သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်ဖြူတော် ဝါဖြေညစာစားပွဲ မြန်မာ့လူ့အခွင့်အရေး လှုပ်ရှားသူ တက်ရောက်မည်


မဝေဝေနု (Women for Justice)
မဝေဝေနု (Women for Justice)

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်က အိမ်ဖြူတော်မှာ ဒီညကျင်းပမယ့် အစ္စလာမ်ဘာသာဝင်တွေ အထွဋ်အမြတ်ထားရာ “ဝါဖြေ ညစာစားပွဲ” ကို တက်ရောက်ဖို့ မြန်မာနိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေနုကို အမေရိကန်သမ္မတက ဂုဏ်ပြုဖိတ်ကြားထားပါတယ်။ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး အခြေအနေတွေ၊ ၂၀၁၅ ရွေးကောက်ပွဲအနေအထားနဲ့ အာရှဒေသတွင်း နိုင်ငံတကာက အာရုံစိုက်နေရတဲ့ လှေစီးပြေး ဒုက္ခသည်တွေ အရေးတွေကို အမေရိကန်သမ္မတအပါအဝင် အမေရိကန်အစိုးရ ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့အခါ အဓိက ဆွေးနွေးသွားမှာဖြစ်တယ်လို့ ဖိတ်ကြားခံရတဲ့ မဝေဝေနုက ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

ဇွန်လ ၂၂ ရက်နေ့ အမေရိကန်စံတော်ချိန် တနင်္လာနေ့ညပိုင်း အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော် အမေရိကန်သမ္မတရဲ့အိမ်ဖြူတော်မှာ ကျင်းပမယ့် “ဝါဖြေညစာစားပွဲ” ကို တက်ရောက်ဖို့ အမေရိကန်သမ္မတအိမ်ဖြူတော်က မြန်မာနိုင်ငံက လူ့အခွင့်အရေးနဲ့ အမျိုးသမီးရေးလှုပ်ရှားသူ မဝေဝေနုကို ဖိတ်ကြားခဲ့ပါတယ်။ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဥပုသ်သီတင်းလမှာ အထွဋ်အမြတ်ထားကျင်းပတဲ့ ဝါဖြေညစာစားပွဲကို မြန်မာနိုင်ငံတွင်းမှာ ဘာသာရေးဖိနှိပ်မှု လူမျိုးရေးခွဲခြားဆက်ဆံမှုမထားဘဲ အုပ်ချုပ်သူ အစိုးရတာဝန်ရှိသူတွေကိုယ်တိုင် အခုလို အမေရိကန်အစိုးရလိုမျိုး မတူကွဲပြားတဲ့ ဘာသာတရားတွေအပေါ် လေးစားမှုနဲ့ ကျင်းပ ဆောင်ရွက်ပေးမယ်ဆိုရင် အမုန်းတရားနဲ့ စိတ်ဝမ်းကွဲပြားမှုတွေ ရှိတော့မှာမဟုတ်ဘူးလို့ မဝေဝေနုက ပြောလိုက်ပါတယ်။

“…ဝါဖြေတဲ့ညစာစားပွဲပေါ့နော်။ ဝါဖြေညစာစားပွဲဟာ ကျမအတွက်ပိုပြီး အဓိပ္ပာယ်ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျမတို့နိုင်ငံမှာ ကျမတို့က မတူကွဲပြားမှု၊ တခြား ဘာသာတရားတွေကိုကျမတို့ လေးစားမှု၊ ဂုဏ်ပေးမှုတွေကို ကျမတို့မတွေ့ရပါဘူး။ မတွေ့ရဘဲနဲ့ သူများနိုင်ငံမှာလာပြီးတော့ သူများနိုင်ငံကနေပြီးတော့ ဒီလိုမျိုးဖိတ်ပြီးတော့ ကျမတို့ကို လေးစားဂုဏ်ပြုပေးတယ်ဆိုတဲ့ဟာ အရမ်းကို အင်မတန် ဝမ်းမြောက်ဝမ်းသာစရာ ဖြစ်ပါတယ်။ …ဆိုတော့ ဒါမျိုး အလေ့အထတွေကို ကျမတို့ ပြည်တွင်းထဲမှာလည်း ကျမတို့မြန်မာနိုင်ငံအစိုးရကလည်း လုပ်ပေးတာမျိုးကို မြင်ချင်ပါတယ်။ အဲဒါမှ ပြည်တွင်းထဲမှာရှိနေတဲ့ စိတ်ဝမ်းကွဲမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ ပြည်သူတွေအချင်းချင်းကြားထဲမှာ မယုံကြည်မှုတွေ ပပျောက်သွားမှာ ဖြစ်ပါတယ်။ အစိုးရတွေ ကိုယ်နှိုက်ကိုက ဦးဆောင်ဦးရွက်ပြုပြီးတော့ ဘာသာတရားတွေကို လေးစားပေးတယ်၊ ဂုဏ်ပြုပေးတယ်ဆိုလို့ရှိရင် ဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့ မယုံကြည်မှုတွေ သောကတွေ ပျောက်သွားမယ်လို့ ထင်ပါတယ်ရှင့်။”

အမေရိကန်သမ္မတ အိုဘားမားကိုယ်တိုင် တက်ရောက်ချီးမြှင့်မှာဖြစ်တဲ့ ဒီဝါဖြေညစာစားပွဲအတွင်း မြန်မာနိုင်ငံတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရဆဲ အခြေအနေတွေကို အဓိကဆွေးနွေးတင်ပြသွားမှာဖြစ်တယ်လို့ မဝေဝေနုက ပြောပါတယ်။

