သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝီကီလိခ်ကို ထောက်ခံသူတွေ အင်တာနက်စစ်ပွဲ ဆင်မည်


ဝီကီလိခ်ကို ထောက်ခံသူတွေ အင်တာနက်စစ်ပွဲ ဆင်မည်
ဝီကီလိခ်ကို ထောက်ခံသူတွေ အင်တာနက်စစ်ပွဲ ဆင်မည်

ဝီကီလိခ် (WikiLeaks) အင်တာနက် ဝက်ဘ်ဆိုက်ကို အားပေးထောက်ခံကြတဲ့ အင်တာနက် ထိုးဖောက်ဝင်ရောက်သူ Hackers တွေက အင်တာနက်စစ်ပွဲ ဆင်နွှဲဖို့ ကြေညာလိုက်ကြပါတယ်။

အချေအတင် ဖြစ်စရာတွေ ကြုံနေရတဲ့ ဝီကီလိခ် ဝက်ဘ်ဆိုက်အတွက် ဝန်ဆောင်မှုလုပ်ငန်း လုပ်ဆောင်ပေးဖို့ ငြင်းဆန်ခဲ့ကြတာကို တုံ့ပြန်တဲ့ အနေနဲ့ ဘယ်သူဘယ်ဝါမှန်း မသိတဲ့ Hackers တွေက နာမည်ကျော် Credit အကြွေးကတ် ကုမ္ပဏီကြီးတွေရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းကုန်တဲ့အထိ ထိုးနှက် တိုက်ခိုက်ခဲ့ကြတာပါ။

အကြွေးဆပ်တဲ့ စစ်ဆင်ရေးလို့ အမည်ပေးထားတဲ့ တိုက်ခိုက်မှုရဲ့ နောက်တဆင့်အဖြစ်နဲ့ Visa အကြွေးကတ် ကုမ္ပဏီရဲ့ ဝက်ဘ်ဆိုက်ကို တိုက်ခိုက်ဖို့ လက်နက်တွေ အသင့်ပြင်ထားကြဆိုပြီး အမည်မသိ အဖွဲ့အဖြစ် အမည်ပေးထားတဲ့ ဒီအုပ်စုက Twitter အင်တာနက် ဝက်ဘ်ဆိုက်ပေါ်မှာ ဗုဒ္ဓဟူးနေ့က တိုက်တွန်းလိုက်ပါတယ်။

အချက်အလက် တောင်းခံမှုတွေ စုပြုံဝင်ရောက်လာပြီး ဗုဒ္ဓဟူးနေ့ တနေ့လုံးနီးပါး လုပ်ငန်းတွေ ရပ်ဆိုင်းကုန်တဲ့အထိ MasterCard အကြွေးကုမ္ပဏီကို တိုက်ခိုက်မှုဟာလည်း သူတို့လက်ချက် ဖြစ်တယ်လို့ ဒီအုပ်စုကပဲ ပြောဆိုခဲ့တာပါ။

အမေရိကန် သံတမန် ဆက်သွယ်မှု လျှို့ဝှက်မှတ်တမ်းတွေကို ဖွင့်ချခဲ့တဲ့အတွက် နိုင်ငံရေးအရ အပြင်းအထန် ဖိအားပေး ခံနေရစဉ် Visa နဲ့ Master Card ကုမ္ပဏီတွေက ဝီကီလိခ်ကို လှူဒါန်းနေတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ပေးတော့မှာ မဟုတ်တဲ့အကြောင်း ကြေညာခဲ့ကြပါတယ်။

ဝီကီလိခ်က ဗုဒ္ဓဟူးနေ့မှာ ဖော်ပြခဲ့တဲ့ လျှို့ဝှက် စာတစောင်ထဲမှာတော့ ဒီနှစ် ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလထဲမှာတုန်းက MasterCard နဲ့ Visa အကြွေးကတ်ပြား ကုမ္ပဏီတွေရဲ့ ကိုယ်စားအဖြစ်နဲ့ ရုရှားနိုင်ငံက အသစ်ပြဋ္ဌာန်းဖို့ ရှိနေတဲ့ ဥပဒေက ဒီလုပ်ငန်းတွေကို မထိခိုက်စေရေး အမေရိကန် တာဝန်ရှိသူတွေက ကြားဝင်စေ့စပ်ခဲ့ဖူးကြောင်း ဖော်ပြခဲ့တာပါ။

XS
SM
MD
LG