မြန်မာနိုင်ငံတွင်းက အလုပ်သမားထု အခွင့်အရေးအပြည့်အဝရရှိရေးနဲ့ အခြေခံလုပ်အားခလစာ (၅၆၀၀)ကျပ်အထိ တိုးမြင့်ပေးရေး ရာနဲ့ချီတဲ့ အလုပ်သမားတွေ ဒီကနေ့ဆန္ဒပြခဲ့ကြပါတယ်။ အရပ်သားအစိုးရလက်ထက် လွှတ်တော်သက်တမ်းတွင်း အခြေခံလုပ်အားခ လစာ တိုးမြင့် သတ်မှတ်ပေးရေး ဥပဒေပြဌာန်းပေးဖို့နဲ့ အလုပ်သမားထု လူနေမှုဘဝတိုးတက်ရေး NLDအစိုးရအနေနဲ့ အလေးထား ဆောင်ရွက်ပေးဖို့ ကိုလည်း တောင်းဆိုကြပါတယ်။ မဆုမွန် အသေးစိတ် ဆက်ပြောပြပါမယ်။
အခုလက်ရှိ မြန်မာနိုင်ငံတွင်းမှာ အစစအရာရာ ဈေးနှုန်းမြင့်တက်နေသလိုအခြေခံ စားသောက်ကုန် ဈေးနှုန်းတွေ မြင့်မားလာနေတဲ့အတွက် အလုပ်သမားတွေရဲ့ အခြေခံလုပ်ခလစာ တရားဝင် သတ်မှတ်ထားတဲ့ မြန်မာကျပ်ငွေ ၃၆၀၀ ကျပ်ကနေ၅၆၀၀ ကျပ် ရရှိရေး အဓိက တောင်းဆိုလိုက်ကြတာပါ။
(ဆန္ဒပြကြွေးကြော်သံများ- အနည်းဆုံးလုပ်ခလစာကျပ် တရက်ကို ၅၆၀၀ ကျပ်သတ်မှတ်ပေးရေး (တို့အရေး တို့အရေး)။ အလုပ်သမားများအတွက် လူမှုဖူလုံရေးအိမ်ယာစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ပေးရေး (တို့အရေး တို့အရေး) မီတာခ သုံးဆ တိုးမြင့်မသတ်မှတ်ပေးရေး (တို့အရေး တို့အရေး)
ဒီကနေ့ တနင်္ဂနွေနေ့ မတ်လ ၁၉ရက်နေ့မှာ လှိုင်သာယာမြို့နယ်ထဲ အလုပ်သမားရာနဲ့ချီ ပါဝင်တဲ့ ငြိမ်းချမ်းစွာ လမ်းလျှောက်ချီတက်ဆန္ဒပြပွဲမှာ အလုပ်သမားထုအတွက် လူမှုဖူလုံရေး အိမ်ယာစီမံကိန်းတွေ အကောင်အထည်ဖော်ပေးဖို့အပါအဝင် အလုပ်သမားအခွင့်အရေး အပြည့်အ၀ရရှိစေဖို့ အတွက် တောင်းဆိုချက် (၉)ချက်နဲ့မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ယက်က ဦးဆောင်ပြီး စက်ရုံ၊ အလုပ်ရုံ၊ အခြေခံအလုပ်သမား အဖွဲ့အစည်းတွေ အလုပ်သမားတွေ ပါဝင်ခဲ့ကြတာပါ။
ဆန္ဒပြအလုပ်သမားတွေ အဓိကတောင်းဆိုကြတဲ့ အချက်တွေနဲ့ပတ်သက်လို့ အလုပ်သမားဆန္ဒပြပွဲမှာ ဦးဆောင်ပါဝင်သူတဦးဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ယက် ဦးဆောင်ကော်မတီဝင်တဦးဖြစ်တဲ့ ကိုအောင်စိုးမင်းက အခုလိုပြောပြပါတယ်။
"ကြွေးကြော်သံ(၉)ချက်ကို ကျနော်တို့ အဓိကထား တောင်းဆို တာပါခင်ဗျ။ တောင်းဆိုချက်ထဲမှာ အနည်းဆုံး တရက်လျှင် (၅၆၀၀)ကျပ်ကို အမြန်ဆုံးသတ်မှတ်ပေးဖို့ရယ်၊ နောက် အလုပ်သမားများအတွက် လူမှုဖူလုံရေး အိမ်ယာစီမံကိန်းအကောင်အထည်ဖော်ဆောင်ပေးဖို့ရယ် နောက်တခုက နိုင်ငံတော်အစိုးရက လျှပ်စစ်မီတာခ (၃) ဆတိုးမြင့်ဖို့ကိစ္စကို တိုးမြင့်မသတ်မှတ်ရေး၊ နောက်တခုက ဝန်ကြီးဌာနက မဖွဲ့စည်းပဲ အငြင်းပွားမှုဆုံးဖြတ်သည့် ခုံသမာဓိအဖွဲ့ ခန့်အပ်ခြင်းကို ပယ်ဖျက်ရေး ဆိုတဲ့အချက်(၄)ချက်ကတော့ ကျနော်တို့အတွက်အမြန်ဆုံး လုပ်ပေးဖို့လိုအပ်တယ်။ အဓိက ထားတဲ့အချက်ပါ။"
အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီကနေ မြန်မာနိုင်ငံရှိ အလုပ်သမားတွေ အတွက် အနည်းဆုံး အခကြေးငွေကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် သြဂုတ်လ (၂၈) နေ့မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ နေရာဒေသနဲ့ လုပ်ငန်းအမျိုးအစားမခွဲခြားပဲ တစ်နာရီကို မြန်မာကျပ်ငွေ ၄၅၀ ကျပ်နှုန်းနဲ့ အလုပ်ချိန် (၈) နာရီ တစ်ရက်စာကို ကျပ်ငွေ (၃၆၀၀) ကျပ်နှုန်းထား သတ်မှတ်ဖို့ တရားဝင် ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။
အခုလို အခြေခံစားဝတ်နေရေး လုံလောက်မှုမရှိတဲ့အတွက် အနည်းဆုံး အခကြေးငွေ အနည်းဆုံး လုပ်ခလစာ မြန်မာကျပ်ငွေ ၅၆၀၀ကျပ် သတ်မှတ်ပေးဖို့အရေး အလုပ်သမားတွေ တောင်းဆိုချက်နဲ့ပတ်သက်လို့ လွှတ်တော်အနေနဲ့ နှစ်နှစ်တကြိမ် ပြောင်းလဲပြင်ဆင် သတ်မှတ်ပေးနိုင်တဲ့ အနေအထားရှိတဲ့အကြောင်း အလုပ်သမားအဖွဲ့ချုပ်ရဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ဖူးသူ အလုပ်သမားရေး ကျွမ်းကျင်သူ ဦးအောင်လင်းက အခုလိုရှင်းပြပါတယ်။
"ဒီအနည်းဆုံးလုပ်ခလစာကြေးငွေက ကျနော်တို့ နှစ်နှစ်တကြိမ် ပြုပြင်ပြောင်းလဲ လို့ရတယ်ပေါ့နော် ဒါကတော့ အနည်းဆုံးလုပ်ခလစာကြေးငွေပြုပြင်ပြောင်းလဲရေးကို သတ်မှတ်ပေးရမှာက အစိုးရတာဝန်ပါ။ ပြင်ဆင်ဖို့ပေါ့နော် လွှတ်တော်မှာက ဒါက အဆိုပြုချက်တင်ပေးရမယ့် ပထမအဆင့်လုပ်ငန်းစဉ်က ရှိတယ်ပေါ့။ အဲ့တော့ ဒုတိယလွှတ်တော်သက်တမ်းမှာ ဒါကို တင်ပေးရမယ်။ တင်ပေးတဲ့အခါမှာ အနည်းဆုံးလုပ်ခကြေးငွေ ဥပဒေအရ နှစ်နှစ်တကြိမ် ပြောင်းလဲသတ်မှတ်ပေးရမယ်။ သတ်မှတ်ပေးတဲ့လုပ်ငန်းစဉ်ကိုလည်း ဆက်သွားရမယ်။ လက်ရှိ Gad က ဘာဖြစ်သလဲဆိုရင် သူက အခုလာမယ့် ၈ လပိုင်းပေါ့ ၈လပိုင်းဆိုရင် အနည်းဆုံးလုပ်ခကြေးငွေ သတ်မှတ်ခဲ့တာ ၂နှစ်ပြည့်ပြီ။
၂နှစ်ပြည့်ပြီဆိုတော့ ဒီမတိုင်ခင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်တာမျိုး စစ်တမ်းကောက်တာတို့ စသဖြင့်ပေါ့နော် နောက်တခုက အဲ့ဒီ့ မူလသတ်မှတ်ခဲ့တဲ့အချိန်က ငွေကြေးဖောင်းပွမှု ဆတိုးနှုန်းပေါ့နော်။ အခုခေတ်မှာ လက်ရှိငွေကြေးဖောင်းပွမှု ဆတိုးနှုန်းနဲ့ စစ်တမ်းတွေ ပြန်ကောက်ရမှာပါ။ ဒါကိုတော့ အခုလက်ရှိအချိန်အထိ အစိုးရသစ်လက်ထက်မှာ လုပ်တာ ကျနော်တို့ မတွေ့ရသေးဘူးပေါ့နော်။ အဲ့ဒီ့စစ်တမ်းကောက်တဲ့ကိစ္စ အရမ်းအရေးကြီးပါတယ်။ ဒါကို အသက်ဝင်လာပြီဆိုရင် ဒါကို ပြင်ဆင်ပြောင်းလဲခြင်းက တိတိကျကျ အသက်ဝင်လာတော့မှာပါ။
အလုပ်သမားအခွင့်အရေးနဲ့ လူမှုဖူလုံရေးအခွင့်အရေးတွေ ခံစားခွင့်ရနိုင်ဖို့အရေး နိုင်ငံတော်အစိုးရနဲ့ အလုပ်သမားဝန်ကြီးဌာန တာဝန်ရှိသူတွေဆီကို ဆက်လက်တောင်းဆိုသွားကြမှာဖြစ်တယ်လို့လည်း ဆန္ဒပြပွဲမှာ ပါဝင်သူ ကံကောင်းပီနန်အိတ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့အစည်းရဲ့ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားတဲ့ ကိုအောင်စိုးမင်းကပြောပါတယ်။
အခုလက်ရှိမြန်မာနိုင်ငံအတွင်း ကြုံတွေ့နေရတဲ့ ငွေကြေးဖောင်းပွမှုတွေနဲ့ ကုန်ဈေးနှုန်းမြင့်မား မှုတွေကြောင့် အလုပ်သမားတွေ နေ့စဉ်လူမှုဘဝတွေအတွက် အကျပ်အတည်းတွေက ဖြစ်နေတဲ့အတွက် အလုပ်သမားတွေရဲ့ လူနေမှုဘဝမြင့်တင်နိုင်ရေး အလုပ်သမားထု အခွင့်အရေးရရှိရေး လုပ်ငန်းခွင် လုံခြုံမှုရှိရေးစတာတွေကိုလည်း NLD ဦးဆောင်တဲ့ အရပ်သားအစိုးရ လက်ထက်မှာ ဦးစားပေးဆောင်ရွက်ပေးဖို့ကိုလည်း အလုပ်သမားတွေက အခုလို လမ်းပေါ်ထွက် ချီတက်လမ်းလျှောက်တောင်းဆိုနေကြတာဖြစ်ပါတယ်။