အစိုးရ ကန့်သတ် စာရွက်စာတမ်းတွေကို ပေါက်ကြားစေခဲ့တဲ့ ၀ီကီလိခ် (WikiLeaks) ၀က်ဘ်ဆိုက် စတင်ထူထောင်သူကို အဓမ္မပြုကျင့်မှုနဲ့ ပတ်သက်ပြီး စစ်ဆေး မေးမြန်းနိုင်ဖို့အတွက် ဆွီဒင် တရားရုံးချုပ်က ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။
ဝီကီလိခ် ၀က်ဘ်ဆိုက်ကို စတင်ထူထောင်သူ အသက် ၃၉ နှစ်အရွယ်ရှိ ဂျူလီယန် အာဆန်း (Julian Assange) က သူ့ကို စွဲဆိုထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး အယူခံ တင်ထားခဲ့တာကို ဆွီဒင်တရားရုံးချုပ်က ပယ်ချခဲ့ပါတယ်။
မစ္စတာ ဂျူလီယန် အာဆန်းဟာ ကလေးတွေကို လိင်ပိုင်းဆိုင်ရာ အခွင့်ကောင်းယူတဲ့အမှု ၂ မှု၊ ဆွီဒင်မှာ တရားမ၀င်တဲ့ လုပ်ငန်းတွေ လုပ်ကိုင်တဲ့အမှု ၁ မှုနဲ့ ဆွီဒင်အစိုးရ တရားလို ရှေ့နေတွေက ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက ဖမ်းဝရမ်း ထုတ်ခဲ့ပြီး ဖြစ်ပါတယ်။
အခုသီတင်းပတ် အတွင်းမှာလည်း ၀ီကီလိခ် ၀က်ဘ်ဆိုက်က ကန့်သတ်အဆင့်ရှိ စာရွက်စာတမ်းပေါင်း ထောင်နဲ့ချီကို ပေါက်ကြားစေခဲ့ပါတယ်။ နောက်ဆုံးပေါက်ကြားခဲ့တဲ့ သံတမန် ဆက်သွယ်ရေး အချက်အလက်တွေ အရ အမေရိကန် အစိုးရက ရုရှားနိုင်ငံကို အဂတိလိုက်စားပြီး မာဖီးယား လူဆိုးဂိုဏ်းလိုမျိုး နိုင်ငံလို့ မြင်တဲ့အကြောင်း ပါဝင်ပါတယ်။
မော်စကိုမြို့တော်ရှိ အမေရိကန် သံရုံးကနေ ထုတ်ပြန်တယ်လို့ ယူဆရတဲ့ လျှို့ဝှက်မှတ်စု တခုအရ ရုရှားအစိုးရ အဆင့်ဆင့်ဟာ လာဘ်ပေးလာဘ်ယူမှု၊ သူလျှိုမှု အပါအ၀င် အဂတိ လိုက်စားမှုတွေနဲ့ ပြည့်နေကြောင်း ပုံဖော် ရေးသားထားပါတယ်။
ဒါ့အပြင် ရုရှားအစိုးရဟာ မိမိပြည်သူတွေအပေါ် ခေါင်းပုံဖြတ်တဲ့ စနစ်ကို ကျင့်သုံးတဲ့ အစိုးရ ဆိုပြီးတော့ ရုရှားဝန်ကြီးချုပ် ဗလာဒီမီယာ ပူတင် (Valdimir Putin) ကို အဓိက ဝေဖန်ထားပါတယ်။