သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေပြည်တော်ချီတက်တဲ့ အလုပ်သမားသပိတ် နှိမ်နင်းခံရ


စစ်ကိုင်းတိုင်းဒေသကြီးကနေ နေပြည်တော်ကို ချီတက်လာတဲ့ အလုပ်သမား သပိတ်စစ်ကြောင်းကို တားဆီးပြီးတော့ တက်ကြွလှုပ်ရှားသူတွေကို နေပြည်တော်မှာ အာဏာပိုင်တွေဘက်က ဒီကနေ့မှာ ဖမ်းဆီးလိုက်ပါတယ်။ နေပြည်တော်ကောင်စီ အာဏာပိုင်တွေနဲ့ အလုပ်သမားတွေကြား ညှိနှိုင်းမှုတွေလုပ်ခဲ့ပေမယ့်၊ အဆင်မပြေဖြစ်ခဲ့ပြီးတဲ့နောက်မှာ အခုလို ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ ဒီအခြေအနေအပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းကနေ နေပြည်တော်ကို ချီတက်လာနေတဲ့ Myanmar Veneer Plywood သစ်အချောထည်စက်ရုံ အလုပ်သမား သပိတ်စစ်ကြောင်းက အလုပ်သမားတွေ နဲ့ သပိတ်ကို ဝန်းရံပြည်သူ ၇၀ ကို အာဏာပိုင်တွေက နေပြည်တော်မှာ ဒီကနေ့ဖမ်းဆီးလိုက်ပါတယ်။ အလုပ်သမားတွေရဲ့ ချီတက်ဆန္ဒပြမှု ရက် ၂၀ ကြာတဲ့အချိန်မှာ အာဏာပိုင်တွေဘက်က အခုလို ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။ ဆန္ဒပြတဲ့အလုပ်သမားတွေကို မဖမ်းဆီးခင်မှာပဲ နေပြည်တော်ကောင်စီ အာဏာပိုင်တွေဘက်က အလုပ်သမားတပ်ကုန်းမြို့မှာ ညှိနှိုင်းဖို့ကြိုးစားခဲ့ပါတယ်။

“အားလုံးကို ထပ်ပြီး မေတ္တာရပ်ခံပါတယ်။ ဥက္ကဋ္ဌကြီးက လည်း အားလုံးကိုဖိတ်ပါတယ်။ ဒီကအလုပ်သမားခေါင်းဆောင်တွေ တပ်ကုန်းမြို့ကိုကြွခဲ့ပါ။ မီဒီယာတွေအားလုံးလည်းဖိတ်ပါတယ်။ အားလုံးအဆင်ပြေအောင်လုပ်ပေးပါ့မယ်။ အဆင်ပြေအောင် ညှိနှိုင်းပေးပါမယ်လို့ ဥက္ကဋ္ဌကြီးက ဖိတ်ခိုင်းလိုက်ပါတယ်။

အလုပ်သမားများ။ ။ ဒီမှာက အကုန်လုံးက ခေါင်းဆောင်တွေ ပါပဲ။ ခေါင်းဆောင်တွေဆိုတော့ အလုပ်သမားတွေအားလုံး အဲဒီအတွက်လည်း ကျနော်တို့အနေနဲ့ တလေးတစားနဲ့ပဲ အကုန်လုံးငြိမ်းငြိမ်းချမ်းချမ်းနဲ့ သွားပါမယ်ခင်ဗျ။ လေးစားပါတယ် ၊ ဖိတ်ကြားမှုကို လက်ခံတယ်။ ဒီအတွက်ကြောင့် ကျနော်တို့ အေးအေးဆေးဆွေးသွားပါမယ်ခင်ဗျ။ အဲလိုသွားတဲ့အနေအထားမှာ ကျနော်တို့ကို တားဆီးပိတ်ပင်တာမျိုး ဟန့်တားတာမျိုးတွေ မပြုလုပ်ဖို့ မေတ္တာ ရပ်ခံပါတယ်။ ဒါက မြို့တော်ဝန်ကြီးကိုယ်တိုင်က ဖိတ်တယ်ဆိုတော့ လူကြီးမင်းကိုယ်တိုင်က လာပြောတယ်နော်။ အဲဒီတော့ ကျနော်တို့ အကုန်လုံးသွားပါမယ်ခင်ဗျ အလုပ်သမားအားလုံးသွားပါမယ်။”

နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဘက်က အားလုံးအဆင်ပြေအောင် ညှိနှိုင်းဆွေးနွေးပေးမယ်ဆိုပြီး အလုပ်သမားခေါင်းဆောင် ၅ ဦးကို တပ်ကုန်းမြို့မှာ ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဆန္ဒပြအလုပ်သမားတွေဘက်ကတော့ ဆွေးနွေးဖို့ ကမ်းလှမ်းချက်ကို လက်ခံပေမယ့် ၊ ဆွေးနွေးမှုလုပ်ဖို့အတွက် ဆန္ဒပြအလုပ်သမား အားလုံး ချီတက်ပြီး ပါဝင်ဖို့ဆွေးနွေးလိုတယ်လို့ တောင်းဆိုခဲ့တာပါ။

နေပြည်တော်က အလုပ်သမားဝန်ကြီးဌာနဘက်ကလည်း အလုပ်သမားသပိတ်စစ်ကြောင်းကိစ္စကို ပြေလည်အောင် ဆောင်ရွက်ဖို့အတွက် ကိုယ်စားလှယ်တဦးကို စေလွှတ်ပြီး ညှှိုနှိုင်းဆောင်ရွက်နေတယ် မနေ့ အင်္ဂါနေ့က ပြောပါတယ်။ ဒ့ါအပြင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရတာဝန်ရှိသူတွေဘက်ကလည်းဆန္ဒပြအလုပ်သမားတွေ နဲ့ အလုပ်ရှင်ကြားမှာညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ပေးခဲ့ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဦးက ညှိနှိုင်းဆောင်ရွက်မှုတွေလုပ်ခဲ့တာနဲ့ ပတ်သက်ပြီး ဗွီအိုအေကို အခုလို ပြောပါတယ်။

“စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဦး။ ။ တောင်းဆိုချက် ၄ ခုရှိတယ်။ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေထဲကနေပြီးတော့ အမျိုးသမီး ၆၀ ကို မူရင်းစက်ရုံကနေ ပြန်လည်ခန့်ထားပေးရန် ဆိုတာ နံပတ် ၁ တချက်ပါ။ ကျန်တဲ့အလုပ်သမားတွေ ကနေပြီးတော့ တိုင်းဒေသကြီးအစိုးရကနေပြီးတော့ ကြီးကြပ်ပြီးတော့ စစ်ကိုင်းစက်မှုဇုံ မှာ ရနိုင်သလောက်ပြန်လည်ခန့်ထားပေးဖို့ပါ။ ဒါက နံပတ် ၂ အချက်ပေါ့နော်။ နံပတ် ၃ အချက်က ကြားကာလ နစ်နာကြေးအနေနဲ့ ဒီအလုပ်မဆင်းရတဲ့ရက်တွေပေ့ါဗျာ ကြားကာလ နစ်နာကြေး ရဖို့ပါ ဒါ နံပတ် ၃ အချက်ပါ။ နံပတ် ၄ အချက်ကတော့ သူတို့ ဌာနထုတ်ထားတာတွေရှိတယ် ငြိမ်းစုစီ ဥပဒေနဲ့ ငြိတာတွေရှိတယ် ။ ဒါတွေနဲ့ပတ်သက်ပြီးတော့ တက်နိုင်သမျှ ဖြေလျော့စဉ်းစားပေးဖို့ အဲဒီ ၄ ချက်တောင်းဆိုပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ၆ ရက်နေ့ အစည်းအဝေးမှာလည်း ကျနော် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အလုပ်သမားဝန်ကြီးရုံးမှာ ကျနော်ကိုယ်စားတက်ပါတယ်။ သူတို့နဲ့ ညှိတာတွေရှိပါတယ်။ တိုင်းဒေသကြီးအစိုးရအနေကနေပြီးတော့ ကမကထလုပ်ပြီးတော့ စစ်ကိုင်းစက်မှုဇုံက စက်ရုံအလုပ်ရုံတွေနဲ့ ညှိလိုက်တဲ့အခါမှာ ၅၆ ယောက်ပြန်ခန့်ထားနိုင်ကြောင်း ကျနော်တို့ အတည်ပြုနိုင်ခဲ့တယ်။ ၅၆ ယောက် ကျနော်တို့ တိုင်းဒေသကြီး အစိုးရရဲ့ ဆောင်ရွက်ချက်အနေနဲ့ ကျနော်တို့ ခန့်ပေးမယ် ဆိုပြီးတော့ ကျနော်တို့ ကို စာနဲ့ပေနဲ့ လုပ်ခဲ့တယ်။ အဲလိုနဲ့ ကျနော်တို့ သူတို့ ကို ၁၁ ရက်နေ့မှာအကြောင်းပြန်တဲ့အခါမှာလည်း ကျနော်တို့ အဲဒါတွေ သူတို့ကို ရှင်းပြတယ်။ ရှင်းရှင်းပြောမယ်ဆိုရင် ခုံသမာဓိ ကောင်စီရဲ့ ဆုံးဖြတ်ချက်က အလုပ်သမားတွေကို ပြန်ခန့်ပါလို့ မပါဘူးဗျ။ မပါတဲ့အခါမှာ ကျနော်တို့အနေနဲ့က ညှိတယ်ဆိုတာ ကျနော်တို့အပြင်က ညှိပေးတာ ၊ ခုံသမာဓိကောင်စီဆုံးဖြတ်ချက်ကို ကျနော်တို့ လွှမ်းမိုးလို့မရဘူးနော်။ ဒါအလုပ်သမားကိစ္စတွေကို သူတို့ဥပဒေနဲ့အညီဆုံးဖြတ်တယ်။ ကျနော်တို့အနေနဲ့ ဘာလို့ညှိပေးနေရသလဲဆိုရင် ၊ သူတို့ဆုံးဖြတ်တဲ့အတိုင်းဆိုရင် ကျနော်တို့က ဒီအလုပ်သမားတွေကို အလုပ်ရရေးအတွက် လုပ်ပေးစရာတောင်မလိုတော့ဘူး။ ဒါပေမယ့် ကျနော်တို့က ကိုယ့်သားသမီးအရွယ်ပေါ့နော် ကိုယ့်ညီအကို၊မောင်နှမ အရွယ်တွေဖြစ်တဲ့အတွက် ဒါတွေကို တက်နိုင်သမျှ အလုပ်ပြန်လည်ရရှိရေးကို ကျနော်တို့ အပြင်းအထန်ကြိုးစားပေးခဲ့ပါတယ်။ ဒါပေမယ့် ပြေလည်သည်အထိမဖြစ်ခဲ့ဘူးပေါ့နော်။

မေး။ ။ တိုင်းဒေသကြီးအစိုးရဘက်က ဒီဟာကို အလုပ်ပြန်ရဖို့တို့ကို ညှိပေးခဲ့တယ်။ ဒါပေမယ့် ခုံသမာဓိ ကောင်စီက အလုပ်ပြန်ခန့်မယ်ဆိုတာမပါဘူး ဆိုတော့ ပြန်မခန့်ဘူးဆိုတဲ့ သဘောမျိုးပြန်ဖြစ်နေတာပေါ့နော်။

စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဦး။ ။ ပြန်ခန့်ပါလို့ အမိန့်ချမှတ်တာမပါဘူး။ မပါတော့ ကျနော်တို့အနေနဲ့က အလုပ်ရှင်နဲ့ ညှိတဲ့အခါမှာ ကျနော်တို့က အမိန့်ပေးလို့မရဘူးလေ။ ညှိနှိုင်းပေးတာပဲရှိတယ်။

မေး။ ။ တိုင်းဒေသကြီးအစိုးရဘက်က ညှိနှိုင်းတဲ့ဥစ္စာကိုရော အလုပ်သမားတွေဘက်က လက်ခံလား။

စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဦး။ ။ကျနော်တို့က ညှိနှိုင်းတဲ့ဟာကိုတော့ ခုနပြောတဲ့ ၅၆ ယောက်ကိုတော့ သူတို့လက်ခံတယ်လေ။ ဒါပေမယ့် ခက်တာကလည်း အလုပ်ရှင်က သူတို့ဆီမှာ ခန့်ဖို့ဆိုတာကတော့ အလုပ်ရှင်က ခုံသမာဓိကောင်စီက ခန့်ပါလို့မပါတဲ့အတွက် သူတို့က မခန့်ဘူး။ ခုံသမာဓိကောင်စီဆုံးဖြတ်ချက်ကို မကျေနပ်ဘူးဆိုရင် အယူခံဝင်လို့ရတယ်လေဗျာ။ အယူခံမဝင်ဘဲနဲ့ အဲဒီလိုတက်တော့ ကျနော်တို့လည်း ဒါ မေတ္တာနဲ့ ညှိနှိုင်းပေးတာ ဒီလောက်ပဲ စွမ်းဆောင်နိုင်တယ်။ ကျန်တာကတော့ ကျနော်တို့လည်း ခရီးထွက်နိုင်တယ်။

မေး။ ။ သူတို့ကို ဖမ်းလိုက်ပြီဆိုတော့ ဒီကိစ္စကို တိုင်းဒေသကြီးအစိုးရအနေနဲ့ရော ဘာဆက်လုပ်ဖို့ စဉ်းစားထားသလဲ။

စီမံဘဏ္ဍာဝန်ကြီး ဦးစိုးဦး။ ။ဘာဆက်လုပ်ဖို့ဆိုတာကတော့ ကျနော်တို့ကလည်း ညှိနှိုင်းနိုင်သမျှ ညှိနှိုင်းပေးပြီ။ လောလောဆယ်ကျနော်တို့က ခရီးထွက်တာ ၄-၅ ရက်လောက်ကြာမယ်ဗျာ။ ကျနော်တို့က ဖမ်းတယ်ဆိုတာတောင် အခုမှ သိရတာ။ ကျနော်တို့အနေနဲ့က စိတ်မကောင်းဘူးပေါ့ဗျာနော်။”

စစ်ကိုင်းမြို့ ပတ္တမြား စက်မှုဇုံ Myanmar Veneer Plywood သစ်အချောထည်စက်ရုံက အလုပ်သမား ၁၀၀ ကျော်ကို အလုပ်ရှင်က အလုပ်ထုတ်ခံတာနဲ့ နိုင်ငံတော်သမ္မတရုံးရှေ့အထိ ချီတက်တောင်းဆိုရာကနေ အခုလို ဖမ်းဆီးခံလိုက်တာပါ။ ဆန္ဒပြအလုပ်သမားတွေ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး နေပြည်တော်ကောင်စီ အာဏာပိုင်တွေကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG