သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ဝန်ကြီးချုပ် ဘာကြောင့် နုတ်ထွက်ရသလဲ


ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ရာထူးမှာ နုတ်ထွက်ခွင့်ပြု။ (Photo Credit to သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဋ္ဌေး FB စာမျက်နှာ)
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ရာထူးမှာ နုတ်ထွက်ခွင့်ပြု။ (Photo Credit to သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဋ္ဌေး FB စာမျက်နှာ)
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်ကို သူ့ဆန္ဒအရ ဇွန်လ ၁၉ ရက်နေ့မှာ မြန်မာသမ္မတ ဦးသိန်းစိန်ရဲ့ လက်မှတ်နဲ့ နုတ်ထွက်ခွင့်ပြုလိုက်တဲ့ အကြောင်း အစိုးရပိုင်သတင်းစာမှာ ဖော်ပြထားပါတယ်။ ဝန်ကြီးချုပ် ဦးလှမောင်တင် နုတ်ထွက်သွားတာဟာ ရခိုင်ပြည်နယ်နဲ့ ရခိုင်လူမျိုးတွေအတွက် ဆုံးရှုံးမှုတရပ်ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။ အခုလို ရခိုင်ပြည်နယ် အစိုးရအဖွဲ့အကြီးအကဲတစ်ဦး နုတ်ထွက်ခဲ့တာဟာ ဘာကြောင့်လဲ ဆိုတာနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်ကို ဆက်သွယ်မေးမြန်းကြည့်တော့ -

"သူနုတ်ထွက်ရတာကို ပြောမယ်ဆိုရင်တော့ အဓိက ကတော့ ဖိအားတွေပေါ့ တောက်လျှောက်မှာ တော်တော်များများ ဖိအားတွေကြုံလာရ တာ တွေ့ရတယ်။ ပထမ ဖိအားကတော့ သူ့ရဲ့ cabinet အတွင်းမှာကို သူ့ cabinet ကိုသူ မထိန်းနိုင်တဲ့ အတိုင်းအတာ တစ်ခုဖြစ်တယ်။ ပြီးရင် ဒီဖက်မှာရှိတဲ့ NGO INGOတွေရဲ့ ဖိအားရယ် ပြည်ထောင်စုက ဖိအားရယ် နိုင်ငံတကာအသိုင်းအဝန်းတွေရဲ့ ဖိအားရယ် အဲ့ဒီ ဖိအားတွေကြောင့် သူ့အနေနဲ့ နုတ်ထွက်ရတယ်လို့ ကျနော်တို့အနေနဲ့ သုံးသပ်မိတာပေါ့။

မေး ။ ။ ဘယ်လိုဖိအားမျိုးတွေလဲ။ ဘာ့ကြောင့် ဖိအားပေးတာလဲရှင့်။

ဖြေ။ ။ ဘယ်လိုဖိအားမျိုးတွေလဲ ဆိုတော့ ဒီ ကျနော်တို့ရဲ့ ရခိုင်ဒေသမှာ ဖြစ်ပေါ်နေတဲ့ ပြသနာတွေနဲ့ ပါတ်သက်ပြီးရင် အဓိက ဖိအားပေးတဲ့ အပိုင်းကတော့ ကျနော့် အမြင်ကတော့ ပြည်ထောင်စုဖက်က သူ့အပေါ် ဖိအားပေးတဲ့ အပိုင်းက များမယ်။ ပြီးရင် ဦးလှမောင်တင် အနေနဲ့ ဒီလိုနှုတ်ထွက်ရတဲ့ အပိုင်းကလည်း သူက ဓားစာခံ တစ်ယောက် အနေနဲ့ ဖြစ်သွားတဲ့ ပုံသဏ္ဍာန်မျိုး အနေနဲ့ ရှူ့မြင်သုံးသပ်တာပေါ့။

