မတ်လ (၈) ရက်နေ့က နိုင်ငံတကာ အမျိုးသမီးများနေ့ကို ကမ္ဘာတဝှမ်း ဂုဏ်ပြုပွဲအခမ်းအနားတွေ ကျင်းပခဲ့ရာမှာ မြန်မာနိုင်ငံ နေပြည်တော်မှာလဲ နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားကိုတော့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက ကြီးမှူးကျင်းပခဲ့ရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောခဲ့ပါတယ်။
ဒီနှစ် နိုင်ငံတကာအမျိုးသမီးများနေ့ရဲ့ ရည်မှန်းချက်က အမျိုးသမီးတွေ စီးပွားရေးစွမ်းဆောင်မှု မြှင့်တင်ဖို့ ဖြစ်ပေမဲ့ ကိုယ့်နိုင်ငံရဲ့ ငြိမ်းချမ်းရေးမှာလဲ ပါဝင်ဆောင်ရွက်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။ ငြိမ်းချမ်းရေး ဖေါ်ဆောင်ရာမှာ မြန်မာအမျိုးသမီး တွေရဲ့ပါဝင်ခွင့်ရရှိမှုက ဘယ်လိုရှိပါသလဲဆိုတာကို ဒီသတင်းပတ်အမျိုးသမီးကဏ္ဍမှာ ဒေါ်လှလှသန်းက တင်ပြပေးထားပါတယ်။