သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Women’s Forum မြန်မာနိုင်ငံမှာ ကျင်းပမည်


အပြည်ပြည်ဆိုင်ရာ Women’s Forum တခုကို ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမှာဖြစ်ပါတယ်။ အမျိုးသမီးတွေနဲ့ဆိုင်တဲ့ ဆွေးနွေးပွဲတွေကို အရင်တုန်းက ကျင်းပခွင့်မရခဲ့ဘဲ သိပ်မကြာခင် အချိန်ပိုင်းကမှ စပြီးတော့ ကျင်းပခွင့်ရလာတာပါ။

ဒီဆွေးနွေးပွဲတွေကနေ အမျိုးသမီးတွေနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကို နိုင်ငံတော်အဆင့်ထိ သိအောင် တရားဝင် ပြောဆိုလာနိုင်တဲ့အတွက် ဒီလိုဆွေးနွေးပွဲတွေ ကျင်းပတာကို ကြိုဆိုတယ်လို့ ကိုယ်တိုင် ပါဝင်ဆွေးနွေးမယ့် အမျိုးသမီးရေးလှုပ်ရှားသူတစ်ဦးက ဗွီအိုအေကိုပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့အခြေစိုက် အမျိုးသမီးများ၏ ဖိုရမ်လို့ဆိုရမယ့် Women’s Forum အဖွဲ့က ကျင်းပပြီးတော့ မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးရဲ့ အစီအစဉ်၊ မြန်မာအစိုးရရဲ့ ပံ့ပိုးကူညီမှုတို့နဲ့ ဒီဆွေးနွေးပွဲကို ကျင်းပမှာဖြစ်ပါတယ်။

ဒီဇင်ဘာလ ၆ ရက်နဲ့ ၇ ရက်နေ့တွေမှာ ရန်ကုန်မြို့မှာကျင်းပမယ့် ဆွေးနွေးပွဲအတွက် ဒီ့မတိုင်ခင် အတော်ကြာကတည်းက ပြည်တွင်း အခြေစိုက် အမျိုးသမီးရေးလှုပ်ရှားတဲ့ အဖွဲ့တချို့နဲ့ Women’s Forum အဖွဲ့က ညှိနှိုင်းတိုင်ပင်ပြီး စီစဉ်ခဲ့တာပါ။ အဲဒီလို စပြီး ညှိနှိုင်းတိုင်ပင်ကတည်းက ပါခဲ့တဲ့ မြန်မာပြည်အခြေစိုက် Gender Equality Network ကျား-မရေးရာ တန်းတူညီမျှရေးကွန်ယက် အဖွဲ့က အကြီးတန်းညှိနှိုင်းရေးမှူး ကချင်တိုင်းရင်းသူ မမေစံပယ်ဖြူ (ခ) အယ်လ်ခေါန်တွယ်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ဒီနှစ်တော့ မြန်မာပြည်မှာလုပ်ဖို့အတွက် သူတို့ စိတ်ဝင်စားတယ်ပေါ့နော်။ မြန်မာပြည်က လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ဝန်ကြီးကလည်း သူတို့ကို ဖိတ်တယ်ဆိုတော့လေ ဒီနှစ်တော့ မြန်မာနိုင်ငံမှာလုပ်ဖို့အတွက် သူတို့က ဆုံးဖြတ်တယ်လို့ သိထားပါတယ်။”

ဆွေးနွေးပွဲ တက်ရောက်မယ့်သူတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF အကြီးအကဲ Christine Lagarde တို့လို ထင်ရှားသူတွေ အပါအဝင် မြန်မာနိုင်ငံတွင်းက အစိုးရ၊ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနဲ့ လူထုအခြေပြုအဖွဲ့ အစည်းတွေက အမျိုးသမီး ၃၀၀ လောက်နဲ့ နိုင်ငံတကာက ခေါင်းဆောင်တွေနဲ့ ထင်ရှားသူ ၁၅၀ ကျော် တက်ရောက်မယ်လို့ Women’s Forum အဖွဲ့ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

မြန်မာအစိုးရ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဝန်ကြီး ဒေါက်တာ ဒေါ်မြတ်မြတ်အုန်းခင်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြင်သစ်နိုင်ငံ ယဉ်ကျေးမှုနဲ့ ဆက်သွယ်ရေးဝန်ကြီး Aurélie Filippetti တို့ က ဒီဇင်ဘာ ၆ ရက်နေ့ ဖွင့်ပွဲမှာ အဖွင့်မိန့်ခွန်းပြောကြမှာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၇ ရက် စနေနေ့အစီအစဉ်ထဲမှာပါဝင်တဲ့ Developing leadership for tomorrow ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောဖို့ရှိပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ပင်တိုင် ဆွေးနွေးသူတစ်ဦးအဖြစ် ပါဝင်မယ့် မမေစံပယ်ဖြူ က သူဆွေးနွေးဖို့ စဉ်းစားထားတာတချို့ကို ဗွီအိုအေကို အခုလိုပြောပါတယ်။

