သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလုပ်သမား ဆန္ဒပြမှု တချို့တဝက် ပြေလည်


ရန်ကုန် လှိုင်သာယာ စက်မှုဇုံအတွင်း လုပ်အားခလစာ တိုးမြင့်ပေးရေးအတွက် တောင်းဆို ဆန္ဒပြနေကြတဲ့ အထဲက စက်ရုံ ၃ ရုံမှာ သဘောတူညီချက် ရရှိသွားပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ကျန်စက်ရုံ တော်တော်များများမှာတော့ ညှိနှိုင်း ဆောင်ရွက်မှုတွေ အဆင်မပြေသေးတဲ့ အတွက် ဆက်လက် ဆန္ဒပြနေကြဆဲ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ရန်ကုန် လှိုင်သာယာ စက်မှုဇုံနဲ့ မှော်ဘီမြို့က ရန်ကုန်သရဖူ သံမဏိစက်ရုံတွေမှာ လုပ်အားတိုးမြင့်ပေးရေးနဲ့ တခြား အလုပ်သမား အခွင့်အရေး ရရှိရေးအတွက် တောင်းဆို ဆန္ဒပြမှုတွေ သီတင်း ၂ ပတ်ကျော်လောက် ကြာလာတဲ့ အခါမှာတော့ စက်ရုံ ၃ ရုံမှာရှိတဲ့ အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေအကြား မနေ့ ညနေပိုင်းက သဘောတူညီမှု ရရှိသွားကြပြီလို့ အလုပ်သမားတွေကို ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်ပေးနေတဲ့ ဦးဌေးက ပြောပြပါတယ်။

"စက်ရုံ ၃ ရုံကတော့သဘောတူညီမှု ရသွားပြီလို့ ပြောပါတယ်။ YJ ရယ်၊ အာရှနှင်းဆီရယ်၊ Miss Style ဖိနပ်ချုပ် စက်ရုံတွေကတော့ အဆင်ပြေသွားတယ်လို့ ကြားသိရပါတယ်။ ကျန်တဲ့ စက်ရုံတွေကတော့ ဒီနေ့တိုင် ဆက်လက် တောင်းဆိုနေဆဲဖြစ်ပါတယ်။ အလျှော့အတင်းနဲ့ ပြေလည်သွားတယ်လို့ ပြောတယ်ဗျ။"

ဒါပေမယ့် တခြား စက်ရုံအတော်များများမှာတော့ အလုပ်ရှင်နဲ့ အလုပ်သမားကြား ညှိနှိုင်း ဆောင်ရွက်မှုတွေ အခုချိန်ထိ အဆင်မပြေနိုင်သေးပဲ ဖြစ်နေတာပါ။

"ကျန်တာ မြန်မာပုလဲကျန်တယ်၊ ဒီဖက်မှာဆိုရင် Lucky Shoe ကလဲ အသစ်ထွက် တောင်းဆိုတဲ့ စက်ရုံဖြစ်တယ်။ နောက် Hi Art ဆံပင်တုစက်ရုံကို ဆက်လက် ဆောင်ရွက်နေတယ်။ နောက် စံပယ်ပွင့် ဆက်လက် ဆောင်ရွက်နေတယ်။ နောက် နေမင်းအောင် ဆက်လက် တောင်းဆိုနေတယ်။ တိုးမြတ်အောင် ဆက်လက် တောင်းဆိုနေတယ်။ ငွေပင်လယ် ဆက်လက် တောင်းဆိုနေတယ်။ ဆက်လက် တောင်းဆိုနေတဲ့ စက်ရုံအားလုံးပေါင်း ဒီမှာ ၇ ခု ကျန်ရှိနေတယ်။ ဇုံ ၂ က Lucky Shoe က လူ ၅၀၀ ကျော်လောက်ပေါ့လေ၊
ဆက်လက် တောင်းဆိုနေတယ်။ အရင်နေ့ထဲက သူတို့က ထွက်လာတာ။ ဒီနေ့ကျတော့ လူများလာတာပေါ့လေ။ နောက်တခုက ငွေကံ့ကော်ပေါ့။ ငွေကံ့ကော်ကလဲ ၈၀၀ လောက်ရှိတယ်။ သူက ဇုံ ၅ မှာရှိတယ်။ ဒီနေ့ ၃ ရက်မြောက်ပေါ့ ကျန်တဲ့ ဇုံတွေက ပါဝင်လာကြတာပေါ့။"


