သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝီကီလိခ် တည်ထောင်သူကို တရားရုံးက အာမခံမပေး


ဝီကီလိခ် တည်ထောင်သူ ဂျူလီယန် အာဆန်းရှ်။
ဝီကီလိခ် တည်ထောင်သူ ဂျူလီယန် အာဆန်းရှ်။

အမေရိကန် အစိုးရရဲ့ ထိပ်တန်း လျှို့ဝှက်ချက်တွေကို သူ့ဝက်ဘ်ဆိုက်ပေါ်မှာ လူသိရှင်ကြား ဖော်ပြခဲ့တဲ့ ဝီကီလိခ် (Wikileaks) ဝက်ဘ်ဆိုက်ကို တည်ထောင်သူ ဂျူလီယန် အာဆန်းရှ် (Julian Assange) ကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့ တရားရုံးတခုက အာမခံပေးဖို့ ငြင်းဆန်လိုက်ပါတယ်။

လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှု စွဲချက်နဲ့ ဆွီဒင်နိုင်ငံက အလိုရှိနေတဲ့ မစ္စတာ အာဆန်းရှ်ဟာ ရာဇဝတ်သား လဲလှယ်ရေး အစီအစဉ်နဲ့ ဗြိတိန်က ဆွီဒင်ကို လွှဲမပေးရေးအတွက် ကြိုးပမ်းနေချိန်မှာ ခုလို အာမခံ အငြင်းခံရတာ ဖြစ်ပါတယ်။

သူ့ကို စုံစမ်းစစ်ဆေးချင်တဲ့ ကိစ္စဟာ အမေရိကန် သံတမန်တွေ နိုင်ငံခြားရေးရုံးကို တင်ပြတဲ့ သတင်းပေးပို့ချက်တွေကို ဝီကီလိခ် အွန်လိုင်း စာမျက်နှာတွေပေါ်မှာ ထုတ်ပြန်ခဲ့မှုနဲ့ မဆိုင်ဘူးလို့ ဆွီဒင်က တရားလိုရှေ့နေက ပြောပါတယ်။

တကယ်လို့ မစ္စတာ အာဆန်းရှ်ကို ဗြိတိန်ကနေ ဆွီဒင်ကို ပို့ပေးရင် ဆွီဒင်က ထပ်ပြီး အမေရိကန်ကို လွှဲပြောင်းပေးဖို့ ရည်ရွယ်ချက် မရှိဘူးလို့ တရားလို ရှေ့နေက ပြောပါတယ်။

သြဂုတ်လတုန်းက အမျိုးသမီး ၂ ယောက်နဲ့ ဖြစ်ခဲ့တဲ့ ကိစ္စကြောင့် အာဆန်းရှ်ကို အလိုရှိနေတာပါ။ အာဆန်းရှ်ရဲ့ ရှေ့နေကတော့ ၂ ဘက် သဘောတူပေမဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှု အပေါ်မှာ အငြင်းပွားစရာ ဖြစ်နေတာဖြစ်ပြီး စွပ်စွဲချက်တွေဟာ နိုင်ငံရေးအရ စွပ်စွဲမှုတွေသာ ဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန် အစိုးရရဲ့ အထူးလျှို့ဝှက်ချက်တွေ အများအပြားကို ဆက်ပြီး လူသိရှင်ကြား ထုတ်ပြန်သွားမယ်လို့ ဝီကီလိခ်က Twitter ပေါ်ကနေ အင်္ဂါနေ့မှာ အသိပေးခဲ့ပါတယ်။ တချိန်တည်းမှာပဲ သူတို့ ဝက်ဘ်ဆိုက် ဆက်ပြီး လည်ပတ်နိုင်ဖို့လည်း အလှူကောက်ခံနေပါတယ်။

XS
SM
MD
LG