သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနိမ့်ဆုံး လုပ်ခ နောက်ဆက်တွဲ ဂယက်


အခြေခံ လုပ်အားခလစာ တိုးမြင့်ပေးရေး အလုပ်သမားတွေ ဆန္ဒပြ တောင်းဆိုနေ (မေလ ၁ ရက်၊ ၂၀၁၅)
အခြေခံ လုပ်အားခလစာ တိုးမြင့်ပေးရေး အလုပ်သမားတွေ ဆန္ဒပြ တောင်းဆိုနေ (မေလ ၁ ရက်၊ ၂၀၁၅)

မြန်မာနိုင်ငံမှာ စက်တင်ဘာလ ၁ ရက်နေ့ကစပြီး အနည်းဆုံး အခကြေးငွေ သတ်မှတ်ပြီးနောက်ပိုင်း လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေ အကြားက ဆက်ဆံရေး ပုံစံတခု ပြောင်းလဲလာနေပြီး တချို့ စက်ရုံတွေ ပိတ်တော့မယ်ဆိုတဲ့ ပြောဆိုမှုတွေ ရှိနေသလို အလုပ်သမားတွေလည်း ရာနဲ့ချီ အလုပ်ဖြုတ်ခံရတာတွေ ရှိလာနေတယ်လို့ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် တာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံအတွင်းက စက်ရုံ အလုပ်ရုံတွေမှာရှိတဲ့ အလုပ်သမားတွေက အခြေခံ လုပ်အားခလစာ တိုးမြင့်ပေးရေး ဆန္ဒပြ တောင်းဆိုမှုတွေ လွန်ခဲ့တဲ့ ၃ နှစ်လောက်က အရှိန်မြင့် ဖြစ်ပေါ်ခဲ့ပြီးတဲ့နောက် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ ကော်မီတီဖွဲ့ပြီး အနိမ့်ဆုံး လုပ်အားခတွေကို စက်တင်ဘာလ ၁ ရက်နေ့ကစလို့ တရားဝင် သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

အစိုးရ၊ အလုပ်ရှင်နဲ့ အလုပ်သမားအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေဟာ နှစ်နဲ့ချီပြီး သုတေသနပြု စစ်တမ်းကောက်ယူတာ၊ဆွေးနွေးညှိနှိုင်းတာတွေ လုပ်ဆောင်ခဲ့ပြီးတဲ့နောက် အနည်းဆုံး အခကြေးငွေအဖြစ် တစ်နာရီကို ၄၅၀ ကျပ်၊ တနေ့မှာ ၃,၆၀၀ ကျပ်အဖြစ် သတ်မှတ်ပေးလိုက်တာ ဖြစ်ပါတယ်။

အနည်းဆုံး အခကြေးငွေ သတ်မှတ်ပြီး ရက်ပိုင်းအတွင်းမှာပဲ လှိုင်သာယာ စက်မှုဇုံအတွင်းမှာ အလုပ်သမားနဲ့ အလုပ်ရှင်ကြားက ဆက်ဆံရေးပုံစံ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာကို တွေ့ရတယ်လို့ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းက ပြောပါတယ်။

“အဲတော့ လက်ရှိအခြေအနေကတော့ ဒီလေးရက်အတွင်းမှာပေါ့နော်၊ အလုပ်သမားတွေနဲ့ လုပ်ငန်းခွင် ဆက်ဆံရေးပုံစံ တခု စတင်ပြောင်းလဲ လာတာကို တွေ့ရပါတယ်။ Complain တွေ တော်တော်များများ တက်လာတယ်။ နောက်တချက်က လုပ်သက်ရင့်ဝန်ထမ်း Senior ၊ Junior ပြဿနာပါ။ လုပ်သက်ရင့်ဝန်ထမ်းတွေနဲ့ လုပ်သက်နု ဝန်ထမ်း တွေကြားမှာ လစာသက်မှတ်တဲ့ အဆင့်ဆင့်တိုးမြင့်လာမယ့် ပုံသဏ္ဍန်မှာ လည်းပဲ ဘေးကျပ်နံကျပ်ဖြစ် လာတာတွေ့ရပြီးတော့ တော်တော်လေး ဝေဖန်တဲ့အသံ ဆူဆူညံညံ ထွက်လာတာတွေ့ရပါတယ်။”

လက်ရှိအခြေအနေအရ လှိုင်သာယာ စက်မှုဇုံအတွင်းမှာရှိတဲ့ စက်ရုံတွေက အလုပ်သမား ၅၀၀ လောက် အထိ လျော့ချခံရတာကို တွေ့ရတယ်လို့ ဦးအောင်လင်းက ဆက်ပြောပါတယ်။

“အခုဆိုရင် ဒီလှိုင်သာယာစက်မှုဇုံမှာတွေမှာကို စက်ရုံပိတ်သိမ်းမယ့် အနေအထားတွေပေါ်လာတယ်။ ဒီအလုပ်သမား ရာနဲ့ချီပြီးတော့ လျှော့ချတဲ့ အခြေအနေမျိုးမှာရှိတယ်။ ၂ ရက်နေ့ စာရင်းအရကိုဘဲ လှိုင်သာယာ စက်မှုဇုံမှာ ဒီလျှော့ချတဲ့ အလုပ်သမား ပမာဏပေါ့နော်၊ စက်ရုံ ၄ ရုံမှာ လုပ်သား ၅၀၀ ကျော်ကျော်လောက်ကို အလုပ်လျှော့ချတာတွေရှိလာတယ်။”

အနည်းဆုံး အခကြေးငွေ သတ်မှတ်ဖို့ သဘောတူလိုက်ကြတဲ့ အချိန်တုန်းက ဒေါ်လာနဲ့ ကျပ်ငွေ လှဲလှယ်မှုနှုန်းဟာ တစ်ဒေါ်လာကို ကျပ် ၁,၀၀၀ ကျော်ကျော်သား ရှိခဲ့ရာက အခုဆိုရ ကျပ် ၁,၂၀၀ ကျော် ၁,၃၀၀ နီးပါးအထိ တက်သွားပြီး ငွေကြေး ဖောင်းပွမှုတွေ ဖြစ်လာတဲ့အတွက် အခု သတ်မှတ်လိုက်တဲ့ တနေ့လုပ်အားခ ၃,၆၀၀ ကျပ်နဲ့ လောက်ငှ ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

ဒါကြောင့်လည်း အလုပ်ရှင်တွေဖက်က အလုပ်သမားတွေအတွက် ဖယ်ရီစတဲ့ တခြား ဝန်ဆောင်မှုတွေ လုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့ ဦးအောင်လင်းက ထောက်ပြပါတယ်။

“ဒီ ၃,၆၀၀ ကျပ်ပေါ်မှာ အခြားသုံး ဝန်ဆောင်မှုတွေဖြစ်တဲ့ ဒီ Transport charges တို့ ဖယ်ရီ စီစဉ်ပေးတာမျိုးတို့ပေါ့နော်။ နောက်ပြီးတော့ လုပ်ငန်းခွင်မပျက် ပညာဆက်လက် သင်ကြားခွင့်ပြုပေးရတာမျိုးတွေ ၊ နောက် ဒီ နှစ်တိုးကြေးပေါ့နော် နှစ်တိုးကြေးထက်ဇောင်းပေးရတာမျိုးတွေ နောက် ဝန်ထမ်းအိမ်ရာစနစ်ကို အကောင်အထည်ဖော်ပေးရတာမျိုးတွေပေါ့နော်။ ဒီလိုမျိုးဝန်ဆောင်မှုတွေ ဒီဖြည့်စွက်ပေးမှသာလျှင် ဒါလုပ်သားတွေရဲ့ အနာဂတ်ပေါ့နော်။ ကျနော်တို့ လုံလုံခြုံခြုံ ရှိမယ့်အခြေအနေဖြစ်ပါတယ်။ ဒီမှာ လက်ရှိအခြေအနေအရတော့ ဒီအနည်းဆုံးအခကြေးငွေ စက်တင်ဘာလ ၁ ရက်နေ့ပေါ့နော်။ စတင်အကျုံးဝင်တဲ့နေ့ကနေစပြီးတော့ တချို့စက်ရုံတွေက ဖယ်ရီတွေ ရုတ်သိမ်းလိုက်တဲ့ အနေအထားမျိုးလေးတွေဖြစ်လာပါတယ်။ တချို့စက်ရုံတွေသည် အလုပ်သမားလျှော့ချတဲ့အခြေအနေဖြစ်တယ်ပေါ့နော်။”

အခု သတ်မှတ်လိုက်တဲ့ အနည်းဆုံး အခကြေးငွေ ၃,၆၀၀ ကျပ်ဟာ တချို့ နယ်တွေမှာရှိတဲ့ အလုပ်သမားတွေအတွက် အဆင်ပြေနိုင်တဲ့ အနေအထားမှာ ရှိပေမယ့်လည်း ရန်ကုန်လို သွားလာရေး စားရိတ်နဲ့ တခြား ဝန်ဆောင်မှု စားရိတ် စားခတွေ ကြီးမြင့်တဲ့ မြို့တွေမှာ နေထိုင်ကြတဲ့ အလုပ်သမားတွေ အတွက် လောက်ငှဖို့ မဖြစ်နိုင်ဘူးလို့ အလုပ်သမား အရေး ဆောင်ရွက်သူတွေက ထောက်ပြ ပြောဆိုကြပါတယ်။

XS
SM
MD
LG