“အမေရိကန်အနေနဲ့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအပြောင်းအလဲမှာ အားပေးတာကို ကျမတို့ထောက်ခံတယ်-ပေါ့နော်၊ ဒါပေမယ့် အဲဒီ ဒီမိုကရေစီ အပြောင်းအလဲဟာလည်း စစ်မှန်တဲ့ဒီမိုကရေစီအပြောင်းအလဲ ဖြစ်ဖို့လိုတယ်ပေါ့နော်၊ ရိုးသားတဲ့ဒီမိုကရေစီအပြောင်းအလဲဖြစ်ဖို့ လိုတယ်၊ လူတွေရဲ့ အခွင့်အရေးတွေကို အာမခံချက်ပေးနိုင်တဲ့ ဒီမိုကရေစီဖြစ်ဖို့လိုတယ်-ပေါ့နော်။ နောက်တခါကျတော့ အားလုံးပါဝင်နိုင်တဲ့ဒီမိုကရေစီ ဖြစ်ဖို့လိုတယ်၊ လူနည်းစု တစုကိုပဲဖြစ်ဖြစ်၊ တချို့သောလူတွေကိုပဲဖြစ်ဖြစ် ဖယ်ကျဉ်ပြီးတော့၊ ဒါမှမဟုတ်ရင် နှိပ်ကွပ်ပြီးတော့မှ ရတဲ့ဒီမိုကရေစီမျိုး မဖြစ်သင့်ဘူးဆိုတဲ့ ဟာမျိုးပေါ့။ အဓိက စစ်မှန်တဲ့ ဒီမိုကရေစီရဖို့အတွကို ကျမတို့ကို အားပေးသွားပါ-လို့ ကျမက ပြောချင်တယ်။ နောက်တခါကျတော့ လောလောဆယ် ဖြစ်ပေါ်နေတဲ့ တကယ့်ကို အခြေခံကျတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေအားလုံးကို အရင်ဆုံးဖြေရှင်းပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းသွားဖို့လည်း ကျမ ပြောချင်တယ်။ အထူးသဖြင့် ရခိုင်ဒေသမှာရှိတဲ့ပဋိပက္ခတွေ၊ နောက်ပြီးတော့ ကချင်စစ်ပွဲတွေ၊ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေကို အဓိက အမြန်ဆုံးဖြေရှင်းဖို့ မြန်မာအစိုးရကို တိုက်တွန်းဖို့ ကျမပြောချင်တယ်။ နောက်တခါ တရားမျှတမှုနဲ့ဆိုင်တဲ့ကိစ္စတွေ”

မြန်မာ့နိုင်ငံရေးမှာ အရေးကြီး အပြောင်းအလဲဖြစ်တဲ့ မြန်မာနိုင်ငံမှာ မကြာခင်ကျင်းပတော့မယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင်ပြည်သူအချို့မဲပေးခွင့် မရှိဘဲ နိုင်ငံသားအခွင့်အရေး မရကြတာတွေ၊ ပြည်သူ့ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ရွေးချယ်ပိုင်ခွင့် မရကြတဲ့ အနေအထားတွေကိုလည်း ရှင်းပြသွားမယ်လို့ မဝေဝေနုကပြောပါတယ်။

အာရှဒေသတွင်း ပင်လယ်ပြင်တွေမှာ ဒုက္ခရောက်နေကြရတဲ့ အကူအညီမဲ့ လှေစီးပြေးဒုက္ခသည်တွေအရေး ဘာကြောင့် သူတို့ဟာ နေရပ်ရင်းကို စွန့်ခွာ ထွက်ပြေးကြရပါသလဲဆိုတဲ့ အကြောင်းရင်းကို အဓိကထား ဦးစားပေးစုံစမ်းပေးဖို့ တိုက်တွန်းသွားမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေဆဲ မြန်မာနိုင်ငံကို အုပ်ချုပ်နေတဲ့ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ အရပ်သားအစိုးရအပေါ် အမေရိကန်အစိုးရဘက်က ဖြေလျော့မှုတွေနဲ့ ဆက်ဆံနေတဲ့မူဝါဒသဘောထားတွေနဲ့ပတ်သက်လို့ ပြန်လည်သုံးသပ်ပေးဖို့ကိုလည်း ဆွေးနွေးသွားမှာဖြစ်တယ်လို့ မဝေဝေနုက ဆိုပါတယ်။

Justice for Women အဖွဲ့ ဦးဆောင်သူ မဝေဝေနုဟာ အမေရိကန်သမ္မတဟောင်း Gorge W. Bush ရဲ့ Bush Center က စီစဉ်တဲ့ လွတ်လပ်မှုနဲ့ ခေါင်းဆောင်မှု ( Liberty and Leadership) သင်တန်းရဲ့ သင်တန်းဆင်းဂုဏ်ပြုလက်မှတ်လက်ခံရယူဖို့ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတာ ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ဒီသင်တန်းကို ပညာရေးပြုပြင်ပြောင်းလဲရေးလှုပ်ရှားနေကြတဲ့ ဗမာနိုင်ငံလံုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂက ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ မဖြိုးဖြိုးအောင်နဲ့ ကိုလင်းထက်နိုင်တို့အတူ တက်ရောက်ခဲ့တာဖြစ်ပေမဲ့ မဖြိုးဖြိုးအောင်ကတော့ ဖမ်းဆီးထိန်းသိမ်းခံရပြီး တရား ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ ကိုလင်းထက်နိုင်ကတော့ အာဏာပိုင်တွေရဲ့ လက်ကလွတ်မြောက်အောင် တိမ်းရှောင်နေရဆဲဖြစ်လို့ သူတို့နှစ်ဦးဟာ အမေရိကန်ပြည်ထောင်စုကို လာရောက်ပြီး သင်တန်းဆင်းပွဲကို တက်ရောက်နိုင်ခြင်းမရှိပါဘူး။

XS
SM
MD
LG