အလုပ်သမားဆန္ဒပြမှုတွေ စဖြစ်ခါစ အစောပိုင်း ရက်တွေမှာကတည်းက အလုပ်ရှင်တွေဖက်က သူတို့ရဲ့ ရပ်တည်ချက်တွေကို တညီတညွတ်ထဲ တုန့်ပြန်လာကြတာပါ။ ဥပမာအားဖြင့် အလုပ်သမားတွေက လုပ်အားခလစာ ၃ သောင်းပေးဖို့ တောင်းဆိုတာကို တသောင်းခွဲပဲပေးမယ်၊ နောက် ၃ ရက်အတွင်း အလုပ်မဆင်းရင် အလုပ်က ထုတ်ပစ်မယ်လို့ ၁၈ ရက်နေ့က တညီတညွတ်ထဲ ကြေငြာချက်တွေ ထွက်ပေါ်လာတာ အပါအဝင် အလုပ်သမားတွေအပေါ် တုန့်ပြန်မှုတိုင်းဟာ တညီတညွတ်ထဲ ဖြစ်နေတာကို
တွေ့ရတာကြောင့် စက်ရုံ အလုပ်ရှင်တွေအကြား Network ကွန်ယက်ဖွဲ့ ပူးပေါင်း ဆောင်ရွက်မှုရှိနေတာကို တွေ့လာရတာပါ။

မနေ့ကအထိတော့ အလုပ်သမား အခွင့်အရေး တောင်းဆိုနေကြတဲ့ စက်ရုံ အလုပ်သမားတွေအကြား အခြေခံ တောင်းဆိုချက်တွေ တူညီတာကလွဲလို့ စက်ရုံတခုနဲ့ တခု ပူးပေါင်း ဆောင်ရွက်မှု မရှိခဲ့ပါဘူး။ ဒါပေမယ့် ဒီကနေ့မှာတော့ သဘောတူညီမှု မရသေးတဲ့ စက်ရုံတွေက အလုပ်သမားတွေအကြား Network ကွန်ယက် ဖွဲ့စည်းပြီးတော့ သူတို့ရဲ့ အခွင့်အရေးတွေကို တညီတညွတ်ထဲ တောင်းဆိုကြဖို့ သဘောတူညီမှု ရရှိသွားပြီလို့ ဥပဒေအကြံပေး ဦးဌေးက ဆက်ပြောပြပါတယ်။

"ကျန်ရှိတဲ့ စက်ရုံတွေကနေပြီးတော့ ဒီအလုပ်သမား အခွင့်အရေးလှုပ်ရှားမှုကို ကွန်ယက်အနေနဲ့ ဒီနေ့ စုစည်းလိုက်ကြပါတယ်။ စုစည်းလိုက်တော့ သူတို့အချင်းချင်း အပြန်အလှန် သတင်းဖလှယ်မယ်၊ အပြန်အလှန် ရိုင်းပင်းကူညီမယ်၊ အပြန်အလှန် ညှိနှိုင်း တိုင်ပင်ဖို့ဆိုပြီးတော့ ဆောင်ရွက်လိုက်တာ ဖြစ်ပါတယ်။ အဲဒီလိုအချိန်မှာပဲ မှော်ဘီဖက်က မြောင်းတကာ သံရည်ကျို စက်ရုံဖက်ကလဲ လာရောက် ပူးပေါင်းကြဖို့၊ လက်တွဲကြဖို့ လာရောက်တာ သိရှိရပါတယ် ခင်ဗျ။"

အခု ဆန္ဒပြမှုတွေမှာ အဓိက အခြေအနေအဆိုးဆုံးလို့ ဆိုလို့ရမယ့် မှော်ဘီမြို့က ရန်ကုန်သရဖူ သံမဏိစက်ရုံမှာ မနေ့ကစပြီး အလုပ်သမား ၂၅ ဦးက အစာငတ်ခံ ဆန္ဒပြနေကြတာမှာ ဒီကနေ့တော့ အဲဒီ အစာငတ်ခံ ဆန္ဒပြတဲ့ အလုပ်သမားဦးရေပါ ထပ်တိုးလာတယ်လို့ သိရပါတယ်။

ဒီ အလုပ်သမား ဆန္ဒပြပွဲတွေနဲ့ တဆက်တည်း ပြောပြရမယ်ဆိုရင်တော့ - တောင်ဒဂုံ စက်မှုဇုံဘက်မှာတော့ လျှပ်စစ်မီး မရတဲ့အတွက် အလုပ်ရှင်တွေ ကိုယ်တိုင် လုပ်အားခတိုးမြင့်ပေးရေး တောင်းဆိုနေတဲ့ အလုပ်သမားတွေနဲ့ အတူ ပါဝင် ဆန္ဒပြနေတယ်လို့ သိရပါတယ်။

XS
SM
MD
LG