သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိုင်သာယာစက်မှုဇုံ အလုပ်သမားများ ဆန္ဒပြ


ရတဲ့လစာနဲ့ နေထိုင် စားသောက်စားရိတ် မလောက်ငတဲ့အတွက် လှိုင်သာယာစက်မှုဇုံမှာရှိတဲ့ ထောင်နဲ့ချီတဲ့ စက်ရုံအလုပ်သမားတွေ ဆန္ဒပြ
လှိုင်သာယာစက်မှုဇုံမှာရှိတဲ့ ထောင်နဲ့ချီတဲ့ စက်ရုံအလုပ်သမားတွေဟာ သူတို့ရဲ့လုပ်အားခ လစာ တိုးမြင့်ပေးဖို့နဲ့ တခြား အလုပ်သမားအခွင့်အရေးတွေ ရရှိဖို့ အတွက် သူတို့ အလုပ်ရုံတွေကနေ မရမ်းကုန်းမြို့မှာရှိတဲ့ အလုပ်သမားရုံးရှေ့မှာ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

သူတို့အနေနဲ့ ရတဲ့လစာနဲ့ နေထိုင် စားသောက်စားရိတ် မလောက်ငတဲ့အတွက် အခုလို ဆန္ဒပြရခြင်းဖြစ်တယ်လို့ ဒီဆန္ဒပြပွဲကို ဦးဆောင် လုပ်ကိုင်သူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဒီဆန္ဒပြပွဲမှာ ကိုယ်တိုင် သတင်းသွားယူထားတဲ့ VOAရဲ့ ရန်ကုန်အခြေစိုက်သတင်းထောက် ကိုသူရစိုးက တင်ပြပေးပါမယ်။

စားသောက်ကုန်စားရိတ်တွေ တိုးမြင့်နေပြီး ရနေတဲ့ သူတို့လုပ်အားခနဲ့ မလုံလောက်တော့တဲ့အတွက် ရန်ကုန်မြို့အနီးဝန်းကျင်မှာရှိတဲ့ အလုပ်သမားတွေ မကြာခဏဆိုသလို ဆန္ဒပြတောင်းဆိုမှုတွေ ဖြစ်ပေါ်နေတာပါ။

ဒီကနေ့ တောင်းဆိုဆန္ဒပြပွဲကို ဦးဆောင်လုပ်ကိုင်သူတွေက အလုပ်သမားတွေရဲ့ တောင်းဆိုချက်၊ လိုအပ်ချက်တွေကို အလုပ်သမားရုံးရှေ့မှာ အားလုံးကိုယ်စား တောင်းဆိုနေတဲ့ အသံကို ကြားခဲ့ကြရတာပါ။

ပြီးခဲ့တဲ့လက စပြီးအချိန်ပို မရှိတော့တဲ့အတွက် ၀င်ငွေနည်း သွားပြီး မလောက်င တော့တဲ့ အတွက် အခုလို အလုပ်သမားတွေ စုပြီး ဆန္ဒပြရခြင်း ဖြစ်တယ် လို့ အလုပ်သမားခေါင်းဆောင်တဦးက အခုလို ပြောပြပါတယ်။

“ကျနော်တို့က ၀င်ညှိတာပါ။ ကျနော်တို့က အခြေခံလစာကို တောင်းဆိုတယ်။ ကျနော်တို့ တောင်းဆိုတာ ငါးသောင်း ခြောက်သောင်းဝန်းကျင်ကို တောင်းဆိုတယ်။ သူတို့က စက်ရုံနဲ့ ညှိမှ ရမှာတဲ့။ စက်ရုံပြန်ပြီး ညှိုမှ ရမှာတဲ့။ သူတို့က ဒီမှာ မလုပ်ပေးဘူး။ အရင်တုန်းက အခြေခံလစာ နှစ်သောင်းကျော်ရတယ်။ သုံးသောင်းကျော်ရတယ်။

လုပ်တဲ့သူတွေက ၁၂နှစ်၊ ၁၁နှစ်။ ၇နှစ်၊ ၈နှစ် အစရှိသဖြင့်ပေါ့။ လစာက အိုတီကြေးရော ဘာရောပေါင်းမှ တလကို ခုနှစ်သောင်းကျော် ရှစ်သောင်းကျော်ပတ်ဝန်းကျင်၊ မနက် ၇ခွဲကနေ ညနေ ၆နာရီအထိ။ အခုကလေးတွေက လစာလျော့တော့ ဆူညံပြီး ပြောတာပေါ့။

ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က အဆောင်နေ အဆောင်စားတွေလေ။ အဆောင်နေ အဆောင်စားတွေဆိုတော့ ပိုက်ဆံက တနေ့လုပ်မှ တနေ့စားရတယ်။ လစာထုတ်မှ ကျနော်တို့က လည်ပတ်နိုင်မယ်လေ။ အဆောင်ဖိုးပေးမယ်။ အဖေ အမေကို ပိုက်ဆံပေးပြီးလို့ရှိရင် လစာမကျန်ဘူး။ အနည်းဆုံး နှစ်သောင်း၊ သုံးသောင်း အဲ့လောက်ပဲကျန်တယ်။ အဲ့တာကြောင့်ပါ။”

အလုပ်သမားတစ်ထောင်ကျော်က အခြေခံလစာတိုးပေးရေးအပါအ၀င် အိမ်သာရေ အပြည့်အ၀ပေးရေး၊ ရက်ပျက်တဲ့အခါမှာလစာမဖြတ်ရေး စတာတွေအပါအ၀င် စုစုပေါင်း ၂၈ ချက်ကိုတောင်းဆိုခဲ့ကြတာပါ။

အလုပ်သမားတွေအနေနဲ့ ကြိုတင်ခွင့်ပြုချက်မယူပဲဆန္ဒပြတာဖြစ်တဲ့အတွက် ဥပဒေနဲ့ မညီတာကြောင့် လူစုခွဲကြဖို့ မရမ်းကုန်းမြို့နယ် သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဆန္ဒပြတဲ့နေရာကို လာရောက်ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ လှိုင်သာယာကနေ ရောက်လာတဲ့အဖွဲ့တွေကို ကျေးဇူးတင်ပါတယ်။ တကူးတကလာတဲ့အတွက်မို့ ဒါပေမယ့်လို့ တခု တင်ပြချင်တာကတော့ ခုန မြို့နယ်မှုးကြီး ပြောသွားသလိုပါပဲ။ ငြိမ်းချမ်းစွာ စုဝေးခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းဆိုတာကို နိုင်ငံတော်က တရားဝင် နည်းဥပဒေနဲ့ ပြဌာန်းထားပြီး ဖြစ်ပါတယ်ဗျာ။

ဥပဒေ နည်းဥပဒေတွေနဲ့ ဆောင်ရွက်ရတဲ့အခါ ဥပဒေ နည်းဥပဒေတွေနဲ့ ဆောင်ရွက်ရပါတယ်။ ကျနော်တို့ အကိုတွေ အမတွေ ညီတွေက ခွင့်ပြုချက်ရယူခြင်း မရှိဘဲနဲ့ ရောက်လာတာဖြစ်တဲ့အတွက် ဥပဒေတွေနဲ့ သွေဖီနေတယ်လို့ ယူဆရမှာဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ မိမိတို့ တောင်းဆိုစရာတွေ ရှိတဲ့အချက်တွေကို ခေါင်းဆောင်ပိုင်းကနေ သက်ဆိုင်ရာ အလုပ်သမားအဖွဲ့တွေနဲ့ အလုပ်သမားဦးစီးအဖွဲ့တွေနဲ့ အမြန်ဆုံးလေး တောင်းဆိုစရာရှိတာ တောင်းဆိုပြီးရင် အမြန်ဆုံး လူစုခွဲဖို့ မေတ္တာရပ်ခံပါတယ်။ သက်ဆိုင်ရာ လှိုင်သာယာမြို့နယ်ကိုလည်း ဒီက ညီတွေ ညီမတွေ အကိုတွေ ပြန်ဖို့ရာ ကားတွေလည်း လှမ်းမှာပြီးတော့ စီစဉ်ထားပါတယ်။ အဲ့တော့ကျတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မိမိလိုအပ်တဲ့ အချက်ကို တောင်းပြီးတာနဲ့ အမြန်ဆုံး လူစုခွဲပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။”

အခုလို အလုပ်သမား ဆန္ဒပြပွဲတွေဖြစ်တိုင်း ခေါင်းဆောင်လုပ်သူတွေကို အလုပ်ရှင်တွေက နောက်ပိုင်းမှာ အလုပ်ဖြုတ်ပစ် လေ့ရှိတယ်လို့လည်း ဆန္ဒပြပွဲကို ဦးဆောင်သူတွေက ပြောပါတယ်။

အ၀တ်အထည်ချုပ်စက်ရုံ၊ ဖိနပ်ချုပ်စက်ရုံ စတာတွေ အပါအ၀င် လုပ်ငန်းစုံမှာ လုပ်နေကြတဲ့ အလုပ်သမားတွေ ပြီးခဲ့တဲ့ လပိုင်းတွေက အတော်များများ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ပြီးနောက်ပိုင်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့စည်းတွေနဲ့ အလုပ်သမား အဖွဲ့အစည်းတွေက ကြားဝင် ဆောင်ရွက်ပေးခဲ့တဲ့အတွက် လုပ်ခလစာတိုးပြီး ပြေလည်မှု ရှိခဲ့ပေမယ့် စာချုပ်ချိုးဖေါက်တာတို့ လုပ်အားခအနှိမ်ခံရတာနဲ့ အလုပ်သမား အခွင့်အရေး ဆုံးရှုံးနေရတဲ့ အခြေအနေတွေကတော့ ဒီကနေ့ အထိ ရှိနေဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့မေလတုန်းက လုပ်ခလစာ မလုံလောက်တဲ့အတွက် စက်ရုံ ၅၂ ရုံက လုပ်သား သုံးသောင်းကျော် ဆန္ဒပြခဲ့ကျပြီး အခြေခံလာစာ သုံးသောင်းကျပ် ပေးဖို့၊ အလုပ်ချိန် ၈ နာရီသတ်မှတ်ပေးဖို့တို့ အတွက် သဘော တူညီချက် ရခဲ့ပေမယ့်လည်း စက်ရုံအများစုကမလိုက်နာတဲ့ အတွက်ဆန္ဒပြမူ တွေ ဆက်တိုက်ဖြစ်ပေါ် လာတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG