လွင်က ပြောပါတယ်။

“ကျနော်ကကျတော့ ရီးယဲလ်ကို ပိုသဘောကျတယ်။ ဘာကြောင့်လဲဆိုတော့ ပွဲတပွဲလုံးကို အဖြေချက်ချင်းပြောင်းပေးနိုင်တဲ့ ကစားသမားတွေ အများကြီး ရှိလို့လေ။ လီဗာပူးလ် ကျတော့ သူက လက်ရှိ ပရီးမီးယားလိဂ် ခြေစွမ်းမှာတင်သူက သိပ်အားမကောင်းဘူးလေ။ နံပါတ် ၄ နဲ့ သူဝင်သွားတယ်ပေါ့။ ဒါပေမယ့် သူ့ထူးခြားမှုက ဒီချန်ပီယံလိဂ်မှာသူက တပွဲထိုး အရမ်းကောင်းတာ”

ချန်ပီယံလိဂ်ဖလားကို ၁၂ ကြိမ်ရထားဖူးတဲ့ ရီးယဲလ်အသင်းဟာ ပြီးခဲ့နောက်ဆုံး ၂ကြိမ်မှာ ဆက်တိုက်ဗိုလ်စွဲခဲ့တာကြောင့် ဒီနှစ်မှာလည်း အနိုင်ရအောင် ကစားမယ့် အလားအလာတွေ မြင်နေရကြောင်း အားကစားကလောင်ရှင် ဦးမြတ်သက်က ပြောပါတယ်။

“ ၂ ချက်ပေ့ါခင်ဗျ ။ တစ်က အစဉ်အလာနဲ့ လူအင်အားပေါ့လေ .. အဲဒါကို ကြည့်လိုက် ရင်တော့ ဟိုလီဗာပူးလ်က ရီးယဲလ်ကို ယှဉ်လို့ မရပါဘူး။ နောက် လူချင်းအရဆိုရင်လည်း ဘယ်လိုပဲ လီဗာပူးလ်က MSF တိုက်စစ်ပေါ့ဗျာ .. ဟာနေးတို့ ဆာဝါတို့ ဖီလီယိုတို့ ဘယ်လိုပဲ ကောင်းတယ်ပြောပြော .. လူအင်အား တောင့်တင်းတာ တိုက်စစ်အားသန်တာ နောက်အတွေ့အကြုံများပြီး တကယ့်မိုးထဲရေထဲမှာ တည်တည်ငြိမ်ငြိမ် ကစားနိုင်တာက ရီးယဲလ်က ပိုကစားနိုင်တယ်ဗျ ။ လီဗာပူးလ်က သူဖြတ်သန်းခဲ့တာတွေကို ကြည့်လိုက်ရင် ပြိုင်ဘက်က ဖိအားရှိလာရင် သူတို့ပျာတယ်။ နောက် နည်းပြကိုယ်တိုင် လည်း ပျာတယ်။ ပျာပြီးတော့ အမှားအယွင်းတွေ ရှိတတ်တယ်။ အဲဒီတော့ ကြိုက်တာကတော့ လီဗာပူးလ်ပါ ဒါပေမယ့်မြေပြင် အခြေအနေအရဆိုရင် ရီးယဲလ်ကသာပါတယ်။ ရီးယဲလ်ပဲ (၁၃) ကြိမ်မြောက် ဗိုလ်စွဲသွားဖို့ များပါတယ်။”

ဘောလုံးအသင်းတွေနဲ့ပတ်သက်ရင် မြန်မာနိုင်ငံမှာ အင်္ဂလိပ်ကလပ်အသင်းတွေကို မြန်မာ ပရိသက်က ပိုကြိုက်လေ့ရှိပြီး မန်ယူ၊ ချယ်လ်စီးနဲ့ လီဗာပူးလ် အသင်းတွေကို အားပေးတတ်လေ့ရှိပါတယ်။ ဒါပေမယ့်လည်း စပိန်ချန်ပီယံကလပ်အသင်းဖြစ်တဲ့ ရီးယဲလ်-မက်ဒရစ် အသင်းက အလားအလာပိုကောင်း နေတယ်လို့ အားကစားဝါသနာရှင် ကိုဉာဏ်ဝင်းရှိန်က ပြောပါတယ်။

