သုံးရလွယ်ကူစေသည့် Link များ

သစ်အချောထည်စက်ရုံ ဆန္ဒပြမှုကြောင့် ဖမ်းဆီးခံထားရသူတွေ ထပ်မံအပြစ်ပေးခံရ


(ဓာတ်ပုံ - ကိုအောင်မှိုင်းဆန်း)

စစ်ကိုင်းတိုင်း သစ်အချောထည်စက်ရုံက ဆန္ဒပြတဲ့ အလုပ်သမားများ၊ ၀န်းရံ ပြည်သူနဲ့ ကျောင်းသားတွေကို ဇူလိုင်လ ၁၃ ရက်နေ့က တပ်ကုန်းမြို့နယ် တရားရုံးကနေ တရားရုံးသပိတ်မှောက်တဲ့အတွက် ရုံးတော်ကို မထေ့မဲ့မြင်ပြုမှုနဲ့ နောက်ထပ်အမှုတခု ထပ်တိုးပြီး ထောင်ဒဏ် ၁ လ သို့မဟုတ် ဒဏ်ငွေ ၅၀၀၀ အမိန့်ချလိုက်ပါတယ်။

မြန်မာပြည်မှာ အစိုးရသစ်တက်လာပြီးတဲ့နောက် အခုချိန်အထိ အလုပ်သမားရေးရာ ပေါ်လစီတွေကို တိတိကျကျ ချမှတ်နိုင်တာ မရှိသေးတာကြောင့် အရင်အစိုးရလက်ထက်မှာလိုပဲ အလုပ်သမားပြဿနာတွေ ပေါ်ပေါက်နေဆဲဖြစ်တယ်လို့ အလုပ်သမားအရေး လုပ်ဆောင်နေသူတွေက ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်း သစ်အချောထည်စက်ရုံက အလုပ်သမားတွေဟာ ဇွန်လ ၁၅ ရက်နေ့က နေပြည်တော် တပ်ကုန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်စစ်ဆေးစဉ် တရားရုံးကို သပိတ်မှောက်ခဲ့တာကြောင့် လက်ထိပ်ခတ်ပြီး သံကျိုးတွေနဲ့ ချည်နှောင်ပြီး ရုံးထုတ်ခံခဲ့ရတာပါ။ ဒီနောက်ပိုင်းမှာတော့ တရားရုံးကို ဆက်တိုက် သပိတ်မှောက်ခဲ့တာကြောင့် အမှုနောက်တခုတိုးပြီး ပြစ်ဒဏ်ပေးခဲ့တယ်လို့ အလုပ်သမားတွေကို ရုံးထုတ်ချိန် ကိုယ်တိုင်းသွားရောက်ခဲ့တဲ့ ဗကသများအဖွဲ့ချုပ်က ခေါင်းဆောင် ကိုအောင်မှိုင်းဆန်း ပြောပါတယ်။

“အရင်အပတ်တိုင်းလေ သူတို့တွေအားလုံး တရားစီရင်ရေးစနစ်ကို မယုံကြည်တဲ့အတွက် တရားရုံးကို သူတို့ သပိတ်မှောက်ကြတယ်လေ။ သပိတ်မှောက်ပြီးတော့ သူတို့ တရားရုံးထဲမ၀င်ဘူး။ ရဲတွေက အတင်း သူတို့ကိုကိုင်သွင်းပြီးတော့ အဲ့လိုဖြစ်ခဲ့တာကိုး။ ဒီနေ့ကျတော့ သူတို့က အဲဒီအပေါ်မှာ ဘာလုပ်လဲဆိုတော့ တရားရုံးကို မထီမဲ့မြင်လုပ်တယ်ဆိုပြီးတော့ အဲဒီပုဒ်မနဲ့ တပ်ပြီးတော့ သူတို့ကို ထောင်ဒဏ် ၁ လ၊ ဒါမှမဟုတ်ရင် ဒဏ်ငွေ ၅ ထောင် သူတို့ အမိန့်ချတယ်ပေါ့။ သူတို့ကတော့ ဒဏ်ငွေမဆောင်တဲ့အတွက် ထောင်ဒဏ် ၁ လကျတယ်ဆိုတဲ့ အဓိပ္ပါယ်ရောက်သွားတယ်။ ဒါ နောက်ထပ် တမှုတက်သွားတာပေါ့။”

မြန်မာပြည်တွင်းမှာ အလုပ်သမားတွေဟာ အလုပ်သမား အခွင့်အရေးတွေရဖို့အတွက် ပြီးခဲ့တဲ့အစိုးရ လက်ထက်ကတည်းက တောင်းဆိုခဲ့ပြီး အစိုးရသစ်လက်ထက်မှာ အပြောင်းအလဲတွေ ဖြစ်လာစေဖို့ မျှော်လင့်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အခုချိန်ထိ အစိုးရသစ်လက်ထက်မှာ အလုပ်သမားအခွင့်အရေးတွေ မရသေးဘူးလို့ အလုပ်သမားအရေး ဆောင်ရွက်နေသူ ကိုသိန်းအောင်မြင့်က ပြောပါတယ်။

