သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်ရုံအလုပ်သမားပြဿနာ မပြေလည်သေး


လှိုင်သာယာစက်မှုဇုံက ဆက်တိုက်ဆန္ဒပြနေတဲ့ အလုပ်သမားတွေအနေနဲ့ တောင်းဆိုချက်တွေ မရသေးသလို နောက်ထပ် ဆန္ဒပြ အလုပ်သမားတွေလည်း တိုးလာနေပါတယ်။ အလုပ်သမားရေးရုံးက ကြားဝင် စေ့စပ်ပြီး ညှိနှိုင်းတာတချို့ ရှိခဲ့ပေမဲ့လည်း နှစ်ဘက်စလုံးက မလိုက်လျောနိုင်ကြသေးပါဘူး။ တချို့စက်ရုံတွေမှာတော့ ညှိနှိုင်းတာတွေ ဆက်လုပ်နေကြဆဲပါ။ အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲ ဒီကနေ့ နောက်ဆုံး အခြေအနေတွေကို ဘန်ကောက်ကနေ စုံစမ်း မေးမြန်းထားတဲု ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

လွန်ခဲ့တဲ့ ဆယ်ရက်ကျော်ကတည်းကစပြီး ဆန္ဒပြခဲ့ကြတဲ့ စက်ရုံတွေအပါအဝင် ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဆန္ဒပြခဲ့တဲ့ စက်ရုံ ၆ ရုံစလုံးမှာ ဒီကနေ့အချိန်ထိ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေ မရသေးပါဘူး။ အဲဒီကြားထဲမှာပဲ နောက်ထပ် ဆန္ဒပြ အလုပ်သမားတွေလည်း တိုးလာနေဆဲပါ။ ဗွီအိုအေက စုံစမ်း သိရှိရသလောက် လှိုင်သာယာစက်မှုဇုံတွေမှာ ထပ်တိုးလာတဲ့ ဆန္ဒပြစက်ရုံက အနည်းဆုံး နှစ်ရုံရှိပါတယ်။ အဲဒီထဲမှာတခုကတော့ မစ်စ်စတိုင် (Miss Style) ဆိုတဲ့ ဖိနပ်စက်ရုံဖြစ်ပါတယ်။ အဲဒီက ဆန္ဒပြ အလုပ်သမားတဦး ပြောပြတာက -

"ကျနော်တို့က တောင်းဆိုတာ ၁၄ ချက် ရှိတယ်။ ၁၄ ချက်မှာ ကျန်တဲ့အချက်တွေက အဆင်ပြေပြီ။ ပိုက်ဆံမှာ အဆင်မပြေဘူး ဖြစ်နေတယ်။ ပိုက်ဆံ လစာတိုးဖို့မှာ အဆင်မပြေဘူး ဖြစ်နေတယ်။ ကျနော်တို့က လစာကို သုံးသောင်းအထိ တောင်းပါတယ်။ အခြေခံ လစာကြေးပဲ။ စက်ရုံဖက်က တပတ်လုံး အိုတီဆင်းမှ ၈,၁၀၀ ပဲ
တိုးပေးသေးပါတယ်။ အခု ကျနော်တို့ကတော့ လောလောဆယ်ကတော့ ဒီမှာပဲ ခေါင်းဆောင်တွေနဲ့ ညှိပြီးတော့၊ ဒိပြင် စက်ရုံတွေနဲ့ ညှိနေတယ်ပေါ့နော်။ ဘာမှတော့ မလုပ်သေးဘူး။ ဒီမှာ အေးအေးဆေးဆေး ငြိမ်းချမ်းစွာနဲ့ပဲ ဆန္ဒပြနေတယ်။ ကျနော်တို့ရဲ့ တောင်းဆိုချက်ကို ရတဲ့အထိ ကျနော်တို့ ကတော့ တောင်းဆိုသွားမှာပဲ။"


စက်မှုဇုံ ၅ က ငွေကံ့ကော် အထည်ချုပ် စက်ရုံမှာလည်း အလုပ်သမား ၅၀၀ ကျော် စက်ရုံအပြင်ထွက်ပြီး ဆန္ဒပြခဲ့ကြပေမဲ့ နောက်ပိုင်းမှာ အခြေအနေက ပြောင်းလဲသွားခဲ့ပြီး စက်ရုံဝင်းထဲမှာပဲ ဆက်ပြီး ဆန္ဒပြနေကြတယ်လို့ အဲဒီကိုရောက်သွားတဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က မသက်သက်အောင်က ပြောပြပါတယ်။

"မနက်ပိုင်းမှာ ဖြစ်သွားတာ။ ရဲတွေအများကြီး ရောက်လာတာဖြစ်တဲ့အတွက် ကလေးတွေက ကြောက်လန့်ပြီးတော့ စက်ရုံအတွင်းထဲ ပြန်ဝင်သွားတာ။ ကျမလာတဲ့ အချိန်မှာတော့ မတွေ့ဘူး တယောက်မှ။ အဓိကကလေ စက်ရုံမှူးက မလိမ့်တပတ်နဲ့ ပြန်ခေါ်သွားတာ။ အပြင်မှာနေပူတယ်၊ အထဲဝင်ပါပေါ့နော်။ နောက်ပြီးတော့ အဲဒီမှာ ရဲတွေရှိနေတာ ဖြစ်တဲ့အတွက်လည်း ကလေးတွေက အဲဒီမှာ ကြောက်လန့်ပြီး ပြန်ဝင်သွားကြတာ။ ဒါပေမယ့် အလုပ်တော့ မလုပ်ကြဘူး၊ စက်ရုံဝင်းရဲ့ စက်ရုံထဲမဟုတ်တဲ့ အပြင်မှာ။"

ဆန္ဒပြလာတာ ၁၁ ရက်ကြာလာပြီဖြစ်တဲ့ စံပယ်ပွင့်စက်ရုံဘက်မှာတော့ အလုပ်ရှင်နဲ့ အလုပ်သမား ကိုယ်စားလှယ်တွေအကြား အလုပ်သမားရေးရုံးက တာဝန်ရှိသူတချို့ ကြားခံပြီး ဆွေးနွေးခဲ့ကြပေမဲ့ ပြေလည်မှုမရသေးပါဘူး။

"အလုပ်သမားရုံးက ဦးခင်မောင်ကောင်းဆိုတာ ပါပါတယ်၊ သူနဲ့အတူ နောက်တယောက်လည်း ပါပါတယ်။ သူတို့လာပါတယ် ညီမတို့ဆီကို။ ညီမတို့ ဖုန်းဆက်လိုက်လို့ သူ့အထက်ကနေ ညွှန်ချုပ်က လွှတ်လိုက်လို့တဲ့၊ ဆင်းလာတာပါတဲ့။ သူတို့ညှိပေးတာလည်း ဒီအတိုင်းပဲ။ ညီမတို့ ဒီနေ့ဆို ၁၁ ရက် ရှိသွားပြီ။ ဘယ်သူတွေ
ဘယ်လိုပဲလာလာ၊ ဘယ်လိုပဲညှိညှိ သူဌေးမက ညီမတို့ကို တသောင်းခွဲ တိုးပေးထားတယ်၊ အဲဒါပါပဲ။ အဲဒီထက် ဘာမှ အခွင့်အရေး မရပါဘူး။ ညီမတို့ဖက်ကလည်း ညီမတို့ လိုချင်တာကို တောင်းဆိုပါတယ်။ သူတို့က ဒီမှာပြောထားတာ အခြေခံလစာက ၅၆,၈၀၀ ပေါ့။ အဲဒါကို အခြေခံအဖြစ် ဆိုပြီးတော့
ညီမတို့ကို သတ်မှတ်ထားတယ်။ ဒါပေမယ့် အဲဒီအထဲမှာ ညီမတို့ကို ချုပ်ပေးမယ့် အထည်ကြေးက ၃၂,၀၀၀ ကျော် ပါပါတယ်။ ၃၂,၀၀၀ က သူတို့ပေးထားတဲ့ သူတို့ပေးထားတဲ့ ရာခိုင်နှုန်း ၄,၈၀၀ ကိုပါ ရောပေါင်းထားတယ်။ အဲဒါကို သူတို့က ၅၆,၈၀၀ ကို အခြေခံလို့ သတ်မှတ်ပြီးတော့ လူကြီးတွေကို ပြောပါတယ်။"


စံပယ်ပွင့်စက်ရုံ ဆန္ဒပြအလုပ်သမားတွေရဲ့ ကိုယ်စားလှယ်တဦးပါ။

အလုပ်သမားတွေ အနေနဲ့ ဒီကနေ့မှာ အချိန်မရွေး အလုပ်ပြန်ဝင်လာနိုင်ပြီး မနက်ဖြန်ဆိုရင်တော့ အလုပ်သမားတွေက မိမိသဘော ဆန္ဒအလျောက် အလုပ်ကနေ ထွက်သွားပြီလို့ သတ်မှတ်မယ်ဆိုပြီး ညှိနှိုင်းကြချိန်မှာ အလုပ်ရှင်ဘက်က ပြောခဲ့ပါတယ်။ အလုပ်သမားရေးရာရုံး တာဝန်ရှိသူတွေကတောင်မှ အဲဒီစကားဟာ သူတို့နဲ့ မဆိုင်ဘူးဆိုပြီး ပြောကြပါတယ်။ တချိန်ထဲမှာပဲ စက်ရုံက အလုပ်သမား အသစ်ခေါ်တဲ့ ကြေညာချက်ကို ကပ်ထားတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ဆန္ဒပြအလုပ်သမားတွေ ကြားထဲမှာတော့ ရက်ကြာလာတာနဲ့အမျှ မိသားစု စားဝတ်နေရေး အခက်တွေ့လာကြတဲ့အတွက် အတန်ငယ် စိတ်ပျက် အားလျော့တဲ့ လက္ခဏာမျိုးတွေ တွေ့လာနေရပြီလို့လည်း အလုပ်သမား ကိုယ်စားလှယ်က ပြောပါတယ်။

ကိုရီးယားလူမျိုးပိုင် Hi-mo High Art ဆံပင်တု စက်ရုံမှာလည်း မနေ့ကတည်းက နှစ်ဘက်ညှိနှိုင်းနေကြပြီး ဒီကနေ့မှာလည်း ဆက်ပြီး ညှိနှိုင်းဆဲပါ။

မေလ ၂၃ ရက် ဗုဒ္ဓဟူးနေ့မှာ စက်ရုံပိုင်ရှင် တိုင်ဝမ် တရုတ်အမျိုးသားက အလုပ်သမလေးတွေကို ကားပေါ်မှာ ရိုက်နှက်တာတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ တိုးမြတ်အောင် စက်ရုံမှာတော့ ဒီကနေ့မနက်ပိုင်းမှာ အဲဒီပိုင်ရှင်ကို ရဲက လာခေါ်သွားပြီလို့ စက်ရုံအုပ်ချုပ်ရေးပိုင်းက ပြောပေမဲ့ အလုပ်သမားတွေက ကိုယ်တိုင် မမြင်လိုက်ရတဲ့ အတွက် မယုံကြပါဘူး။

"အခု မေးကြည့်တာကတော့ပေါ့နော်၊ သူတို့ မနေ့က ရဲစခန်းကနေပြီးတော့ မနက် ၈ နာရီမှာ ဝရမ်းနဲ့ လာဖမ်းမယ်ဆိုတဲ့ ကိစ္စကို ဒီကနေ့ ဘာမှ မထူးဘူး။ ဒါပေမယ့် သူတို့ စကားပြန်တွေ လာပြောပုံအရ ဆိုရင်တော့ ဒီလူကို ဖမ်းသွားပြီလို့ ကြားတယ်။ ဒါပေမယ့် မမြင်ရဘူး၊ လုံး၀ မမြင်ရဘူး။ ပြောပုံအရဆိုရင်တော့ လာခေါ်သွားတယ်လို့ ကြားတယ်တဲ့။ ဒါပေမယ့် မမြင်ရတာ ဖြစ်တဲ့အတွက် သူတို့ကတော့ ဒါကို မယုံကြည်ဘူးတဲ့။"

တိုးမြတ်အောင်စက်ရုံက အခြေအနေကို မသက်သက်အောင် ပြောပြသွားတာပါ။

အရိုက်ခံရတဲ့အလုပ်သမလေးတွေ အမှုဖွင့်တာကို စခန်းမှူးက နည်းလမ်းနှစ်ခု ရွေးခိုင်းထားတာ ဘယ်အခြေအနေ ရောက်သွားပြီ ဆိုတာကိုလည်း အတိအကျမသိရသေးပါဘူး။ တရားစွဲတဲ့ နည်းလမ်းနဲ့ လျော်ကြေးယူတဲ့နည်းလမ်းမှာ လျော်ကြေးယူရင် ပိုက်ဆံတွေ အများကြီးရမှာဆိုပြီး အလုပ်သမလေးတွေကို ရဲစခန်းမှူးက မနေ့ကပြောထားတာပါ။

အလုပ်သမားဆန္ဒပြပွဲတွေ ဆက်ပြီးပဲ ကြီးထွားလာမလား၊ ရက်ကြာလာတာနဲ့အမျှ စိတ်ပျက် အားလျော့သူတွေ ပိုများလာပြီး မအောင်မမြင်နဲ့ အဆုံးသတ်သွားမှာလား ဆိုတာကတော့ ကာယကံရှင် အလုပ်သမားတွေပေါ်မှာပဲ အဓိက မူတည်နေကြောင်းပါ။

XS
SM
MD
LG