သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခံစားခွင့်အပြည့်ရရေး အလုပ်သမားတွေ ဆန္ဒပြ


မြန်မာနိုင်ငံမှာ အလုပ်သမား အခွင့်အရေး တောင်းဆိုတာတွေကို အလုပ်ရှင်တွေဘက်က အလုပ်ထုတ်ပစ်တာတွေ များလာတဲ့အတွက် အလုပ်သမား ခေါင်းဆောင်တွေ စုပေါင်းပြီး ဆန္ဒပြပွဲတခုကို လှိုင်သာယာ စက်မူဇုံ အမှတ် (၆) ရပ်ကွက် ဘောလုံးကွင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ဒီ အလုပ်သမား ဆန္ဒပြပွဲဟာ လှိုင်သာယာ စက်မှုဇုံနဲ့ ပဲခူး နဲ့ မန္တလေးတိုင်းတွေက စက်ရုံတွေ အပါအဝင် စက်ရုံပေါင်း ၉၀ ကျော်ကို ကိုယ်စားပြုတဲ့ ဆန္ဒပြပွဲ ဖြစ်တယ်လို့ ပြောပါတယ်။ ဒီအကြောင်း အပြည့်စုံကို မအေးအေးမာက တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ မေလ နဲ့ ဇွန်လအတွင်းမှာ ရန်ကုန်၊ မန္တလေး စတဲ့ စက်မူဇုံတွေက အလုပ်သမား ဆန္ဒပြပွဲတွေ ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ စက်ရုံတွေ အချင်းချင်း စုပေါင်းပြီး ရန်ကုန်၊ မန္တလေး၊ ပဲခူး စတဲ့ စက်ရုံတွေ စုပေါင်း ဆန္ဒပြပွဲကို လုပ်ခဲ့တာပါ။ လှိုင်သာယာ စက်မူဇုံမှာ ဆန္ဒပြတာနဲ့ ပတ်သက်ပြီး ရန်ကုန် လှိုင်သာယာ စက်မူဇုံကို ကိုယ်စားပြုတဲ့ အလုပ်သမား ခေါင်းဆောင်တဦးက အခုလို ပြောပါတယ်။

"လှိုင်သာယာ တဇုံလုံးမှာရှိတဲ့ စက်ရုံတွေကို ဖိတ်ပါတယ်။ လက်ရှိ လာတာကတော့ ၃၅ ရုံ၊ ၃၆ ရုံလောက်တော့ လာပါတယ်။ အောင်မြေသာယာ ရှေ့က ဘောလုံးကွင်းမှာ ပြတာပါခင်ဗျ။ တောင်းဆိုချက်က အလုပ်ချိန် ၈ နာရီမှာ လုပ်ခလစာ ၃,၀၀၀ ရရှိရေးက တချက်ပေါ့။ လာဘ်ပေးလာဘ်ယူ ပပျောက်ရေးနဲ့ တရားဥပဒေ စိုးမိုးရေး၊ အလုပ်သမား အခွင့်အရေးတွေကို ကာကွယ် စောင့်ရှောက်ရေး၊ အဓိက ကျတာကတော့ အလုပ်ချိန် ၈ နာရီကို လုပ်ခလစာ ၃,၀၀၀ ရရှိရေးကတော့ အဓိက အကျဆုံးပေါ့နော်။ နောက်ပြီးတော့ အလုပ်ရှင်က အလုပ်သမားတွေကို အလုပ်ထုတ်နေတာတွေ အတွက်လည်း ပြတာပါခင်ဗျ။ အလုပ်သမားတွေရဲ့ ဆုံးရှုံးမှုတွေ များနေပါတယ်။ အလုပ်သမား အဖွဲ့အစည်း ဖွဲ့ပြီးသော်လည်း အဲဒီ အလုပ်သမား အဖွဲ့အစည်း ဖွဲ့တဲ့သူတွေကို အလုပ်ရှင်က ဖိအားပေးပြီးတော့ တချို့တွေဆို အလုပ်ထုတ် ခံရတယ်ခင်ဗျ။ ရန်ကုန်မှာရှိတဲ့ တခြား စက်မှုဇုံတွေက လှိုင်သာယာမှာရှိတဲ့ ကျနော်တို့ စက်မှုဇုံကို ထောက်ခံတယ်။ မန္တလေးကလည်း ဒီလို ဆန္ဒပြ ထုတ်ဖော်တာကို ထောက်ခံပါတယ်ခင်ဗျ။ ပဲခူးတိုင်းက စက်ရုံတွေကလည်း ထောက်ခံတယ်။ အဲဒါမျိုးတွေ ရှိပါတယ်။ ပူးပေါင်း ပါဝင်ဖို့က မန္တလေးကလည်း လာပါတယ်ခင်ဗျ။ ပဲခူးကလည်း လာပါတယ်။ အခုလက်ရှိ ခေါင်းဆောင်တွေ ကိုယ်စားပြုပြီး တက်လာပါတယ်။ မန္တလေးနဲ့ ပဲခူးကလည်း ကိုယ်စားပြု ကိုယ်စားလှယ်တွေ ပါပါတယ်။ အထက် မြန်မာပြည် အောက်မြန်မာပြည် ပေါင်းပြီးလုပ်တဲ့ ပွဲပါခင်ဗျ။"

လှိုင်သာယာမြို့နယ် ရဲကတော့ အင်အား ၁,၀၀၀ လောက် ဆန္ဒပြမှုကို လက်မခံဘဲ အင်အား ၂၀၀ လောက်ကိုသာ ခွင့်ပြုခဲ့တာကြောင့် အမျာစုကြီးနဲ့ ဆန္ဒပြမှုကို လက်လျှော့ခဲ့ရကြောင်း၊ ဆန္ဒပြနေစဉ်မှာတော့ အနှောက်အယှက်ပေးမှု မရှိဘဲ ဓာတ်ပုံ လာရိုက်တာတွေတော့ လုပ်ခဲ့တယ်လို့ အလုပ်သမား ခေါင်းဆောင်တွေက ပြောခဲ့ပါတယ်။

"သူတို့ ကင်မရာတွေ ပါလာတယ်။ သူတို့ ဖုန်းတွေနဲ့ရော ကင်မရာတွေ နဲ့ရော၊ ဗွီဒီယို ကင်မရာတွေနဲ့ပါ ရိုက်ပါတယ်ခင်ဗျ။ သူတို့ မှတ်တမ်းတင်တယ်။ ကျနော်တို့ လူဦးရေ ၁,၀၀၀ ကျော်ပါတယ်ခင်ဗျ။ သူတို့ ဖြတ်ချတာ ၂၀၀ ပဲ ကျနော်တို့ လုပ်ခွင့်ရှိတယ် ဆိုပြီး ဖြတ်ချပါတယ်ခင်ဗျ။"

ဒီတခေါက် ဆန္ဒပြမှုမှာတော့ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေကို လာရောက်ဖို့ ဖိတ်ခေါ်ခဲ့ပြီး အလုပ်အကိုင် အခွင့်အလန်းကောင်းတွေ လိုအပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အခုချိန်ထိတော့ တနေ့ အလုပ်ချိန် ၈ နာရီ သတ်မှတ်ဖို့အတွက် တောင်းဆိုနေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ မေလ နဲ့ ဇွန်လကတော့ အလုပ်သမားတွေရဲ့ လုပ်အားခ နစ်နာမှုတွေအပြင် အလုပ်သမား အခွင့်အရေး တောင်းဆိုဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး အလုပ်သမားညွန်ကြားရေးမှူး ဦးစီးဌာနက တာဝန်ရှိသူတွေက ကြားဝင် ဖြန်ဖြေ ဆောင်ရွက်ပေးမှုတွေ ရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ ဆန္ဒပြမှုမှာ ပါဝင်ခဲ့သူတွေကို အလုပ်ရှင်တွေက အကြောင်းအမျိုးမျိုးနဲ့ အလုပ် ထုတ်ပယ်မှုတွေ၊ အလုပ်သမား သမဂ္ဂကို ဦးဆောင်ဖွဲ့သူတွေကို အလုပ် ထုတ်ပစ်မှုတွေဟာ အများအပြား ဖြစ်လာတဲ့အတွက် အခုလိုမျိုး စက်မူဇုံတွေက စက်ရုံတွေ စုပေါင်းပြီး သူတို့ သဘောထားတွေကို ထုတ်ဖော်လာတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG