သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ AIDS ရောဂါ တိုက်ဖျက်ရေးနေ့ နိုင်ငံတကာ ကျင်းပ


ကမ္ဘာ့ AIDS ရောဂါ တိုက်ဖျက်ရေးနေ့ နိုင်ငံတကာ ကျင်းပ

ဒီနေ့ ကမ္ဘာတ၀န်းမှာ AIDS ရောဂါ တိုက်ဖျက်ရေးနေ့ကို ကျင်းပခဲ့ကြပါတယ်။ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ကတော့ ကမ္ဘာတ၀န်း HIV/AIDS ရောဂါနဲ့ နေထိုင်သူပေါင်း ၃၃ သန်းအတွက် အကူအညီတွေ ပေးမယ်လို့ အင်္ဂါနေ့က အမိန့်ပြန်တမ်း ထုတ်ပြန်ခဲ့ပါတယ်။ HIV ရောဂါပိုး ပျံ့နှံ့မှု တိုက်ဖျက်နိုင်ဖို့ သူ့အစိုးရ အဖွဲ့က ကြိုးပမ်းမှာ ဖြစ်ကြောင်းလည်း ကတိပေးပါတယ်။

HIV ရောဂါပိုး ကူးစက် ပြန့်ပွားမှုအတွက် အကာအကွယ် ပေးမှုတွေ၊ ဆေးကုသပေးမှုတွေနဲ့ လူမှုရေးလုပ်ဆောင် ကာကွယ်မှုတွေကို နိုင်ငံတိုင်း ပါဝင် လုပ်ဆောင်လာရင် မျိုးဆက်သစ် ရင်သွေးတွေမှာ ဒီရောဂါပိုး ကင်းစင်နိုင်မယ်လို့ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က မနေ့က အစီရင်ခံစာ ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

HIV ရောဂါပိုးနဲ့ AIDS ရောဂါဆိုင်ရာ ကုလသမဂ္ဂ UNAIDS အဖွဲ့ အမှုဆောင် ဒါရိုက်တာ မစ်ရှဲလ် စီဒီဗွီ (Michel Sidibe) က နိုင်ငံပေါင်း ၅၆ နိုင်ငံမှာ HIV ရောဂါပိုး ကူးစက်ပြန့်ပွားမှု သိသိသာသာ လျော့ပါးသွားကြောင်းနဲ့ ဒါဟာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး HIV/AIDS ကူးစက်မှုနဲ့ သေဆုံးမှုနှုန်း ၂၀% အထိ လျှော့ချနိုင်ခဲ့တာလို့ ပြောကြားလိုက်ပါတယ်။

ဒီနေ့ UNAIDS က ထုတ်ပြန်လိုက်တဲ့ ၂၀၁၀ အတွက် အာရှဒေသ အစီရင်ခံစာထဲမှာတော့ ၂၀၀၉ ခုနှစ်ထဲမှာ HIV ရောဂါပိုးရှိသူ ၄.၉ သန်း ရှိနေပြီး ဒါဟာ လွန်ခဲ့တဲ့ ၅ နှစ်က အရေအတွက် အတိုင်းပဲ ရှိနေတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ ပြည်နယ် ၂၂ ပြည်နယ်ထဲမှာ HIV ပိုးရှိသူ ၅၃% ရှိပြီး အင်ဒိုနီးရှားနိုင်ငံ ပါပါးခရိုင်မှာတော့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ယှဉ်ရင် ၁၅ ဆ များနေပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံကတော့ အာရှတိုက်ထဲမှာ ၁% လောက်ပဲ ရှိတဲ့ တခုသောနိုင်ငံ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၀၉ ခုနှစ်အတွက် HIV/AIDS ရောဂါရှင်ပေါင်း ၂၃၈,၀၀၀ ရှိနေတယ်လို့ ကျန်းမာရေး ၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။

လိင်တူဆက်ဆံသူတွေကြား ရောဂါကူးစက် ဖြစ်ပွားမှုကတော့ မြန်မာနိုင်ငံမှာ ၂၉% ရှိပြီး အာရှဒေသမှာ အများဆုံး တွေ့ရပါတယ်။ ဒါ့အပြင် သက္ကရာဇ် ၂၀၀၀ ကျော် ကာလတွေအတွင်း မြန်မာ အမျိုးသမီး ပြည့်တန်ဆာ ၅ ယောက်မှာ တယောက်က HIV ရောဂါပိုး ရှိနေတာ တွေ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။

XS
SM
MD
LG