သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆရာကြီးဦးဝင်းတင်ကွယ်လွန်မှု တနှစ်ပြည့် နိုင်ငံတကာမီဒီယာဂါရဝပြု


သတင်းလွတ်လပ်ခွင့်အတွက် ဦးဆောင်တိုက်ပွဲဝင်ခဲ့တဲ့ ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခဲ့တာဟာ မြန်မာနိုင်ငံအတွက် ဆုံးရှုံးမှုကြီးတခုဖြစ်ပြီး လက်ရှိတိုင်းပြည်မှာ သတင်းမီဒီယာအပေါ် အာဏာပိုင်တွေရဲ့ ဖိအားပေးတာတွေ ပိုပြီးတိုးလာနေတယ်လို့ နိုင်ငံတကာ သတင်းမီဒီယာအဖွဲ့တွေက ပြောကြားလိုက်ပါတယ်။

ဧပြီလ ၂၁ ရက်နေ့ ဒီကနေ့မှာ ကျရောက်တဲ့ ဦးဝင်းတင်ကွယ်လွန်ခဲ့တဲ့ တနှစ်ပြည့် အမှတ်တရဂုဏ်ပြုပွဲတွေ မြန်မာနိုင်ငံမှာ ကျင်းပဖို့ရှိပါတယ်။ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

စစ်အစိုးရလက်ထက် အကျဉ်းထောင်ထဲမှာ နှစ်ပေါင်း ၁၉ နှစ်ကြာ ထိန်းသိမ်းခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်ကွယ်လွန်ခဲ့တဲ့ တနှစ်ပြည့်အထိမ်းအမှတ်နေ့မှာ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ရဖို့အတွက် သူ့အနေနဲ့ မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်ခဲ့တာတွေကို နိုင်ငံတကာ သတင်းမီဒီယာအဖွဲ့တွေက အမှတ်တရ ဂုဏ်ပြုပြောဆိုခဲ့ပါတယ်။

ဦးဝင်းတင်ဟာ သတင်းလွတ်လပ်ခွင့်ကို မြတ်နိုးတန်ဖိုးထားသူတဦးအနေနဲ့ စစ်အစိုးရအဆက်ဆက်မှာ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်ခဲ့သူတဦးဖြစ်တယ်လို့ ပြင်သစ်အခြေစိုက် RSF လို့ခေါ်တဲ့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ရဲ့ အာရှပစိဖိတ်အကြီးအကဲ Mr. Benjamin Ismail က ဗွီအိုအေကို ပြောပါတယ်။

“ဒီကနေ့အချိန်မှာ ဦးဝင်းတင် ရှိနေမယ်ဆိုရင် သတင်းလွတ်လပ်ခွင့်အတွက် သူဟာ ဆက်ပြီး တိုက်ပွဲဝင်နေဦးမှာပါ။ ဦးဝင်းတင်ဟာ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ရဖို့အတွက် တက်တက်ကြွကြွ လှုပ်ရှားဦးဆောင်ခဲ့သူတဦး ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာတဲ့အချိန်မှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ စတင်ပြီးနောက် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတာ၊ သတင်းမီဒီယာ ဥပဒေမူကြမ်း ရေးဆွဲတာတွေကြောင့် သတင်းလွတ်လပ်ခွင့်တွေ ရလာတော့မယ်လို့ ကျနော်တို့ မျှော်လင့်ခဲ့ကြပါတယ်။ အခုတော့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးဟာ ရပ်တန့်နေတာတင် မဟုတ်ဘူး နောက်ပြန်သွားနေတာပါ။ ဒါ့အပြင် သတင်းထောက်တွေကို ဖမ်းဆီးထောင်ချတာတွေ အထင်အရှားရှိနေပြီး သတင်းလွတ်လပ်ခွင့် ဆိုတာလည်း မရှိသေးပါဘူး။”

နယူးယောက်မြို့အခြေစိက် CPJ လို့ခေါ်တဲ့ သတင်းထောက်များ အကာကွယ်ပေးရေး ကော်မတီကလည်း ဦးဝင်းတင်ကွယ်လွန်ခဲ့တာ တနှစ်ပြည့်ချိန်မှာ မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ဟာ ဆိုးရွားနေဆဲဖြစ်တယ်လို့ ပြောပါတယ်။ ဒါနဲ့ပတ်သက်လို့ CPJ ရဲ့ အာရှအစီအစဉ် လုပ်ငန်းညှိနှိုင်းရေးမှူး Bob Dietz က အခုလို ဆိုပါတယ်။

“မြန်မာနိုင်ငံမှာ သတင်းမီဒီယာတွေကို ဖိအားပေးတာတွေ ပိုပြီး တိုးလာနေပါတယ်။ မြန်မာအစိုးရအနေနဲ့ ပထမအကြိမ် ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်တုန်းကရှိခဲ့တဲ့ မျှော်လင့်ချက်တွေဟာလည်း ကွယ်ပျောက်ခဲ့ပါပြီ။ အခုဆိုရင် အစိုးရအုပ်ချုပ်ရေးပိုင်းမှာ စစ်တပ်ကလွှမ်းမိုးဖို့ ကြိုးစားနေတယ်လို့ ကျနော်တို့ မြင်ပါတယ်။ ဒါဟာ သတင်းလွတ်လပ်ခွင့်ကို ပိုပြီး ဆိုးရွားသွားစေပါတယ်။”

ဦးဝင်းတင်ကို ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့ကြီးဖြစ်တဲ့ UNESCO ကနေ ၂၀၀၁ ခုနှစ်မှာ နိုင်ငံတကာသတင်းလွတ်လပ်ခွင့် Guillermo Cano ဆုကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ အလားတူ WAN လို့ခေါ်တဲ့ ကမ္ဘာ့သတင်းစာများအဖွဲ့ချုပ်ကလည်း ရွှေကလောင်ဆုကို သာယာဝတီ စမ်းစမ်းနွဲ့နဲ့အတူ ၂၀၀၁ ခုနှစ်မှာ ဦးဝင်းတင်ကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့သတင်းစာလောကမှာ ဟံသာဝတီသတင်းစာကို ထူထောင်ခဲ့သူ ဦးဝင်းတင်ဟာ မြန်မာတွေအတွက် သတင်းပညာနဲ့ပတ်သက်လို့ နိုင်ငံတကာ အရည်အချင်း စံချိန်မီအောင် ကြိုးစားဆောင်ရွက်ခဲ့တယ်လို့ ခေတ်ရနံ့တာဝန်ခံအယ်ဒီတာ ပြည်သွေးနိုင် ကလည်း အခုလို ပြောပါတယ်။

“ဟံသာဝတီဆိုတာ မန္တလေးမှာ သတင်းစာအနေနဲ့ တခေတ်ပေ့ါလေ။ အဲဒီတခေတ်ကို ထူထောင်ခဲ့တာ ဦးစီးပဲ့ကိုင်ရှင်က ဘဘဦးဝင်းတင်ပါပဲ။ နောက်တခုက သူက အဲဒီမှာ သတင်းစာသမားပီသစွာနဲ့ သူလုပ်သင့်တာတွေကို လုပ်ခဲ့တယ်။ ပြောသင့်တာတွေကို ပြောခဲ့တယ်။ အစိုးရအလိုကျ အုပ်ချုပ်သူတွေအလိုကျ သူက လိုက်ပြီးတော့ မပြောခဲ့၊ မရေးခဲ့ဘူး။ သူယုံကြည်တဲ့အတိုင်း သတင်းစာသမားတယောက်အနေနဲ့ ရဲရဲဝံ့ဝံ့ ရပ်တည်ပြီးတော့ ဆောင်ရွက်ခဲ့တဲ့အတွက် ဟံသာဝတီဦးဝင်းတင်လို့ ဖြစ်လာတယ်။ ဟံသာဝတီသတင်းစာဆိုတာ မန္တလေးမှာ တခေတ်ဖြစ်ခဲ့ပါတယ်။”

ဒါ့အပြင် ဦးဝင်းတင်ဟာ စစ်အစိုးရလက်ထက်မှာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပေမဲ့ ခေါင်းငုံ့မခံဘဲ ယုံကြည်ချက်အတွက် ရပ်တည်လှုပ်ရှားခဲ့တဲ့ သံမဏိလူသားတဦး ဖြစ်တယ်လို့လည်း အခုလို ပြောပါတယ်။

“အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ စတင်တည်ထောင်ကတည်းက founder တဦးအနေနဲ့ ပါဝင်ခဲ့တယ်။ အဘဦးဝင်းတင် မရှိတဲ့အချိန်မှာ အဖွဲ့ချုပ်အတွက်လည်း အများကြီး ထိခိုက်နစ်နာရသလို မြန်မာပြည် ဒီမိုကရေစီရေးအတွက်လည်း တကယ် အဘလို ရဲရဲဝံ့ဝံ့နဲ့ ပြောသင့်တာကို ပြောရဲတဲ့ပုဂ္ဂိုလ်မျိုး မရှိတော့တဲ့အတွက် ဒီအသွင်ကူးပြောင်းရေးကာလမှာ အားနည်းချက်တခု ဖြစ်သွားတယ်လို့ ကျနော်တော့ ဒီလိုမြင်ပါတယ်။”

အခုလို နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ခဲ့တဲ့ ဝါရင့်နိုင်ငံရေးသမားကြီး သတင်းစာဆရာကြီး ဦးဝင်းတင်ကွယ်လွန်ခြင်း တနှစ်ပြည့်မြောက်တဲ့ ဒီကနေ့မှာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားမှုတခုအနေနဲ့ ရှပ်အင်္ကျီအပြာရောင်တွေ ဝတ်ဆင်ကြဖို့ကိုလည်း နိုင်ငံရေးလှုပ်ရှားတက်ကြွသူတွေက တိုက်တွန်းထားပါတယ်။

အလားတူ အစိုးရက ပြန်လည် ဖွဲ့စည်းလိုက်တဲ့ နိုင်ငံရေးအကျဉ်းသားများဆိုင်ရာ ကော်မတီကို တရားမျှတမှုရှိရှိ ပြန်လည်ဖွဲ့စည်းဖို့ AAPPB နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းပေါင်း ၂၀ ကလည်း ဦးဝင်းတင်ကွယ်လွန်ခြင်း တနှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ တောင်းဆိုထားပါတယ်။ ဒါ့အပြင် တနှစ်ပြည့်အောက်မေ့ဖွယ်ဂုဏ်ပြုပွဲကိုလည်း ဒီကနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီးခန်းမမှာ ဦးဝင်းတင် ဖောင်ဒေးရှင်းက ဦးစီးကျင်းပမှာ ဖြစ်ပါတယ်။

XS
SM
MD
LG