သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အရှေ့ဘက်ဒေသ နှင်းထုကြီး ရှင်းရတော့မယ်


အမေရိကန် ပြည်ထောင်စု အရှေ့ဘက်ခြမ်းမှာ သမိုင်းမှာ အကြီးမားဆုံး နှင်းမုန်တိုင်းကြီး တခုအဖြစ် စံချိန်ဝင်မယ့် နှင်းမုန်တိုင်းကြောင့် ၂ ရက်ဆက်တိုက် နှင်းကျခဲ့ပြီး ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ သန်းပေါင်းများစွာသော အမေရိကန် ပြည်သူတွေ ကားတွေနဲ့ အိမ်တွေမှာ ဖုံးနေတဲ့ နှင်းတွေကို ရှင်းထုတ်နေကြရပါတယ်။

မြို့တော် ဝါရှင်တန် ဒီစီ တဝိုက်မှာ ၂ ရက်နီးပါး နှင်းကျခဲ့ပြီး ဝါရှင်တန်ဒီစီ ဧရိယာ တဝိုက်မှာ နှင်းထုက ၆၀ စင်တီမီတာကျော်အထိ ရှိနေပါတယ်။ နှင်းမုန်းတိုင်း အခြေအနေကြောင့် မြင်နိုင်စွမ်းအား မရှိတော့တာကြောင့် မနေ့ စနေနေ့က ဝါရှင်တန် ဒီစီ တဝိုက်က လမ်းတွေပေါ်မှာ ယာဉ်သွားယာဉ်လာမရှိသလောက် ဖြစ်ခဲ့ပါတယ်။

နှင်းမုန်တိုင်းကြောင့် အဓိက အဝေးပြေး လမ်းမကြီးတွေ အပါအဝင် လမ်းမကြီးတွေ၊ မြေအောက်ရထား ပြေးဆွဲမှုနဲ့ လေဆိပ်တွေကိုလည်း အာဏာပိုင်တွေက ပိတ်ခဲ့ရပါတယ်။ နယူးယောက် မြို့ကြီးရဲ့ Central Park မှာတော့ နှင်းထုက ၆၄ စင်တီမီတာထိ စံချိန်တင် ရောက်ရှိခဲ့တယ်လို့ အမျိုးသား ရာသီဥတုဆိုင်ရာ ဌာနက ပြောဆိုပါတယ်။ လူပေါင်း ၈ ဒသမ ၄ သန်း နေထိုင်တဲ့ နယူးယောက်မြို့နဲ့ မြို့ပြင်တွေမှာ မနေ့ စနေနေ့တုန်းက ခရီးသွားခွင့် တားမြစ်ထားချက်ကို တနင်္ဂနွေနေ့ မနက်ပိုင်းမှာ အာဏာပိုင်တွေက ပြန်ရုပ်သိမ်းပေးခဲ့ပါတယ်။

ဘရော့ဒ်ဝေး ပြဇာတ်ရုံ တင်ဆက်မှုတွေကို ဖျက်သိမ်း၊ ပြတိုက်တွေနဲ့ ဈေးဆိုင်တွေ ပိတ်ခဲ့ပြီး အများပြည်သူသုံး သယ်ယူပို့ဆောင်ရေး အားလုံးကိုလည်း ဆိုင်းငံ့ခဲ့ပါတယ်။ လူပေါင်း ၈၅ သန်း နှင်းမုန်တိုင်းဒဏ်ကို ခံခဲ့ရပါတယ်။

XS
SM
MD
LG