“ခေါင်းဆောင်မှုနဲ့ ပတ်သက်တဲ့ဟာမှာ အထူးသဖြင့်တော့ မြန်မာနိုင်ငံက အမျိုးသမီးတွေအနေနဲ့ ခေါင်းဆောင်မှုနေရာမှာ ရောက်ရှိဖို့အတွက် အလုပ်လုပ်ကိုင်နိုင်ဖို့နေရာမှာ အဓိကကြုံနေရတဲ့ အခက်အခဲတွေ၊ အဲ့ဒါတွေကို ကျမ ပြောချင်ပါတယ်။ အဲ့ဒီအခက်အခဲတွေကို overcome လုပ်နိုင်တဲ့ recommendation ပေါ့နော် အဲတော့ ကျမတို့ ဒီအမျိုးသမီးတွေ ခေါင်းဆောင်ဖြစ်လာဖို့အတွက်ဆိုရင် ဒီလို အခက်အခဲတွေ၊ Challenge တွေ ရှိနေပါတယ်။ အဲ့ဒီဟာအတွက်ကို ကျမတို့အနေနဲ့တော့ အမျိုးသမီးတယောက်အနေနဲ့တော့ ဒီလို ဒီလိုလေးတွေ လုပ်ရင်တော့ ကောင်းမယ်လို့ မြင်တယ်ပေါ့နော်။ အဲ့ဒါတွေကိုပဲ အဓိကပြောမယ်လို့ စိတ်ကူးထားပါတယ်။”

သိပ်မကြာခင်အချိန်တွေတုန်းကဆိုရင် မြန်မာနိုင်ငံမှာ အခုလို အမျိုးသမီးရေးရာ ဆွေးနွေးပွဲမျိုး ကျင်းပဖို့မဆိုထားနဲ့ အမျိုးသမီး ရေးဆိုတာဟာ အစိုးရက ဦးစီးဖွဲ့စည်းပြီး စစ်တပ်အရာရှိကြီးတွေရဲ့ ဇနီးတွေက ထိပ်ပိုင်းနေရာတွေကို ယူထားတဲ့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်နဲ့ပဲ သက်ဆိုင်သလို လုပ်ထားခဲ့တာပါ။

အခုတော့ အမျိုးသမီးရေးရာအဖွဲ့တွေ ဖွဲ့လာနိုင်၊ လှုပ်ရှားမှုတွေ လုပ်လာနိုင်၊ အမျိုးသမီးတွေအတွက် အခွင့်အလန်းတွေ ပိုပြီး ဖော်ဆောင်ပေးဖို့၊ အခွင့်အရေးတွေကို အသိအမှတ်ပြုပြီး မြှင့်တင်ကာကွယ်ပေးဖို့ တရားဝင် ပြောဆိုလာနိုင်ပြီဖြစ်တာကြောင့် ဒီလိုဆွေးနွေးပွဲမျိုးတွေ ကျင်းပလာနိုင်တာကို မမေစံပယ်ဖြူတို့လို အမျိုးသမီးရေးလှုပ်ရှားသူတွေက ကြိုဆိုပါတယ်။

“လူတော်တော်များများကတော့ ရန်ကုန်တို့ နေပြည်တော်တို့မှာ အမျိုးသမီးနဲ့ပတ်သက်တဲ့ ကြီးကျယ်ခမ်းနားတဲ့ Forum တွေ၊ Dialogue တွေ၊ Workshop တွေ လုပ်နေယုံနဲ့ မပြီးဘူးလို့ ကျမတို့ ဝေဖန်ထောက်ပြသူတွေတော့ ရှိပါတယ်။ သို့သော်လည်း ကျမတို့တွေဟာ ဒါတွေဟာ အစခြေလှမ်းတွေဖြစ်တယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍနဲ့ အသံကို ဒီလောက် နိုင်ငံတော်အဆင့်အထိ ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား တခါမှ ကျမတို့တွေ ကျမတို့အသံတွေကို ထုတ်ဖော်ပြောဆိုဖို့အတွက် ယခင်က ကျမတို့ အခွင့်အရေး မရခဲ့ဖူးဘူး။ အဲတော့ အခွင့်အရေး ရလာတဲ့အပေါ်မှာ ဒါကို ကျမတို့က ကြိုဆိုရမှာပါ။”

သူတို့အနေနဲ့ လေ့လာဖို့၊ ဆွေးနွေးဖို့၊ သင်ယူဖို့နဲ့ လက်တွဲလုပ်ဆောင်ဖို့ မြန်မာနိုင်ငံဆီသွားမှာဖြစ်ကြောင်း၊ ရေရှည်ခိုင်မြဲမယ့် စည်းနှောင်မှုကို တည်ထောင်ပြီး ဆက်နွယ်မှုတွေဖြစ်လာအောင် လှုံ့ဆော်ချင်၊ အပြောင်းအလဲတွေ ဖန်တီးချင်ပါတယ်လို့ Women’s Forum အဖွဲ့ရဲ့ စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ အမှုဆောင်အရာရှိချုပ် Jacqueline Franjou ပြောတာကို အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလျှင်အမြန် ပွင့်လင်းလာနေတဲ့ လူ့အဖွဲ့အစည်းတခုက အမျိုးသမီးများဆိုတဲ့ အဓိကခေါင်းစဉ်ကြီးနဲ့ နှစ်ရက်ကြာကျင်းပမယ့် ဆွေးနွေးပွဲမှာ အကြောင်းအရာအမျိုးမျိုးကို ဆွေးနွေးကြမယ့်အထဲ မြန်မာနိုင်ငံက အမျိုးသမီးတွေနဲ့ တိုက်ရိုက် သက်ဆိုင်တယ်လို့ ဆိုရမယ့် ဆွေးနွေးပွဲကချည်းပဲ ခြောက်ခု ပါဝင်ပါတယ်။
XS
SM
MD
LG