သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေပြည်သာ ဆန္ဒပြအလုပ်သမားသပိတ် မပြီးပြတ်


ရန်ကုန်မြို့ပြင် စက်မှုဇုံမှာရှိတဲ့ အလုပ်ရုံတွေမှာ အလုပ်သမား စည်းမျဉ်းစည်းကမ်း သတ်မှတ်တဲ့အခါ အလုပ်သမားသမဂ္ဂရဲ့ သဘောထားပါ ထည့်သွင်းစဉ်းစားဖို့၊ လုပ်သက် တနှစ်ပြည့်ပြီးတဲ့သူတွေကို လုပ်အားခ တိုးမြင့်ပေးဖို့၊ သူတို့ရဲ့ လုပ်အားခကို ၂ ဆတိုးပေးဖို့ စတဲ့ တောင်းဆိုမှုတွေနဲ့ အလုပ်သမားတွေက ဆန္ဒပြနေကြတာပါ။

ဒါပေမဲ့ သောကြာနေ့ကစပြီး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့အကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပေါ်ခဲ့ရာက ၂ ဖက် ထိခိုက် ဒဏ်ရာမှုတွေလည်း ရှိလာခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အလုပ်သမား အခွင့်အရေး လှုပ်ရှားမှုမှာ အဓိက အရေးပါတဲ့ နေရာဖြစ်လာနေတဲ့ သပိတ်စခန်းတွေရှိရာကို ဗွီအိုအေသတင်းထောက် Steve Herman က သွားရောက် လေ့လာခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

“အချုပ်ထဲကနေပြီးတော့ အမြန်ဆုံး လွတ်မြောက်ပါစေ။”

ဆန္ဒပြ အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်ကို ပြန်မဝင်ရင် အာဏာပိုင်တွေ အနေနဲ့ တည်ဆဲဥပဒေအရ အရေးယူရလိမ့်မယ်လို့ အလုပ်သမားဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

မြန်မာ့အသံ ကြေညာချက် - “ပါဝင်ပတ်သက်သူများ၊ သွေးထိုးလှုံ့ဆော် အားပေးအားမြှောက် ပြုလုပ်သူများအား တည်ဆဲဥပဒေနဲ့အညီ ဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သတင်းထုတ်ပြန်အပ်ပါသည်ဟု ဖော်ပြပါရှိပါတယ်ခင်ဗျာ။”

မို့မို့လွင်ဟာ E-Land Myanmar အထည်ချုပ်စက်ရုံက ဆန္ဒပြနေတဲ့ အလုပ်သမ တဦးပါ။ သူ့အနေနဲ့ တလကို ၁၅ ဒေါ်လာကနေ ဒေါ်လာ ၂၀ လောက် ပို့ပေးနေတဲ့အတွက် သူ့မိဘတွေနဲ့ ညီမ ၃ ယောက် ရပ်တည်နေထိုင်နိုင်တာလို့ပြောပြီး အလုပ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲကို ရှင်းပြပါတယ်။

“ကျမတို့ဘက်မှာ ဘယ်သူမှကို မရှိတာ။ ပြည်သူလူထုကလွဲရင်ပေါ့။ ပြည်သူလူထု ဆိုတာတောင်မှပဲ ပြောရမယ်ဆိုရင် ရပ်ကွက်လူကြီး ဥက္ကဌတို့၊ ရာအိမ်မှူးတို့ အဲ့လိုလူတွေကပါအစ စက်ရုံဘက်က သိန်း ၂၀၀ ပေးထားတယ်လို့ ကြားတယ်။ စက်ရုံ ၃ ရုံပေါင်းပြီး သိန်း ၂၀၀ ပေးထားတယ်လို့ ကြားတယ်။ အဲ့ဒီ သိန်း ၂၀၀ နဲ့ ကျမတို့ အလုပ်သမားတွေကို ဟိုတနေ့ကဆိုရင် ပိတ်ဆို့ပြီးတော့မှ မတရားနှိပ်စက်တယ်။”

အကြမ်းဖက် ဖြိုခွင်းမှုတွေနဲ့ ဖမ်းဆီးမှုတွေ ဖြစ်ပေါ်ပြီးတဲ့ နောက်မှာတော့ ဆန္ဒပြ အလုပ်သမားတွေဟာ ဒေါသထွက်နေတဲ့အပြင် ကြောက်စိတ်၊ သံသယစိတ်တွေနဲ့ ဆက်လက် ဆန္ဒပြနေကြပါတယ်။ အများစုကလည်း အစိုးရသူလျှိုတွေ ဖြစ်မှာစိုးတဲ့အတွက် သတင်းထောက်တွေကို စကား မပြောလိုကြပါဘူး။

ပြိုကျလုနီးပါး ဖြစ်နေတဲ့ စက်မှုဇုံတွေမှာ ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ်တွေကို အလုပ်ခန့်ထားပြီး၊ သူတို့ရဲ့ လုပ်အားခကလည်း တနေ့ကို တဒေါ်လခွဲနဲ့ ညီမျှတဲ့ ကျပ် ၁၅၀၀ - ၁၆၀၀ လောက်သာ ရကြတာပါ။ သူတို့အတွက် လုပ်အားခ တလကို ဒေါ်လာ ၃၀ လောက် တိုးမြှင့်ပေးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ E-Land စက်ရုံကို တနင်္ဂနွေနေ့က ပြန်ဖွင့်ပေမဲ့ အလုပ်သမားတွေ အနေနဲ့ အလုပ်ပြန်ဆင်းတော့မှသာ သူတို့တောင်းဆိုတဲ့ လုပ်အားခကိစ္စကို စဉ်းစားမယ်လို့ စက်ရုံမန်နေဂျာက ပြောပါတယ်။ ဒါပေမဲ့ အလုပ်သမားတွေလည်း တယောက်မှ အလုပ်မဆင်းကြသလို စက်ရုံအရာရှိတွေလည်း မရှိဘူးလို့ အစောင့်တွေက ပြောပါတယ်။

အနီးအနား လှိုင်သာယာ စက်မှုဇုံမှာတော့ တင်းမာမှုတွေ လျော့ကျသွားခဲ့ပါပြီ။ Tai Yi ဖိနပ်ချုပ် စက်ရုံက အလုပ်သမားတွေဟာ မူလက အခြေခံ လုပ်အားခ တလ ၄၀ လောက် ရနေရာကနေ ၅၀ အထိ တိုးပေးတာကို လက်ခံလိုက်ကြပြီ ဖြစ်ပါတယ်။ သူတို့ကတော့ အင်္ဂါနေ့မှာ အလုပ်စဆင်း နေကြပါပြီ။

မြန်မာနိုင်ငံအတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာတဲ့အတွက် နိုင်ငံခြားက စိတ်ဝင်စားမှုတွေလည်း တိုးလာနေပါတယ်။ မျှတတဲ့ လုပ်အားခနဲ့ ခံစားခွင့်တွေ ပေးမယ်ဆိုရင် ဘယ်သူမဆို မြန်မာနိုင်ငံကို လာနိုင်ကြောင်း Tai Yi စက်ရုံ အလုပ်သမား ဆန္ဒပြပွဲကို ဦးဆောင်သူ တဦးဖြစ်တဲ့ မမိုးဝေက ပြောပါတယ်။

“ကျမတို့နိုင်ငံက အလုပ်သမားတွေက လုပ်ခလစာနည်းတယ်။ တခြားလုပ်ငန်းတခုခု လုပ်ခလစာ အများအပြားရတဲ့နေရာကို ပြောင်းရွှေ့လုပ်ကိုင်မယ်ဆိုရင်တော့ ကျမတို့အတွက် အလုပ်အကိုင် အခွင့်အလန်းတွေ အများကြီး လိုအပ်ပါတယ်။ လက်ရှိမှာ အလုပ်အကိုင် အခွင့်အလန်းတွေကတော့ အများပြားသေးပါဘူးရှင့်။”

အနိမ့်ဆုံး လုပ်အားခ သတ်မှတ်တဲ့ ဥပဒေကို လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက လွှတ်တော်က အတည်ပြုပြီး ဖြစ်ပါတယ်။ မြန်မာအလုပ်သမား ဝန်ကြီးဌာနကလည်း အဲဒီ ရည်မှန်းချက်ရောက်နိုင်ဖို့ အချိန်ဆွဲပြီး လုပ်ဆောင်နေပါတယ်။ သူတို့အနေနဲ့ လေ့လာ ဆန်းစစ်မှုတွေ လုပ်ဖို့ လိုနေသေးတယ်လို့ ပြောနေတဲ့အတွက် ဒီအတောအတွင်းမှာ အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေအကြား သဘောထားကွဲပြားမှုတွေ ဆက်လက် ဖြစ်ပေါ်နေဦးမှာ ဖြစ်ပါတယ်။

“ဒီနေ့ ဒီအချိန်ကစပြီး အိုဗာတိုင် ၁ နာရီအတွက် လုပ်ခသည် ကျမတို့ အလုပ်သမားတွေရဲ့ လက်ထဲမှာပဲ ရှိတယ်လို့ ပြောချင်ပါတယ်။”

XS
SM
MD
LG