“ရီးယဲလ်-မက်ဒရစ်က သူက အရင် ၂ နှစ်မှာလည်း ဗိုလ်လုပွဲရောက်ပြီး ဗိုလ်စွဲခဲ့ တယ်ပေါ့ နော်။ ဒီနှစ်မှာလည်း သူထပ်ပြီးဗိုလ်စွဲရင် ၃ကြိမ် ဖြစ်သွားမှာပေါ့။ ဘာပဲပြောပြော ဒီတခေါက်မှာလည်း သူပဲ ဗိုလ်စွဲမယ်လို့ ကျနော်ထင်တယ်။ ပြီးတော့ ကစားသမိုင်းပိုင်းမှာ ဆိုလည်း စီရော်နယ်လ်ဒိုပေါ့။ စီရော်နယ်လ်ဒိုက သူ့ရဲ့ လက်ရှိ အကောင်းဆုံး အနေ အထား လို့ပဲ ပြောလို့ရတာပေါ့။ ဒီနှစ်မှာဆိုလည်း သူယူမယ်ဆိုရင် ဖလားထပ်ရမယ် ဆိုရင်လည်း သူ့တွက် အောင်မြင်မှု တခု ထပ်ရမယ်ပေါ့။ လက်ရှိအနေအထားတွေအရ ကစားသမား စုဖွဲ့မှုပိုင်းမှာဆိုရင် ရီးယဲလ်-မက်ဒရစ်က လီဗာပူးလ်ထက် သာတာပေါ့နော့။”

မြန်မာပရိတ်သတ်ဟာ သမိုင်းကြောင်း ဆက်နွှယ်မှုအရ အင်္ဂလိပ်ကလပ် ဘောလုံး အသင်းတွေကို ပိုအားပေးလေ့ရှိကြောင်း အားကစား ကလောင်ရှင် ဦးမြတ်သက်က ပြောပါတယ်။

“ဆိုတော့ ကျနော်တို့က အင်္ဂလိပ်ကျွန်ဖြစ်ခဲ့တာကိုးဗျ ။ အင်္ဂလိပ်ကျွန်ဖြစ်ခဲ့တော့ ကျနော်တို့နဲ့ အင်္ဂလိပ်က ဘာသွားတူတုန်းဆိုတော့ ဘောလုံးပွဲ အရမ်းကြိုက်တယ် လဘက်ရည် အရမ်းကြိုက်တယ်။ ဘယ်လိုဖြစ်လို့ အဲလိုတူနေလဲတော့ မသိဘူး။ အင်္ဂလိပ်တွေ လဘက်ရည်ကြိုက်သလို ဗမာတွေကလည်း လဘက်ရည် အရမ်းကြိုက် တယ်။ အင်္ဂလိပ်တွေ ဘောလုံးကြိုက်သလို ဗမာတွေကလည်း ဘောလုံး အသည်းစွဲပဲ။ အဲဒီတော့ ပွင့်လင်းလာတဲ့ အချိန်မှာလည်း ဗမာပရိတ်သပ်ကတော့ အင်္ဂလိပ်ကလပ်တွေမှ အင်္ဂလိပ်ကလပ်ပဲ”

ဒီကနေ့ညသန်းကောင်မှာ ကန်ကြမယ့် UEFA ချန်ပီယံလိဂ်ပွဲကို ရန်ကုန်နဲ့ နယ်မြို့ကြီး တချို့မှာ မြန်မာပရိသတ်က တိုက်ရိုက်စောင့်ကြည့်ကြ မယ်လို့ သိရပါတယ်။ အစဉ်အလာ အရဆိုရင်တော့ ရီးယဲလ်မက်ဒရစ်အသင်းက လီဗာပူးလ်အသင်းထက် အောင်မြင်မှု ပိုရထားပြီး ချန်ပီယံလိဂ်ဖလားကို ၁၂ ကြိမ်ရထားဖူးပါတယ်။ ရီးယဲလ်အသင်းဟာ လက်ရှိ မှာ လည်း နှစ်နှစ်ဆက်တိုက် ချန်ပီယံ ဖြစ်ထားပြီး ဒီတကြိမ်သာ ထပ် ဗိုလ်စွဲမယ်ဆိုရင် သုံးကြိမ်ဆက်တိုက် အနိုင်ရတဲ့ ပထမဆုံးအသင်း ဖြစ်လာမှာပါ။ လီဗာပူးလ် အသင်းကတော့ ချန်ပီယံလိဂ်ဖလားကို ငါးကြိမ်ရဖူးပြီး အခုတကြိမ်ဟာ ခြောက်ကြိမ်မြောက် ဖလားအတွက် ယှဉ်ပြိုင် မှာဖြစ်ပါတယ်။

UEFA
please wait

No media source currently available

0:00 0:04:30 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG