သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလားအနိုင်ရ ကန်အမျိုးသမီးအသင်း ဌာနေမှာ လှိုက်လှဲစွာကြိုဆို


အမျိုးသမီး ကမ္ဘာ့ဖလား အောင်ပွဲခံ အမေရိကန် အမျိုးသမီး ဘောလုံးအသင်း အမိမြေကို ပြန်လည် ရောက်ရှိလာခဲ့ပြပါပြီ။ ကမ္ဘာ့ဖလားကို လေးကြိမ်မြောက် ဗိုလ်စွဲခဲ့တဲ့ အမျိုးသမီး ဘောလုံး အသင်း New Jersey ပြည်နယ်ရှိ Newark လေဆိပ်ကို တနင်္လာနေ့ ညနေ ၄ နာရီခွဲမှာ ဆိုက်ရောက်ချိန်မှာတော့ ဂုဏ်ပြု ကြိုဆိုသူတွေက "Congratulations Team USA" လို့ အော်ဟစ်လို့ ကြိုဆိုခဲ့ကြပါတယ်။

အမေရိကန် အသင်းဟာ တနင်္ဂနွေနေ့က ပြင်သစ်နိုင်ငံမှာကစားခဲ့တဲ့ အမျိုးသမီး ကမ္ဘာ့ဖလားဗိုလ်လုပွဲ ဖိုင်နယ်ပွဲမှာ ဥရောပ ချန်ပီယံ နယ်သာလန် အမျိုးသမီး အသင်းကို ၂ ဂိုး- ဂိုး မရှိနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နာမည်ကြီး ကစားသမား Megan Rapinoe က ၆၁ မိနစ်မှာ penalty ဂိုးကန်သွင်းခဲ့ပြီး ၊ Rose Lavelle က ၆၉ မိနစ်မှာ နောက်ထပ်ဂိုးကန်သွင်းခဲ့ပြီး အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ အမျိုးသမီး ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ Rapinoe ဟာ ဂိုးပေါင်း ၆ ဂိုးကို ကန်သွင်းနိုင်ခဲ့သူ ဖြစ်ပါတယ်။ သူဟာ ဂိုးအကောင်းဆုံးသွင်းနိုင်သူ အဖြစ် Golden Boot ဆု နဲ့ အကောင်းဆုံး ဘောလုံးသမားဆု Golden Ball ဆု တို့ကို လက်ခံရရှိခဲ့ပါတယ်။

အမေရိကန် အမျိုးသမီး ဘောလုံး အသင်းဟာ ၁၉၉၁ ခုနှစ်၊ ၁၉၉၉ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်တွမှာလည်း အနိုင်ရ ဗိုလ်စွဲခဲ့ဖူးပြီး ဂျာမနီ အသင်းပြီးနောက် ကမ္ဘာ့ ဖလားကို နှစ်ကြိမ် ဆက်တိုက် ဗိုလ်စွဲတဲ့ ဒုတိယအသင်း ဖြစ်လာပါတယ်။ အမေရိကန် အသင်းဟာ ၁၉၉၆ ၊ ၂၀၀၄၊ ၂၀၀၈ နဲ့ ၂၀၁၂ တွေတုန်းကလည်း အိုလံပစ် ရွှေတံဆိပ် ဆွတ်ခူးခဲ့ပါတယ်။

နယူးယောက် မြို့တော်ဝန် Bill de Blasio ကလည်း ဗုဒ္ဓဟူးနေ့မှာ အနိုင်ရ အမေရိကန် အမျိုးသမီး အသင်းကို နယူးယောက် မြို့တွင်း လှည့်လည် အောင်ပွဲခံ ဂုဏ်ပြုပွဲ ကျင်းပပေးဖို့ အစီအစဉ် ရှိပါတယ်။

သမ္မတ ထရမ့်ကတော့ ၂၀၁၉ ခုနှစ် ကမ္ဘာ့ဖလား ချန်ပီယံ အမေရိကန် အမျိုးသမီး အသင်းကို twitter မှာ ဂုဏ်ပြု ချီးကျူးခဲ့ပြီး အမေရိကန်ပြည်ထောင်စုအနေနဲ့ သူတို့အတွက် သိပ် ဂုဏ်ယူပါတယ်လို့ ရေးသားခဲ့ပါတယ်။ အနိုင်ရ အသင်းကို အိမ်ဖြူတော်ကို ဖိတ်ကြားဖို့ မေးခွန်းကိုတော့ စဉ်းစားမှာ အသေအချာ ပါပဲလို့ ဖြေကြားခဲ့ပါတယ်။

အမေရိကန် အသင်းရဲ့ အကျော်အမော် ဘောလုံးသမား Megan Rapinoe နဲ့ သမ္မတ ထရမ့်တို့ ဒီ ကိစ္စ အရင်က အချီအချ ပြောနေခဲ့ကြတာပါ။ Rapinoe က သူ့ကို ဖိတ်ကြားရင်တောင် အိမ်ဖြူတော် သွားမှာ မဟုတ်ဘူးလို့ စကား ခပ်ကြမ်းကြမ်းနဲ့ မှတ်ချက်ပေးခဲ့ဖူးပြီး သမ္မတ ထရမ့်က အနိုင်ရအောင် ကစားပါဦး၊ မနိုင်ရင်လည်း ဖိတ်မှာပါလို့ ပြောခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG