သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ရင်းနှီးမြှုပ်နှံမှု ပါကစ္စတန်ကို ကြွေးဒဏ်ပိနိုင်သလား


ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Shah Mehmood တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ ပါကစ္စတန်၊ အစ္စလာမ်မာဘတ်မြို့မှာ တွေ့ကြစဉ်။
ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Shah Mehmood တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့ ပါကစ္စတန်၊ အစ္စလာမ်မာဘတ်မြို့မှာ တွေ့ကြစဉ်။

ပါကစ္စတန်နိုင်ငံကို အကြွေးထောင်ချောက်ထဲရောက်အောင် တွန်းပို့နေတယ်ဆိုတဲ့ ဝေဖန်ပြောဆိုချက်တွေကို တရုတ်နိုင်ငံက ပယ်ချပါတယ်။ ပါကစ္စတန်မှာရောက်နေတဲ့ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Shah Mehmood Qureshi နဲ့ အစ္စလာမ်မာဘတ်မြို့တော်မှာ စနေနေ့က တွေ့ဆုံဆွေးနွေးပြီးတဲ့ နောက် အဲဒီလို တုန့်ပြန်ပြောဆိုတာပါ။ အစ္စလာမ်မာဘတ်မြို့တော်ကနေ Ayaz Gul ပေးပို့တဲ့သတင်းလွှာကို ကိုကျော်ကျော်သိန်း က ပြောပြပါမယ်။

ပါကစ္စတန်နိုင်ငံမှာ မကြုံစဖူးကြီးမားတဲ့ပမာဏနဲ့ ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှုတွေကို တရုတ်က ကာကွယ် ပြောဆိုတာပါ။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ဟာ ငွေပြတ်နေတဲ့ ပါကစ္စတန်နိုင်ငံကို “တရုတ် အကြွေးထောင်ချောက်” ထဲ ရောက်အောင် တွန်းပို့နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပယ်ချပါတယ်။

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန် (CPEC) လို့ခေါ်တဲ့ နှစ်နိုင်ငံအစီအစဉ်ကြီးဟာ အလျင်အမြန် အကောင်အထည်ဖော်နေတဲ့ ကမ္ဘာလုံးဆိုင်ရာ Belt and Road (BRI) အစီအစဉ်ရဲ့ တစိတ်တပိုင်းပါ။ BRI ဟာ တရုတ်သမ္မတ ရှီ ကျင့်ဖျင်ရဲ့ အထူးစီမံကိန်း ဖြစ်ပါတယ်။

CPEC စီမံကိန်းအရ သယ်ယူပို့ဆောင်ရေးကွန်ယက်၊ စွမ်းအင်စီမံကိန်းတွေ၊ Gwadar မှာ ရေနက်ဆိပ်ကမ်း တခုနဲ့ အထူးစီးပွားရေး ဇုံတို့ကို တည်ဆောက် အဆင့်မြှင့်မှာပါ။ ဒီစီမံကိန်းကနေ ၂၀၃၀ ပြည့်နှစ်အရောက်မှာ ကုန်ထုတ်လုပ်ငန်းဗဟိုချက်တခု ဖြစ်လာ စေဖို့ ပါကစ္စတန်ရဲ့ စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးကို အထောက်အကူပြုမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့လေးနှစ်အတွင်း CPEC စီမံကိန်းကနေ ပါကစ္စတန်မှာ တရုတ်ရဲ့ရင်းနှီးမြှုပ်နှံမှု ၁၉ ဘီလီယံဒေါ်လာထိ ရှိလာတယ်လို့ ဝန်ကြီး Wang ကပြောပါတယ်။ အစောပိုင်းက စတင်ထားတဲ့ စီမံကိန်း ၂၂ ခုကို အပြီးသတ်ထား ပြီးပြီ ဒါမှမဟုတ် အပြီးသတ်နေပြီ လို့ဆိုပါတယ်။

စီမံကိန်း ၁၈ ခုအတွက် တရုတ်ရဲ့ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ဒါမှမဟုတ်တရုတ်ရဲ့ ငွေကြေးအကူအညီနဲ့ လုပ်ဆောင်ခဲ့တာလို့ ဝန်ကြီး Wang က ရှင်းပြပါတယ်။ ဒါ့အပြင် CPEC စီမံကိန်းတွေရဲ့ ပွင့်လင်းမြင်သာမှု အပိုင်းအပေါ် စိုးရိမ်မှုတွေရှိနေတာကိုလည်း ပယ်ချပါတယ်။

