သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆရာကြီးဝင်းဖေရဲ့ ၈ လေးလုံးပန်းချီကား ၂၈ သိန်းနဲ့ လေလံဆွဲ


ဆရာဦးဝင်းဖေရဲ့ ၈ လေးလုံးအမှတ်တရ ပန်းချီကား။
ဆရာဦးဝင်းဖေရဲ့ ၈ လေးလုံးအမှတ်တရ ပန်းချီကား။
စွယ်စုံရအနုပညာရှင် ဆရာကြီးဦးဝင်းဖေရဲ့ ၈ လေးလုံး အရေးတော်ပုံ ၂၅ နှစ် ပြည့်ငွေရတု အခမ်းအနားအတွက် အမှတ်တရ ရေးဆွဲထားတဲ့ ပန်းချီကားကို ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ လေလံတင်ရောင်းချခဲ့ ပါတယ်။ လေလံအောင်သွားတဲ့ သူကတော့ ပန်းချီတွေ အမှတ်တရ သိမ်းဆည်းလေ့ရှိတဲ့ ပန်းချီ ဝါသနာရှင် ကိုထက်အောင် ဖြစ်ပါတယ်။ သူက ဒီ ပန်းချီကားကို ငွေကျပ် ၂၈ သိန်းနဲ့ လေလံအောင်ခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က တင်ပြထားပါတယ်။

စွယ်စုံရ အနုပညာရှင် ဆရာကြီးဦးဝင်းဖေရဲ့ ၈ လေးလုံး အရေးတော်ပုံ ၂၅ နှစ် ပြည့်ငွေရတု အခမ်းအနားအတွက် အမှတ်တရ ရေးဆွဲထားတဲ့ ပန်းချီကားကို ဒီကနေ့ ဇူလိုင်လ ၄ ရက်နေ့မှာ လေလံတင်ရောင်းချခဲ့တာပါ။
တော်ဝင်နှင်းဆီ ခန်းမမှာပြုလုပ်တဲ့ ဒီ ၈၈ အမှတ်တရ ပန်းချီကားကိုတော့ ဘ၀ တလျှောက်လုံး ပန်းချီကားတွေ ကိုစုဆောင်းတဲ့ ကိုထက်အောင် က ငွေကျပ် ၂၈ သိန်း နဲ့ လေလံအောင်ခဲ့တာပါ။

အခုလို ဆရာဦးဝင်းဖေရဲ့ ပန်းချီကားကို လေလံဆွဲသူ ၁၅ ဦးကျော် ထဲကမှ အောင်မြင်ခဲ့တဲ့အတွက် အတိုင်းမသိ ဝမ်းသာတယ်လို့ လေလံအောင်သူ ကိုထက်အောင်ကပြောပါတယ်။

“ငယ်ငယ်လေးကတည်းကကို ဒီပန်းချီကားတွေကို ကျနော် သဘောကျတယ်။ ဒီလိုမျိုး ပန်းချီတွေကို ကျနော် သိမ်းလေ့သိမ်းထရှိတယ်။ ဒီနေ့ ကျနော် လေလံပွဲကိုရောက်တာ နည်းနည်းတော့ နောက်ကျတယ်။ ဒါပေမဲ့လည်း ကျနော် အချိန်မီတယ်ပေါ့နော်။ ပြီးတော့ ဒီ ၈ လေးလုံး ဆိုတာက ကျနော်တို့ ငယ်ငယ်ကတည်းက ဖြစ်နေခဲ့တယ်။ ခုချိန်ထိ ကျနော်တို့က ဒီ သမိုင်းကို ပြန် ဖော်ထုတ်တဲ့ပွဲလည်း ဖြစ်တယ်။ ဒီလိုပွဲမျိုးကို ကျနော်တို့တွေက လှူဒါန်းသင့်တယ်။ ဒီလိုပွဲကြီးကို ကျနော် ဒီပန်းချီကားကိုဝယ်ပြီး လှူဒါန်းရတဲ့အတွက် ဝမ်းလည်း ဝမ်းသာတယ်။ ဂုဏ်လည်းဂုဏ်ယူပါတယ်။”


ဒီကနေ့ အခမ်းအနားမှာတော့ ၈၈ မျိုးဆက်ကျောင်းသားတွေ ဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုပြုံးချို တို့လည်း တက်ရောက်ခဲ့ပါတယ်။
ပန်းချီဝါသနာရှင် တစ်ဦးဖြစ်တဲ့ ၈၈ မျိုးဆက် ကျောင်သားများအဖွဲ့ က ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင် က ၈၈ ဆိုတာ အားလုံးနဲ့သက်ဆိုင်ပြီးတော့ ဆရာဦးဝင်းဖေ ရဲ့ ပန်းချီ ကားဟာ ၈၈ နောက်ခံထားပြီး ရေးဆွဲတာကြောင့် တန်းဖိုး ဖြတ်ဖို့တောင် ခဲယဉ်းတယ်လို့ ပြောပါတယ်။

“အထူးသဖြင့် ဆရာကြီးက ဒီ ၈ လေးလုံး အရေးတော်ပုံမှာ တကယ် စိတ်ရောကိုယ်ပါ ပါခဲ့တဲ့ ဆရာကြီးဖြစ်တယ်။ နံပါတ် တစ်က။ နောက်ပြီးတော့ သူ့ရဲ့ အနုပညာစွမ်းအားကို ကောင်းကောင်း သိထားတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူ့ရဲ့အဖေလက်ထက်ကတည်းက အထက်မြန်မာပြည်မှာဆိုရင် ထင်ရှားပြီးတော့ လူတိုင်းလေးစားရတဲ့ ပညာရှင်ဖြစ်တယ်။ စွယ်စုံရတဲ့ ဆရာကြီးဖြစ်တယ် ဆိုတာကိုလည်း ကျနော်တို့သိထားတယ်။ ဆိုတော့ သူ့လက်ရာဆိုရင် ကျနော်တို့ နဂိုကတည်းက တန်ဖိုးထားပြီးသား။ အဲဒီတော့ အထူးသဖြင့် ၈ လေးလုံးကို သရုပ်ဖော်တဲ့ပန်းချီကားဖြစ်တော့ ကျနော်တို့ ပိုပြီးတော့ တန်ဖိုးထားတာပေါ့ဗျာ။”

၈၈ လေးလုံးငွေရတု အခမ်းအနားတွေ ကျင်းပဖို့ ၂ ရက်အလိုမှာပဲ ၈ လေးလုံး အမှတ်တရ ငွေရတု မဂ္ဂဇင်းလည်း ထွက်ရှိလာခဲ့ပါတယ်။ အဲဒီ မဂ္ဂဇင်းမှာတော့ အခုလေလံတင်ရောင်းချခဲတဲ့ ဆရာ ဦးဝင်းဖေရဲ့ ပန်းချီ ကားနဲ့ပဲ မျက်နှာဖုံး ထွက်လာခဲ့တာ ဖြစ်ပါတယ်။

၈၈ ငွေရတု အခမ်းအနားမှာ အမှတ်တရ မဂ္ဂဇင်းထုတ်မယ်ဆို ကတည်းက ဒီ ပန်းချီကားကို ဆွဲပေးဖို့ ၈ လေးလုံး အမှတ်တရ ငွေရတု မဂ္ဂဇင်းအယ်ဒီတာတွေ က တောင်းခဲ့တဲ့အတွက် ဆရာဦးဝင်းဖေ က သီးသန့် ရေးဆွဲပေးခဲ့တာလို့ လည်း ဒီမဂ္ဂဇင်း ဖြစ်မြောက်ရေး တာာဝန်ယူခဲ့တဲ့ ဦးထွန်းဝင်းငြိမ်းက ပြောပါတယ်။

“ကျနော်တို့ကတော့ ၁၉၈၈ ခုနှစ်မှာ ဖြတ်သန်းခဲ့တဲ့၊ နိုင်ငံရေး အရ ဖြတ်သန်းမှုရှိခဲ့တဲ့၊ အနုပညာ လက်ရာအရ အားကောင်းတဲ့။ အဲဒီလိုဆရာတွေကို ကျနော်တို့ စဉ်းစားဖြစ်ကြပါတယ်။ အဲဒီအထဲကမှ ဆရာဦးဝင်းဖေကို ကျနော်တို့ ရွေးဖြစ်တာက ဆရာဟာ အနုပညာ ဖြတ်သန်းမှုအရရော၊ နိုင်ငံရေးဖြတ်သန်းမှု အရရော ကျနော်တို့ အားလုံး ငြင်းဖွယ်ရာမရှိတဲ့ ပုဂ္ဂိုလ်တဦး ဖြစ်တဲ့အတွက် ကျနော်တို့ ရွေးဖြစ်တာပါ။”

၂၀၁၃ ခုနှစ်မှာ ငွေရတု တင်းတင်းပြည်ခဲ့ပြီဖြစ်တဲ့ ၈၈ အရေးတော်ပုံကြီး အမှတ်တရ အနေနဲ့ ဒီ သြဂုတ်လ ၆ ရက်နေ့က ၈ ရက်နေ့အထိ မရမ်းကုန်း မြို့နယ်မှာရှိတဲ့ MCC ခန်းမမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ငွေကျပ် သိန်းပေါင်း ၈၀၀ လောက် ကုန်ကျမယ့် ဒီ အခမ်းအနားအတွက် ရန်ပုံငွေ အနေနဲ့ ငွေကျပ် သိန်း ၉၀၀ လောက် ရရှိထားပြီး ဖြစ်တယ်လို့လည်း ဘဏ္ဍာငွေရှာဖွေရေး ကော်မတီက ပြောပါတယ်။

အခုလို လေလံတင်ပွဲမှာ ရောင်းချခဲ့တဲ့ ဒီ ၈ လေးလုံး သရုပ်ဖော် ပန်းချီကားကြီးကို ရေးဆွဲခဲ့တဲ့ စွယ်စုံအနုပညာရှင် ဆရာဦးဝင်းဖေကတော့ သူ့အနေနဲ့ ဒီပန်းချီကားကို ရေးဆွဲရတာ အခက်ခဲဆုံးလို့ ဆိုခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်က ၈ လေးလုံး အခြေအနေကိုရော၊ လက်ရှိ ပြုပြင်ပြောင်းလဲ လာနေတဲ့ မြန်မာ့နိုင်ငံရေး အခြေအနေကိုပါ ထည့်သွင်းစဉ်းစားပြီး ရေးဆွဲ ခဲ့ရတာ ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ အပြည့်အစုံကိုတော့ စွယ်စုံအနုပညာရှင် ဆရာဦးဝင်းဖေကို မဆုမွန် က ဆက်သွယ်မေးမြန်းထားပါတယ်။

၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးက အခုဆိုရင် ၂၅ နှစ်မြောက် ပြည့်လာခဲ့ပြီးတော့ ငွေရတု အခမ်းအနားတခုကိုလည်း ကျင်းပနိုင်ပြီပေါ့နော်။ အဲဒီမှာ ဆရာ ဦးဝင်းဖေ အနေနဲ့ အနုပညာနဲ့ ၈ လေးလုံးရဲ့ ဒီမိုကရေစီအရေးတော်ပုံကြီးကို ခြယ်မှုံးပြသတဲ့အခါမှာ ဘယ်လို အနုပညာခံစားချက်တွေ၊ ဘယ်လို အတွေးအမြင်တွေနဲ့ ရေးဆွဲဖြစ်ခဲ့ပါသလဲ ဆိုတာကို ပြောပြပေးပါရှင်။