“လက်ရှိမှာတော့ အလုပ်သမား အခွင့်အရေးတွေ မရသေးဘူးလို့ ပြောလို့ရတာပေါ့။ အစိုးရသစ်လက်ထက်မှာပေါ့နော် အလုပ်သမားတွေအနေနဲ့ ကြီးမားတဲ့ မျှော်လင့်ချက်တွေ ထားခဲ့ကြတာပဲ။ အလုပ်သမားရေးရာနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို ခိုင်ခိုင်မာမာ မရှိလို့သာ ဖြစ်နေတာပဲ။ နောက်တခုက အဓိကပြဿနာထဲမှာ အလုပ်သမား ၀န်ကြီးနဲ့လည်း ဆိုင်တယ်။ လာပြီးတော့ အားလုံး မဲပေးလိုက်တယ်ဆိုတာက အရပ်သားပေါ့နော် အလုပ်သမားဝန်ကြီးသစ် တဦးကို ရွေးချယ်တာပဲလေ။ အခုဟာက စစ်ဗိုလ်ချုပ်တဦးက လာပြီးတော့ အလုပ်သမားဝန်ကြီး လုပ်နေတယ်ဆိုတော့လည်း ကျနော့်အမြင်က သိပ်ပြီးတော့ မအပ်စပ်ဘူးထင်တယ်။ အလုပ်သမားရေးတွေ ကိုင်တွယ်မယ်ဆိုရင်တော့လေ အလုပ်သမားဥပဒေတွေပေါ့နော် ကျွမ်းကျွမ်းကျင်ကျင်နဲ့ မျှမျှတတ ကိုင်တွယ်ဆောင်ရွက်နိုင်မယ့်သူတွေကို ၀န်ကြီးဌာနတွေက ပိုပြီးတော့ ကျနော်တို့က သင့်တော်မယ်လို့ပဲ အဲ့လိုပဲမြင်တယ်။ ပြသနာတွေက တဘက်မှာ အစိုးရအဖြစ်ပေါ့နော် တာဝန်ထမ်းဆောင်ခဲ့တဲ့ အလုပ်သမားဝန်ကြီးဌာန အသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိတွေ ညွှန်မှူးတွေရဲ့ မှန်မှန်ကန်ကန် မဆောင်ရွက်တာတွေလည်း အများကြီးရှိတယ်ခင်ဗျ။ အဲဒီနောက်ဆက်တွဲတွေကို ယနေ့ အစိုးရသစ်လက်ထက်မှာ ခံစားနေရတော့လေ ဒီကိစ္စတွေက အခုချိန်ထိတော့ ပြီးစီးသွားလိမ့်မယ်လို့ ကျနော်တို့ကတော့ မထင်ဘူးခင်ဗျ။”

စစ်ကိုင်းတိုင်း သစ်အချောထည်စက်ရုံက အလုပ်သမားတွေဟာ အလုပ်ရှင်က အလုပ်ထုတ်ပစ်တာကြောင့် သူတို့ရဲ့ပြသနာကို ဖြေရှင်းပေးဖို့အတွက် နေပြည်တော်သမ္မတရုံးအထိ သွားရောက်ဖို့အတွက် ချီတက်ခဲ့ရာမှာ တပ်ကုန်းမြို့အ၀င်မှာ ဖမ်ဆီးခံရတာပါ။ အလုပ်သမားတွေနဲ့ သူတို့ကို ၀န်းရံခဲ့တဲ့ ကျောင်းသားတွေ ပြည်သူတွေအားလုံး ၁၅ ဦးခန့်ကိုတော့ ဖမ်းဆီးပြီး ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မ ၄ ခုနဲ့ တရားစွဲဆိုထားပါတယ်။

သူတို့ရဲ့ပြသနာတွေကို အလုပ်ရှင်နဲ့ အလုပ်သမားဝန်ကြီးဌာနဘက်က ဖြေရှင်းပေးမှု မရှိဘူးဆိုကာ ဧပြီလ ၂၉ ရက်နေ့ကစတင်ပြီး နေပြည်တော်သမ္မတရုံးကို သွားရောက်ဖို့အတွက် စတင်ချီတက်ခဲ့ပါတယ်။ တပတ်ခန့်ကြာတဲ့အထိ ချီတက်ခဲ့အပြီးမှာတော့ နေပြည်တော်မှာ အလုပ်သမားခေါင်းဆောင်တွေကို အလုပ်သမား လူဝန်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက တာဝန်ရှိသူတွေက ခေါ်ယူတွေ့ဆုံပြီး ညှိနှိုင်းပေးမယ်လို့ ပြောဆိုခဲ့တာပါ။ ညှိနှိုင်းမှု ၅ ရက်တာ ကာလအတွင်း သပိတ်ကို ယာယီရပ်နားထားပြီး အလုပ်သမားတွေဘက်ကလည်း သူတို့လိုလားချက်တွေကို တောင်းဆိုခဲ့ပါတယ်။

နောက်ဆုံးမှာတော့ သူတို့တောင်းဆိုချက်တွေကို ကျေနပ်လောက်ဖွယ်ရာ မရရှိတဲ့အတွက်ကြောင့်ဆိုကာ အလုပ်သမားတွေဟာ ဆက်လက်ပြီး ချီတက်သပိတ်မှောက်ရာကနေ နေပြည်တော်အ၀င် တပ်ကုန်းမြို့မှာ ဖမ်းဆီးထိန်းသိမ်းထားခံခဲ့ရတာ ဖြစ်ပါတယ်။ သူတို့တွေကို အရင်ပုဒ်မတွေနဲ့ တရားရုံးထုတ်နေစဉ်မှာပဲ ပုဒ်မတခု ထပ်တိုးပြီး ပြစ်ဒဏ်ပေးခဲ့တာ ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG