ဂျာမနီနိုင်ငံမှာ စနေနေ့က ကစားကြတဲ့ ၂၀၁၁ ခုနှစ် အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံး ပြိုင်ပွဲ ကွာတားဖိုင်နယ် ပွဲစဉ်တွေမှာ ပြင်သစ်အသင်းက အင်္ဂလန်အသင်းကို ပဲန်နယ်လ်တီမှာ အနိုင်ကန်ပြီး အကြိုဗိုလ်လုပွဲကို တက်သွားပါတယ်။ အချိန်ပိုကစားပြီးချိန်မှာလည်း ၁ ဂိုးစီ သရေဖြစ်နေတဲ့ ပြင်သစ်နဲ့ အင်္ဂလန်အသင်းတို့ ပဲန်နယ်လ်တီ ကန်ကြတာမှာ ၄ ဂိုး ၃ ဂိုးနဲ့ အင်္ဂလန်က ပြင်သစ်ကို ရှုံးသွားတာပါ။
နောက်ထပ် ကွာတားဖိုင်နယ်ပွဲတခုဖြစ်တဲ့ အိမ်ရှင် ဂျာမနီအသင်းနဲ့ ဂျပန်အသင်းတို့ ပွဲကလည်း အကြိတ်အနယ် ကန်ခဲ့ကြတဲ့ပွဲပါ။ မိနစ် ၉၀ ကန်ပြီးချိန်အထိ ဘယ်ဖက်ကမှ ဂိုးမသွင်းနိုင်ခဲ့ကြပါဘူး။
အချိန်ပို ဒုတိယပိုင်း ပြန်စချိန်မှာတော့ ဂျပန်အသင်းက မာရူယာမာ (Maruyama) က ၁ ဂိုး သွင်းနိုင်ခဲ့တဲ့အတွက် ဂျပန်က ဂျာမနီကို ၁ ဂိုး ဂိုးမရှိနိုင်ပြီး ဆီမီးဖိုင်နယ်ကို တက် သွားပါတယ်။
ဒီကနေ့ တနင်္ဂနွေနေ့မှာ ကစားကြဖို့ရှိတဲ့ ကွာတားဖိုင်နယ်ပွဲစဉ်တွေကတော့ ဆွီဒင်နဲ့ သြစတြေးလျ၊ ဘရာဇီးလ်နဲ့ အမေရိကန်တို့ ဖြစ်ပါတယ်။
ဆွီဒင်နဲ့သြစတြေးလျပွဲမှာ နိုင်တဲ့အသင်းက ဂျပန်နဲ့ ဆီမီးဖိုင်နယ်မှာ ကစားရမှာဖြစ်ပြီး ဘရာဇီးလ်နဲ့ အမေရိကန် နိုင်တဲ့အသင်းနဲ့ ပြင်သစ်အသင်း တွေ့ကြမှာဖြစ်ပါတယ်။