Women's March လို့ နာမည်ပေးထားတဲ့ ဆန္ဒပြပွဲကို အမေရိကန်နိုင်ငံအပါအဝင် ကမ္ဘာတ၀ှမ်းက မြို့ ကြီးတွေမှာမနေ့စနေနေ့က ၃ နှစ်မြောက် ကျင်းပခဲ့တာမှာ ထောင်နဲ့ချီတဲ့ အမျိုးသမီးတွေ ပါဝင်ဆင်နွှဲခဲ့ပါတယ်။ ဆန္ဒပြသူတွေ တောင်းဆိုကြတဲ့အချက်ထဲမှာ ကျား-မ တန်းတူညီမျှရေး၊ သဘာဝပတ်ဝန်းကျင်အပေါ် အာရုံစိုက်လာစေရေးနဲ့ ရွှေ့ပြောင်းအခြေချလာသူတွေရဲ့ အခွင့်အရေးတွေလည်းပါဝင်ပါတယ်။ အမေရိကန်အိမ်ဖြူတော်နဲ့ မလှမ်းမကမ်းမှာ ကျင်းပတဲ့ စုဝေးပွဲမှာတော့ Women's March လှုပ်ရှားမှုကို သွေးခွဲပြီး ဟန့်တားလို့မရဘူးလို့ ပွဲဖြစ်မြောက်ရေး စီစဉ်ကျင်းပသူလည်းဖြစ်၊ transgender လို့ခေါ်တဲ့လိင်ပြောင်းထားသူတွေရဲ့ အခွင့်အရေး တက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ Abby Stein က ဆန္ဒပြသူတွေကို ပြောဆိုခဲ့ပါတယ်။ လူအတော်များများနဲ့ သတင်းဌာနတွေကပါ ဆန္ဒပြသူတွေကို သွေးခွဲနေပေမယ့် ခုလိုလာရောက်စုဝေးတာက ဆန္ဒပြသူတွေကြား မတူခြားနားတဲ့အချက်တွေ ရှိနေတာကြောင့်ဖြစ်တယ်လို့ Abby ကပြောပါတယ်။
House of the Lord ဘုရားကျောင်းက ဘုန်းတော်ကြီးLeah Daughtry ကလည်း ဝါရှင်တန်က ဆန္ဒပြသူတွေကို လာရောက်မိန့်ခွန်းပြောကြားခဲ့တာပါ။ နယ်စပ်ကနေ အမေရိကန်ထဲဝင်လာအချိန်မှာ မိဘအုပ်ထိန်းသူတွေနဲ့ခွဲခံထားရတဲ့ ကလေးတွေ သူတို့မိဘတွေနဲ့ ပြန်လည်ပေါင်းစည်းနိုင်တဲ့အထိ ဆက်ပြီးတောင်းဆိုသွားမယ့်အပြင် ကလေးအားလုံး ပညာသင်ကြားခွင့်ရပြီး၊ လူတိုင်း အခမဲ့ ကျန်းမာရေးဝန်ဆောင်မှု အပြည့်အ၀ရသည်အထိ မရပ်မနား တောင်းဆိုသွားမယ်လို့ ဘုန်းတော်ကြီးLeah Daughtry က ပြောပါတယ်။
Women's March ရဲ့ ပထမဆုံးဆန္ဒပြပွဲကိုတော့ ၂၀၁၇ ခုနှစ်က သမ္မတ Donald Trump ကျမ်းသစ္စာကျိန်ဆိုပြီးနောက်တနေ့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
Women’s March အမျိုးသမီးထု ချီတက်ဆန္ဒပြပွဲကို တတိယနှစ်အဖြစ် အမေရိကန်ပြည်ထောင်စု မြို့တော်ဝါရှင်တန်ဒီစီနဲ့ အခြားမြို့ကြီးတွေမှာ စနေနေ့က ကျင်းပခဲ့ကြပါတယ်။ ကျားမတန်းတူခွင့်ရရေး၊ သန္ဓေသားဖျက်ချမှုဆိုင်ရာ သဘောထား၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စိုးရိမ်မကင်းဖြစ်မှုတွေနဲ့ ရွှေ့ပြောင်းအခြေချသူများ အခွင့်အရေး စတဲ့ကိစ္စရပ်တွေအတွက် ဆန္ဒထုတ်ဖေါ်ခဲ့ကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
နိုင်ငံတဝှမ်းက အမျိုးသမီးထု ချီတက်ဆန္ဒပြပွဲကို သမ္မတဒေါ်နယ်ထရမ့် အိမ်ဖြူတော်မှာ ရုံးစထိုင်ခဲ့ချိန် ၂၀၁၇ ခုနှစ် ဇန်နဝါရီလထဲမှာပဲ ပထမဆုံး အကြိမ်အဖြစ် စတင်ခဲ့တာပါ၊ အဲဒီတုန်းက ဝါရှင်တန်ဒီစီမှာ လူသိန်းနဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။ အခု ၂၀၁၉ ဇန်နဝါရီ ၁၉ မှာလုပ်တဲ့ တတိယ အကြိမ် အမျိုးသမီးထုချီတက်ပွဲမှာတော့ လူသောင်းဂဏန်းသာရှိမယ်လို့ ခန့်မှန်းကြပါတယ်။ အဲဒီလူထုချီတက်ပွဲကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ VOA ဝိုင်းတော်သူ မဆုမွန်ကို မေးမြန်းတဲ့အခါ သူက ခုလိုစပြောပါတယ်။
မဆုမွန်။ ။ အဓိက ကတော့ အမျိုးသမီးထုအားလုံးရဲ့အခွင့်အရေးနဲ့ပတ်သက်ပြီးတော့ အသားအရောင်မရွေး၊ အသက်အရွယ်မရွေး၊ နောက် လူထုလူတန်းစားမရွေး၊ အားလုံးကနေပြီးတော့ တခြား မြို့တွေ၊ နယ်တွေကနေ စုဝေးပြီးတော့မှ လာပြီးတော့ ချီတက်တောင်းဆို ဆန္ဒပြကြတာပေါ့နော်။ ဒီအမျိုးသမီးတွေနဲ့အတူတူ LGBT တွေလည်းပါတယ်။ အဓိကကတော့ အမျိုးသမီးထုအခွင့်အရေးနဲ့ပတ်သက်ပြီး အမျိုးသမီးတွေအားလုံးက တန်းတူ အခွင့်အရေးရှိရမယ်။ အဲဒီမှာ တချို့အမျိုးသမီးလေးတွေကလည်း ကိုင်ထားတာရှိတယ်ပေါ့နော်။ That’s my body. That’s my choise. ဒါ ကိုယ့်ရဲ့ခန္ဓာကိုယ်သာဖြစ်တယ်၊ ဒါ ကိုယ့်ရဲ့ဆုံးဖြတ်ချက်သာဖြစ်တယ်။ အထူးသဖြင့် ဒါက ကျမထင်တာကတော့ ကိုယ်ဝန်နဲ့ပတ်သက်ပြီးတော့ ကိုယ့်ရဲ့ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြစ်တယ်ဆိုတဲ့ဟာမျိုး ပေါ့နော်။ ဒါပေမယ့် တခြားတဘက်မှာလည်း ကိုယ်ဝန်ဖျက်ချတဲ့ကိစ္စနဲ့ပတ်သက်ပြီး ထောက်ခံတဲ့သူလည်း ပါနိုင်သလို ဒါနဲ့ပတ်သက်ပြီး ဆန့်ကျင်တဲ့သူလည်း ပါနိုင်တယ်ပေါ့နော်။ ဒါပေမယ့် သူတို့အားလုံးရဲ့ တူညီတဲ့အချက်တခုကတော့ အမျိုးသမီးတွေက ကိုယ့်ရဲ့အခွင့်အရေးအတွက် ကိုယ်ကိုယ်တိုင်ပဲ ဆုံးဖြတ်ချက်ချခွင့်ရှိသင့်တယ်ဆိုတဲ့အချက်မျိုးကို သူတို့က အဓိက Highlight လုပ်ပြီးတော့ ပြောချင်တဲ့သဘောလို့ ကျမ နားလည်ပါတယ်ရှင့်။
ကိုဉာဏ်ဝင်းအောင်။ ။ အဲဒီတော့ နောက်တခုက အမေရိကန်နိုင်ငံရေးလောကမှာ အမျိုးသမီးပါဝင်မှုနှုန်း ပိုပြီးတော့ မြင့်မားစေချင်တဲ့တောင်းဆိုမှုတွေကိုရော တွေ့ရသေးလားခင်ဗျ။
မဆုမွန်။ ။ကျမထင်တာတော့ အဓိကက အမျိုးသမီးတွေရဲ့နိုင်ငံရေးမှာပါဝင်ခွင့်၊ နောက်ပြီးတဲ့အခါကျတော့ အမျိုးသမီးရဲ့အခွင့်အရေး၊ အမျိုးသမီးတွေရဲ့လှုပ်ရှားမှု၊ ဒါတွေနဲ့ပတ်သက်ပြီးတော့ အမျိုးသမီးထုရဲ့အခွင့်အရေးကို အမျိုးသမီးထုကပဲ ကိုယ်ပိုင် တောင်းဆိုခွင့်ရှိမယ်။ ဒါကြောင့်မို့လို့ March for all women သူတို့ရဲ့ ဒီနေ့ ပရိုဂရမ်က။ အဲဒါကို ကျမ တွေ့နေရပါတယ်။
ကိုဉာဏ်ဝင်းအောင်။ ။ ဟုတ်ကဲ့၊ လူတွေက ဒီရာသီဥတုအောက်မှာ ဘယ်လို စိတ်အားထက်သန်မှုတွေ တွေ့ရပါလဲခင်ဗျ။
မဆုမွန်။ ။ ရာသီဥတုက တော်တော်လေးမှကို အေးတယ်၊ အေးတာမှအေးခဲပြီတော့ကို စိမ့်နေတယ်ပေါ့နော်။ ရေခဲမှတ်အောက်လောက်ကို ရောက်နေတဲ့အနေအထားမှာရှိနေတယ်။ ဒါပေမယ့် လူတွေက ကလေးလေးတွေလည်းပါတယ်။ အမျိုးသမီးတွေလည်းပါတယ်။ အဖွားကြီးတွေလည်း ပါတယ်။ သက်ကြီးရွယ်အိုတွေလည်း ပါတယ်ပေါ့နော်။ ဒါပေမယ့် သူတို့က ဇွဲရှိရှိနဲ့တကယ်ကိုမှ စိတ်အားထက်သန်စွာနဲ့ပဲ လမ်းလျှောက်နေကြတာ တွေ့တယ်။ နောက်တခုက အဲဒီမှာ ကျမထူးဆန်းတာ နောက်တခုတွေ့ခဲ့တာကျတော့ ဆန္ဒပြတဲ့လမ်းကြောင်းတလျှောက်လုံးကိုလည်း လုံခြုံရေး အပြည့်ယူပေးထားတာကိုတွေ့တယ်။
၂၀၁၉ အမျိုးသမီးချီတက်ပွဲတွေကို နယူးယောက်၊ ကယ်လီဖိုးနီးယား၊ တက္ကဆက်၊ ဖလော်ရီဒါ၊ မီချီဂန်နဲ့ ပန်ဆယ်ဗေးနီးယားပြည်နယ်တွေ မှာလည်း ကျင်းပကြပါတယ်။