ဘာဖြစ်လို့လည်းဆိုတော့ International ဖြစ်ရပ်တွေက မြန်မာနိုင်ငံရဲ့ အဓိက အုပ်ချုပ်ရေးအာဏာကို ကိုင်တဲ့ ပြည်ထောင်စုအစိုးရပေါ့ ဦးသိန်းစိန်အစိုးရရယ် International ဖိအားတွေကိုပြောမယ်ဆိုရင် ပြည်ထောင်စုအစိုးရက ထွက်ပေါက်ရှာတဲ့ ပုံသဏ္ဍာန်မျိုးနဲ့ ဒီပြည်နယ်မှာရှိတဲ့ အကြီးဆုံးပုဂ္ဂိုလ် ဖြစ်တဲ့ ဝန်ကြီးချုပ်ကို သူတို့က အနားပေးလိုက်တဲ့သဘောမျိုး အဲလိုမျိုး ပေးလိုက်ခြင်း အားဖြင့် နိုင်ငံတကာအလည်မှာ ပြောမယ်ဆိုရင် ဒီပြည်ထောင်စုအစိုးရ အတွက် မျက်နှာပွင့်လာနိုင်တဲ့ အတိုင်းအတာ အဲလိုမျိုး ပုံစံမျိုးကြောင့် ဦးလှမောင်တင် ကို နုတ်ထွက်ဖို့ အတွက် ဖိအားပေးပြီးရင် ဦးလှမောင်တင် နုတ်ထွက်ခဲ့ရတဲ့ သဘောမျိုးဖြစ်သွားတယ်လို့ ကျနော်တို့အနေနဲ့ လေ့လာသုံးသပ်မိတာပေါ့။

မေး ။ ။ ဟုတ်ကဲ့ရှင့်။ ဦးအောင်မြတ်ကျော်က ရခိုင်ပြည်နယ် လွှတ်တော် အမတ်တဦး အနေနဲ့ ပေါ့နော် ဒီ ဝန်ကြီးချုပ် ဦးလှမောင်တင် နဲ့ နှစ်နဲ့ချီပြီးတော့ သူနဲ့ အလုပ်တွဲလုပ်ဖူးတယ်။ သူ့ရဲ့လုပ်ရည်ကိုင်ရည် စွမ်းဆောင်မှုပေါ့ ဘယ်လိုမြင်ရသလဲရှင့်။

ဖြေ ။ ။ သူကတော့ ပွင့်ပွင့်လင်းလင်းပြောရရင် တော်တော် အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ် တစ်ယောက်ပေါ့။ သူ့မှာက ခက်တာက သူ့အသိုင်းအဝိုင်းတွေမှာ သူ့ကို ရံပေးမယ့် ညီအကိုရောင်းရင်းလို သူ့ကို ဝန်းရံပေးမယ့် ပုဂ္ဂိုလ်က သူ့မှာမရှိဘူး။ သူက တစ်ယောက်ထည်းကို ရုန်းကန်နေရတဲ့သဘောမျိုး။ သူ့ Cabinet လို့ပြောရမယ့် ပြည်နယ်အစိုးရအဖွဲ့မှာပါတဲ့ ဝန်ကြီးတွေအနေနဲ့ကလည်း သူ့ကို ပံ့ပိုးပေးရမယ့်အစား သူ့ကို တော်တော်များများ တိုက်ခိုက်ကြတဲ့ အခြေအနေတွေကိုလည်း အများကြီးတွေ့ရတာပေါ့။

