သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

HIV အတွက် ဆေးဝါးလုံလောက်ရေးတိုးမြှင့်ဖို့ ကုလ တိုက်တွန်း


ကမ္ဘာ့ AIDS ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နေ့မှာ HIV ရောဂါပိုးရှိသူတွေအားလုံးအတွက် ARV ဆေးနဲ့ ကုသမှုကို တိုးချဲ့ဖို့ လိုအပ်တယ်လို့ WHO ပြော။
ကမ္ဘာ့ AIDS ရောဂါ တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နေ့မှာ HIV ရောဂါပိုးရှိသူတွေအားလုံးအတွက် ARV ဆေးနဲ့ ကုသမှုကို တိုးချဲ့ဖို့ လိုအပ်တယ်လို့ WHO ပြော။

ကမ္ဘာတလွှားမှာ HIV ရောဂါပိုးရှိသူတွေအားလုံးအတွက် ARV ဆေးနဲ့ ကုသမှုကို တိုးချဲ့ဖို့ လိုအပ်တယ်ဆိုတာကို ဒီကနေ့ ဒီဇင်ဘာလ ၁ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ AIDS ရောဂါ တိုက်ဖျက်ရေးနေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မီးမောင်းထိုးထောက်ပြသွားပါတယ်။

AIDS ရောဂါဖြစ်စေတဲ့ HIV ရောဂါပိုးရှိနေသူ ၃၇ သန်းမှာ ၁၆ သန်းလောက်ဟာ ဆေးဝါးတွေကို တွဲဖက်ပြီး သုံးစွဲနေကြ တယ်လို့ WHO ကပြောပါတယ်။ အဲဒီလို ဆေးဝါးတွေ သုံးစွဲမှသာ မျိုးဆက်တခုအတွင်း AIDS ရောဂါကပ် ပပျောက်သွားဖို့နည်းလမ်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရောဂါပိုးရှိနေမှန်းသိတာနဲ့ ကုသမှု စပြီးခံယူသူတွေဟာ တခြားလူတွေကို ရောဂါပိုးကူးစက်စေဖို့ အခွင့်အလန်းပိုနည်းပြီး ပိုပြီး တော့လည်း ကျန်းကျန်းမာမာ နေသွားနိုင်တယ်ဆိုတဲ့ လေ့လာတွေ့ရှိချက်တွေကို WHO ကထောက်ပြပါတယ်။ အဲဒါကြောင့် ရောဂါပိုးရှိမရှိ စမ်းသပ်စစ်ဆေးတာတွေ ပိုလုပ်ဖို့ WHO က နှိုးဆော်ပါတယ်။ ဒါမှသာလျှင် လူတွေအနေနဲ့ ကိုယ့် မှာ HIV ရောဂါပိုး ရှိမရှိဆိုတာကို သိနိုင်ပြီး ရောဂါပိုးရှိနေတယ်ဆိုရင် ကုသမှု စောစောစီးစီး ခံယူနိုင်မှာဖြစ်ပါတယ်။

တကမ္ဘာလုံးမှာ ARV ကုထုံးနဲ့ ကုသတာဟာ AIDS ရောဂါနဲ့ဆက်နွယ်တဲ့ သေဆုံးမှုပေါင်း ၂၁ သန်းကို ကာကွယ်နိုင်မှာဖြစ်သလို ၂၀၃၀ ပြည့်နှစ်ရောက်ရင် ရောဂါပိုးကူးစက်မှုအသစ်ပေါင်း ၂၈ သန်းကို တားဆီးနိုင်မယ်လို့ WHO ကပြောပါတယ်။ တကမ္ဘာလုံးမှာ HIV ရောဂါပိုးရှိနေသူ ၃၇ သန်းမှာ ၂၆ သန်းဟာ ဆာဟာရသဲကန္တာရတောင်ပိုင်းက ဖြစ်တာကြောင့် ရောဂါပိုး ရှိနေသူပေါင်းရဲ့ ၇၀% ဖြစ်ပါတယ်။ အဲဒီထဲက လူဦးရေထက်ဝက်ကျော်လောက်ကပဲ သူတို့မှာ ရောဂါပိုးရှိနေတာကို သိကြတယ်လို့ WHO ကပြောပါတယ်။

XS
SM
MD
LG