“ဒီလိုဗျ။ ၈ လေးလုံးနဲ့ပတ်သက်လို့ ကျနော့်မှာ စိတ်ကူးစိတ်သန်း ခံစားချက်၊ သတိရတာတွေ၊ တွေးတာခေါ်တာတွေ အများကြီးပဲ။ ဒါပေမဲ့ အဲဒီအများကြီးကို ကျနော်က ပြွတ်သိပ်ပြီးတော့ စဉ်းစားပြီးတော့ လုပ်လို့ကိုင်လို့မရဘူး။ ကျနော့်အနေနဲ့ ပြဿနာက ဒီနေ့ မြန်မာပြည်မှာ ပြုပြင် ပြောင်းလဲရေးတွေကို ကြိုးစားပြီးတော့ လုပ်နေတယ်။ လုပ်နေတော့ အဲဒီအခြေအနေတွေကို ထည့်တွေးပြီးတော့ ကျနော်က ရေးရပါတယ်။ ကောင်းရာကောင်းကြောင်း ကျနော်ထင်တိုင်း ကျနော် စိတ်ထဲမှာခံစားချက်တွေ ရှိတိုင်း ကောက်ရေးလို့ မရပါဘူး။ ဒီ ၈ လေးလုံး ပန်းချီကား ဟာ အဲဒီနေရာမှာ ကျနော့်အတွက် အခက်ခဲဆုံးပါပဲ။ ကျနော်ရှိတဲ့ အခြေအနေလေးကို ထိန်းသိမ်းပြီးတော့၊ အခုရောက်နေတဲ့ နိုင်ငံရေးအခြေအနေကို၊ နိုင်ငံရေးအခြေအနေက ကောင်းတာလည်း မဟုတ်ဘူး။ မကောင်းတာလည်း မဟုတ်ဘူး။ စောင့်နေရတဲ့အခြေအနေ။ အဲဒီအခြေအနေလေးကို ကျနော် ထိန်းသိမ်းပြီးတော့ ဒီဟာကိုရေးရပါတယ်။ ဒါ ကျနော့် ခံစားချက်ပါပဲ။”

အခု ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးမှာဆိုရင်လည်း ဆရာတို့က ကိုယ်တိုင်ဖြတ်သန်းခဲ့တဲ့ အနုပညာရှင်တွေလည်း ဖြစ်ပါတယ်။ အဲဒီတော့ အသက်သွေးတွေ၊ ချွေးတွေ ပေးဆပ်ခဲ့ရတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေနဲ့ ပတ်သက်ပြီးတော့ ၂၅ နှစ်အကြာမှာ ဆရာ့ရဲ့ စိတ်ခံစားချက် ဘယ်လိုများရှိသလဲ ဆိုတာလည်း ပြောပြပေးပါရှင်။

“ဒါတွေက အလွန်ကို ထူးခြားတဲ့၊ ပြောင်မြောက်တဲ့၊ ဇွဲနပဲကြီးတဲ့ လုပ်ရပ်တွေပါ။ လွယ်လွယ်ကူကူနဲ့ လုပ်လို့မရပါဘူး။ ဒါတွေက အခြေအနေကိုက ဒီလိုမှ ဆန္ဒမပြရင်မဖြစ်ဘူး ဆိုတဲ့ ဆိုးရွားတဲ့အခြေအနေတွေကြောင့် ထပြီးတော့ လုပ်ကြရတာ။ လွယ်လွယ်ကူကူနဲ့ ထပြီးတော့ အကြမ်းပတမ်းတွေ လုပ်တာ မဟုတ်ပါဘူး။ သို့သော် တဘက်က ဖိနှိပ်တဲ့ ကြမ်းတမ်းတဲ့သူတွေ အတွက်ကတော့ လိုအပ်တာထက် အများကြီးပိုပြီးတော့ ချေလွန်လက်လွန် လုပ်ခဲ့တယ်လို့ ကျနော် မြင်ပါတယ်။ ဘာပဲဖြစ်ဖြစ်ပါ ဒါတွေက တိုင်းပြည်မှာ လိုအပ်တော့ သမိုင်းပေးအခြေအနေအရ ဖြစ်ပေါ်လာတယ်။ အလွန်ကျေကွဲစရာကောင်းတယ်။ ကျနော်တို့ ကိုယ်တိုင် မျက်မြင်ကိုယ်တိုင် ပါဝင်ပြီးတော့ ဦးဆောင်ခဲ့ရတဲ့ကိစ္စတွေပါ။ ဒါတွေဟာ သမိုင်းက သင်ခန်းစာယူပြီးတော့ နောက် ဘယ်တော့မှမဖြစ်ရအောင် နှိပ်စက်တားဆီးတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ နောက် ဘယ်လိုလူတွေတက်လာမယ်မထင်ဘူး။ အဲဒီတာဝန်ကို။ ဒီလိုဟာမျိုး ဘယ်တော့မှ မဖြစ်ရအောင် သင်ခန်းစာကောင်းကောင်း ယူကြရမယ့်ကိစ္စတွေပါလို့ ကျနော် ပြောချင်ပါတယ်။”

အခု ဆရာ့ရဲ့ အနုပညာလက်ရာကို မြတ်နိုးတဲ့လူတယောက်ကနေ ဝယ်ယူသွားတယ်လို့လည်း သိရပါတယ်။ အဲဒီတော့ ဒီလိုမျိုး အမှတ်တရအနေနဲ့ ဝယ်ယူသွားတဲ့အခါမှာ ဆရာခုနက ပြောသလိုပေါ့ ဒီရဲ့ပုံရိပ်တွေ ဟာ နောင်လာနောင်သားတွေအတွက် ဘယ်လို စိတ်ခံစားမှုတွေ၊ ဘယ်လိုအမှတ်ရစရာတွေ ဖြစ်လာစေမလဲ ဆိုတာကိုလည်း ဆရာ စကားလက်ဆောင် ပေးပါဦးရှင်။

“ကျနော် တတ်နိုင်သမျှ ၈ လေးလုံးငွေရတုကို သတိရစေအောင် မြန်မြန် မြင်အောင် ကျနော် ကြိုးစားပြီးတော့ ဆွဲပါတယ်။ မြင်တာနဲ့တပြိုင်နက် ၈ လေးလုံးကို သတိရမယ်။ မြင်တာနဲ့ တပြိုင်နက်၊ တွေ့တာနဲ့တပြိုင်နက် ၈ လေးလုံးကို ဂုဏ်ပြုတယ်ဆိုတာကို သိစေရမယ်။ ဒါ ကျနော် တတ်နိုင်သလောက်လေး လုပ်တာပေါ့လေ။ ကျနော့်မှာလည်း ခံစားချက်နဲ့ လုပ်တာ။ အဲဒီတော့ ကျနော် ဝမ်းအသာဆုံးကတော့ ဂုဏ်ယူဆုံးကတော့ ကျနော် ဒီအထဲမှာ ပါဝင်ပြီးတော့၊ တတ်နိုင်သမျှ ကူညီခွင့်ကလေးရတာ၊ ကူညီခွင့်ကလေးပေးတာ ကျနော့်ကို ကော်မတီကနေ ဖြစ်နိုင်ရင်ကူညီပါလို့ တောင်းဆိုတာ။ ကျနော်ကလည်း ကြိုးစားကြည့်ပါမယ်။ ခင်ဗျားတို့သုံးနိုင်ရင် သုံးပါ။ မသုံးနိုင်ရင်များ ကျနော့်ကို မငဲ့ပါလေနဲ့။ မသုံးဘဲထားပါ။ ကျနော် အဲဒီကတိတောင်းပြီးတော့ ကျနော်ပေးတာပါ။ သူတို့ သုံးနိုင်လို့သုံးတယ် ဆိုတဲ့အတွက် ကျနော်က သိပ်ဝမ်းသာရပါတယ်။ ကျနော့်မှာ ဂုဏ်တက်ပါတယ်။ ကျနော် ဂုဏ်ယူပါတယ်။”
XS
SM
MD
LG