အဲ့ဒီ့အပိုင်းမှာ နောက်ပိုင်းတော့ ပြောမယ်ဆိုရင် ဦးလှမောင်တင်ရဲ့ ဒီဖက် သူ့ရဲ့ အရည်အချင်းက သူက တစ်ဦးတည်းသူက ဦးဆောင်သွားရတဲ့ သဘောမျိုးလို ဖြစ်တဲ့အပိုင်းမှာ တစ်ချို့ နေရာတွေမှာ တော်တော်များများ လစ်ဟာမှုတွေ ရှိသွားတဲ့ အတိုင်းအတာလေးတွေ ဖြစ်သွားတာပေါ့။ အဲ့လိုမျိုးသာ သူတို့ရဲ့ အစိုးရ တစ်ဖွဲ့လုံး စည်းစည်းရုံးရုံးနဲ့သာ အဲ့လိုမျိုး ပြသနာတွေကို အမှန်အတိုင်း ရင်ဆိုင်မယ်ဆိုရင် ဒီလိုမျိုး ပြသနာ ကြီးကြီးမားမား သူ နုတ်ထွက်ရတဲ့ အဆင့်အထိတော့ မဖြစ်နိုင်ပါဘူး။ အခုကတော့ သူ့အတွက်လည်း စိတ်မကောင်းပါဘူး။

သူလည်း တကယ့် အရည်အချင်းရှိတဲ့ ရခိုင် ပြည်သူလူထု အတွက်လည်း ပြောမယ် ဆိုရင် သူ အများကြီး ပံ့ပိုးပေးခဲ့တာ။ မှားမှား မှန်မှန် ရပ်တည်ပေးခဲ့တဲ့ အပိုင်းတွေလည်း အများကြီးရှိပါတယ်။ ရခိုင် ပြည်သူလူထု နစ်နာမှု မရှိရအောင် အများကြီး သူ ကာကွယ်ပေးခဲ့တဲ့ အပိုင်းက ကျနော်လည်း တွဲခဲ့တဲ့ အပိုင်း တွဲဖြစ်တဲ့ အချိန်မှာ တော်တော်များများကို တွေ့ကြုံခဲ့ရပါတယ်။

မေး ။ ။ ဟုတ်ကဲ့ရှင့် ဒါဆိုရင် ဒီဝန်ကြီးချုပ် ဦးလှမောင်တင် နှုတ်ထွက်ပြီဆိုတော့ သူ့နေရာမှာပေါ့လေ ဘယ်သူ့ကို အစားထိုးမှာလဲရှင့်။

ဖြေ ။ ။ အဲဒါကတော့ အဓိကကတော့ သမ္မတနဲ့ပဲ သက်ဆိုင်တာပေါ့။ သမ္မတက သူ့ရဲ့ အနောက်ဖက်အပိုင်း အတွက် သူ့ရဲ့ မဟာဗျူဟာ အခင်းအကျင်း ဘယ်လိုမျိုး လူတင်ချင်သလဲ။ အခင်းအကျင်းအတွင်းမှာရှိမလဲ။ အဲဒါအပေါ်မှာ အဓိကမူတည်တယ်။ အကောင်းဆုံးကတော့ ကျနော်တို့ ဒီဖက် အခု ကြားနေရတဲ့ အပိုင်းကတော့ ဘယ်လိုပြောမလဲဆိုရင် ခက်တော့ခက်သား တစ်ဦးဦးကို အစားထိုးမယ်လို့ ကျနော်တို့ ကြားနေရတယ်။ ခက်တော့ခက်သား အစားထိုးလာရင် ရခိုင်ပြည်သူလူထုအတွက်ကတော့ ကောင်းတဲ့ လက္ခဏာ ဖြစ်လာမယ်တော့ မထင်ပါဘူးလို့ ကျနော့် အနေနဲ့ သုံးသပ်ချင်တယ်။

ရခိုင်ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်ကို ဆက်သွယ်မေးမြန်း ခဲ့တာပါ။ အခုလို မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန် အရပ်သားအစိုးရ တက်လာပြီးကတည်းကဆိုရင် - ပြည်နယ်နဲ့တိုင်းဒေသကြီးတခုရဲ့ အစိုးရအဖွဲ့ အကြီးအကဲတစ်ဦး ဒီလိုမျိုး နုတ်ထွက်တာဟာ ဒါ ပထမဦးဆုံးလည်း ဖြစ်ပါတယ်။
XS
SM
MD
LG