“CPEC အစီအစဉ်ကြောင့် ပါကစ္စတန်ပေါ် အကြွေးဝန်မပိစေဖို့အတွက် စီမံကိန်းလေးခု၊ အကြမ်းဖျဉ်းအားဖြင့် ဒေါ်လာ ၆ ဘီလီယံကိုပဲ အတိုးနှုန်းသက်သာတဲ့ ချေးငွေနဲ့ အကောင်အထည် ဖော်နေတာပါ။ ဒီစီမံကိန်းတွေ ပြီးဆုံးလို့ လည်ပတ်ပြီဆိုရင် ကြီးမားတဲ့ စီးပွားရေးအကျိုးမြတ်တွေ ရလာမှာဖြစ်ပြီး ပါကစ္စတန်စီးပွားရေးမှာ သိပ်ကိုအကျိုးရှိလာမှာဖြစ်ပါတယ်။”

ပါကစ္စတန်ရဲ့ပြည်ပကြွေးမြီ ၄၇% ဟာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF နဲ့ အာရှဖွံ့ဖြိုးရေးဘဏ် ADB တို့ကနေ ယူထားတာ ဖြစ်တယ်လို့ ဝန်ကြီး Wang ကပြောပါတယ်။

တရုတ်အကြွေးတွေကို ပြန်ဆပ်ဖို့သက်သက်အတွက် IMF ကနေ ချေးငွေအသစ်တခုယူဖို့ ပါကစ္စတန်က စီစဉ်နေတယ်ဆိုပြီး အမေရိကန်ကဝေဖန်တာကိ ုတုန့်ပြန်ပုံရတဲ့အနေနဲ့ ဝန်ကြီး Wang က အဲဒီလို အသေးစိတ် အခြေအနေတွေကို ပြောသွားတာပါ။ အမေရိကန်ရဲ့စွပ်စွဲချက်ကို ပါကစ္စတန်ရော တရုတ်ကပါ အခြေအမြစ် မရှိဘူးဆိုပြီး ငြင်းထားပါတယ်။

ပါကစ္စတန်ရဲ့ပြည်ပကြွေးမြီ ဒေါ်လာ ၆၉ ဘီလီယံမှာ တရုတ်အကြွေးက CPEC ချေးငွေ ဒေါ်လာ ၆ ဘီလီယံ အပါအဝင် ၈.၄ ဘီလီယံလောက်ရှိတယ်ဆိုတာ ဘဏ္ဍာရေးဝန်ကြီး Asad Umar ဒီလအစောပိုင်းက လွှတ်တော်ကို တင်ပြတဲ့ စာရင်းတွေမှာ တွေ့ရပါတယ်။

CPEC ချေးငွေကို စီမံကိန်းတွေပြီးတဲ့အထိ အတိုးနှုန်း ၂% ပေးရတယ်လို့ ပါကစ္စတန်နဲ့ တရုတ်တာဝန်ရှိ သူတွေက ပြောပါတယ်။ ၂၀၂၂ ခုနှစ်အရောက်မှာ စုစုပေါင်းအတိုးက ဒေါ်လာ ၁ ဘီလီယံလောက်ရှိမယ်လို့ ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ပါကစ္စတန်ကိုသွားပြီး နှစ်နိုင်ငံဆက်ဆံရေး ပြန်ကောင်းလာဖို့ ကြိုးစားတဲ့အနေနဲ့ ဝန်ကြီးချုပ် Imran Khan နဲ့ ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံဆွေးနွေးအပြီး ရက်ပိုင်း အတွင်းမှာပဲ ဝန်ကြီး Wang ပါကစ္စတန်ကို သွားတာပါ။

အမေရိကန်နဲ့ ပါကစ္စတန်ကြား ဆက်ဆံရေး ယိုယွင်းကျဆင်းနေချိန်မှာပဲ တရုတ်နဲ့ စီးပွားရေး၊ စစ်ရေး ဆက်ဆံမှုတွေက ပိုပြီး နက်ရှိုင်းလာနေတာပါ။

ပါကစ္စတန်ဟာ အိမ်နီးချင်း အာဖဂန်နစ္စတန်နိုင်ငံမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေနဲ့ အာဖဂန်တပ်ဖွဲ့တွေကို တိုက်ခိုက်နေတဲ့ အကြမ်းဖက်ဝါဒီတွေကို သူ့နိုင်ငံထဲမှာ လက်ခံထားတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင်း အမေရိကန်နဲ့ ပါကစ္စတန်ကြား ဆက်ဆံရေး က တင်းမာနေတာပါ။ အဲဒီစွပ်စွဲချက်တွေကို ပါကစ္စတန် တာဝန်ရှိသူတွေက အစဉ်တစိုက် ငြင်းဆိုနေပါတယ်ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG