မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးအတွက် CDD Community Driven Development Projects အခြေခံလူထုအသိုင်းအဝိုင်းရဲ့ ဆန္ဒ လိုအပ်ချက်ကိုဗဟိုပြုတဲ့ ဖွံ့ဖြိုးရေး စီမံကိန်းပေါင်း ၃၅၀ ကျော်ကို ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ တနင်္သာရီတိုင်းက ကျေးရွာတွေရှိ လူဦးရေ ၂၄၅,၀၀၀ အတွက် ကမ္ဘာ့ဘဏ်အကူအညီန
ကမ္ဘာ့ဘဏ်အနေနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ဒေသခံလူထု အခြေပြု အဖွဲ့အစည်းတွေ၊ အစိုးရမဟုတ်တဲ့ NGO အဖွဲ့အစည်းတွေနဲ့အတူ ကျေးရွာအဆင့် မဖြစ်မနေ ပါဝင်ရမယ့် အကူအညီလိုအပ်နေတဲ့ အခြေခံလူထုရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆီးပေးနေပါတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Kanthan Shankar က ပြောပါတယ်။
“စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ ဖေါ်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ ကမ္ဘာ့ဘဏ်အနေနဲ့ ပြည်သူကိုဗဟိုပြုတဲ့ ဖွံ့ဖြိုးမှုတွေ၊ ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေးတွေ၊ ပြည်သူအားလုံးရဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုးပြီးလုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်ဘက်က လုပ်ဆောင်တာတွေနဲ့ အစိုးရရဲ့ မေတ္တာရပ်ခံချက်ကြား ဟန်ချက်ကို ရှင်းရှင်းလင်းလင်းဘဲ သတ်မှတ်ထားပါတယ်။ ဒီအပေါ်မှာအခြေခံပြီး ပထမဆုံးဆောင်ရွက်ချက်ကတော့ CDD Community Driven Development Projects ခေါ် အခြေခံလူထုအသိုင်းအဝိုင်းရဲ့ ဆန္ဒလိုအပ်ချက်ကို ဗဟိုပြုတဲ့ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် အထောက်အပံ့ငွေ အမေရိကန်ဒေါ်လာ ၈၀ ရန်ပုံငွေ ချထားပေးခဲ့တာဘဲဖြစ်ပါတယ်။ ကျေးလက်ဒေသက ဆင်းရဲတဲ့ကျေးရွာတွေအတွက် အခြေခံအဆောက်အဦ လိုအပ်ချက် ဖြည့်ဆည်းပေးနေပါတယ်။ သောက်သုံးရေရရှိရေး၊ ရေနဲ့ မိလ္လာ သန့်ရှင်းရေး၊ စာသင်ကျောင်းပြင်ဆင်ရေး၊ လမ်းပန်းဆက်သွယ်ရေးစတဲ့ လိုအပ်ချက်တွေကို အဲဒီဒေသရှိ လူထုအသိုင်းအဝိုင်းကတောင်းဆိုတဲ့အတိုင်း အကောင်အထည်ဖေါ်ပေးနေတာ ဖြစ်ပါတယ်။”
ကမ္ဘာ့ဘဏ်ရဲ့ဒေါ်လာသန်း ၈၀ ရန်ပုံငွေဟာ IDA လို့ခေါ်တဲ့ နိုင်ငံတကာဖွံ့ဖြိုးမှု အထောက်အပံ့ရ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလက ခွဲဝေချထားပေးတာ ဖြစ်ပြီးတော့ မြန်မာနိုင်ငံအတွက် ၂၆ နှစ်အတွင်း ပထမဆုံး ပြန်လည်ထောက်ပံ့တဲ့ငွေလည်း ဖြစ်ပါတယ်။ ဒီရန်ပုံငွေတွေနဲ့ ဖွံ့ဖြိုးမှုလုပ်ငန်းတွေကို အကောင်အထည်ဖော်တဲ့နေရာမှာ ချင်းပြည်နယ်က ကန်ပက်လက်မြို့နယ်၊ ရှမ်းပြည်နယ်က နန့်စန်မြို့နယ်နဲ့ တနင်္သာရီတိုင်းက ကျွန်းစုမြို့နယ်မှာရှိတဲ့ ကျေးရွာတွေက လူဦးရေ ၂ သိန်း၊ ၄ သောင်း၊ ၅ ထောင်အတွက် ဖွံ့ဖြိုးရေး စီမံကိန်းပေါင်း ၃၅၀ ကို အကောင်အထည်ဖော်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာလူထုရဲ့ အလိုအပ်ဆုံး လျှပ်စစ်စွမ်းအင်နဲ့ပတ်သက်လို့ ကမ္ဘာ့ဘဏ်က အကူအညီပေးနေတဲ့အကြောင်းကိုလည်း မစ္စတာရှန်ကာက အခုလို ဆိုပါတယ်။
“မြန်မာနိုင်ငံမှာ လူဦးရေ သုံးပုံတပုံခန့်ကဘဲ လျှပ်စစ်မီးသုံးစွဲနိုင်တာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျန်နေတဲ့ လူဦးရေကို လျှပ်စစ်မီးရအောင်လုပ်ပေးနိုင်ဖို့ အခွင့်အလမ်းကောင်းရှိတယ်လို့ပြောရမှာပါ။ အစိုးရကတော့ ၂၀၃၀ ပြည့်နှစ်မှာ လူတိုင်း လျှပ်စစ်မီးသုံးစွဲနိုင်ရမယ်ဆိုတဲ့ ရည်မှန်းချက်ကြီး မျှော်မှန်းထားတာရှိပါတယ်။ ကမ္ဘာ့ဘဏ်က ဒီရည်မှန်းချက်ပြည့်မှီအောင် ကူညီလိုတဲ့ဆန္ဒရှိတဲ့အတိုင်း အမေရိကန်ဒေါ်လာ သန်း ၁၄၀ တန်ဖိုးရှိတဲ့ စီမံကိန်းနဲ့ အစပျိုးနေပါပြီ။ မွန်ပြည်နယ် သထုံမြို့ရှိ လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေ ခေတ်မှီအောင် နည်းပညာတွေနဲ့ အတူ ဓါတ်ငွေ့သုံး Generator တွေတပ်ဆင် အကူအညီပေးနေပါပြီ။ ဒီစီမံကိန်းက မွန်ပြည်နယ်တခုထည်းအတွက်တင်အကျိုးကျေးဇူးရှိတာမဟုတ်ပါဘူး။ တနိုင်ငံလုံး National Grid ပင်မ လျှပ်စစ်ဖြန့်ဖြူးရေးနဲ့ပါ ချိတ်ဆက်ထားတာဖြစ်လို့ အားလုံးအတွက် အကျိုးရှိပါတယ်။”
ကမ္ဘာတဝှန်း ဆင်းရဲတဲ့နိုင်ငံတွေက အစိုးရတွေရဲ့ ဘဏ္ဍာရေး စီမံခန့်ခွဲမှုတွေနဲ့ ပတ်သက်ပြီး အကူအညီတွေ ပေးနေသလိုပဲ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးကဏ္ဍကိုလည်း တဘက်တလမ်းက အကြံဉာဏ်တွေ ပေးနေတဲ့အကြောင်း အခုလို ပြောပါတယ်။
“အစိုးရရဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုနဲ့ပတ်သက်လို့လည်း အကြံဉာဏ်တွေပေးနေပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနအတွက်အရေးကြီးတဲ့ လုပ်ငန်းတွေဖြစ်တဲ့ ဘတ်ဂျက် ရသုံးမှန်းခြေငွေစာရင်းနဲ့ Planning စီမံကိန်းရေးဆွဲရာမှာ ခိုင်မာအောင် ကူညီပေးနေပါတယ်။ ပိုပြီး အရေးကြီးတာက ဗဟိုချုပ်ကိုင်မှုစံနစ်ကို ပယ်ဖျက်ဖို့ဖြစ်ပါတယ်။ အစိုးရကလည်း တိုင်းနဲ့ ပြည်နယ်တွေကို ဘယ်ပုံဘယ်နည်း ဘဏ္ဍာရေး လုပ်ပိုင်ခွင့်တွေလွှဲပေးလို့ရမလဲဆိုတဲ့ နည်းလမ်းတွေကို ရှာနေတဲ့အတွက် ကမ္ဘာ့ဘဏ်က ကူညီပေးနေပါတယ်။”
ကမ္ဘာ့ဘဏ်ရဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးစီမံကိန်းမှာ ပူးပေါင်းဆောင်ရွက်နေတဲ့ ဝန်ကြီးဌာနတွေကတော့ ဘဏ္ဍာရေးနဲ့ စီမံကိန်း ဝန်ကြီးဌာန၊ မွေးမြူရေး၊ ငါးလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့ဖြစ်ကြပြီးတော့ အဲဒီ ဝန်ကြီးဌာနတွေရဲ့ အားဖြည့် ကူညီမှုကို မစ္စတာ ရှန်ကာက အသိအမှတ် ပြုလိုက်ပါတယ်။
“နိုင်ငံရဲ့ ဘဏ္ဍာရေးအခြေအနေကို ခွဲခြမ်းစိတ်ဖြာ အသေးစိတ်လေ့လာသုံးသပ်နိုင်ခဲ့တဲ့ အချက်က ၂၀၁၂ ခုနှစ်မှာ ကမ္ဘာ့ဘဏ် မြန်မာပြည်ကို ပြန်ဝင် လာဖြစ်တဲ့ အရေးကြီတဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ တခြားနိုင်ငံတွေက အတွေ့အကြုံတွေကိုအခြေခံပြီး၊ အစိုးရရဲ့ ဘဏ္ဍာရေးစီမံခန့်ခွဲမှုကို ဆန်းစစ်တာဖြစ်ပါတယ်။ အားနည်ချက်တွေ အားသာချက်တွေကို ဆန်းစစ်ပါတယ်။ သုံးသပ်ချက်အရ အားနည်းချက်တွေအများကြီးတွေ့ခဲ့ရပါတယ်။ ဒီ ဆန်းစစ်ချက်က သိပ်အားနည်းနေတော့ အစိုးရက လက်မခံဘဲ ကမ္ဘာ့ဘဏ်ကို ငြင်းမယ်ဆိုရင်ငြင်းနိုင်ပါတယ်။ အဆင့်က အညံ့ဆုံးအဆင့်ထိဖြစ်နေတာကို အစိုးရက ဝန်ခံပါတယ်။ သူတို့မှာ ပြသာနာတွေရှိပါတယ်။ အကူအညီလိုနေပါတယ်။ အကူအညီပေးပါလို့မေတ္တာရပ်ခံခဲ့တာပါ။ ကမ္ဘာ့ဘဏ်ရဲ့ ဆန်းစစ်ချက်အရ အခု ဖွံ့ဖြိုးရေးအတွက် ငွေကြေးပါထောက်ပံ့ပြီး အကူအညီပေးနေတာဖြစ်ပါတယ်။”
မြန်မာနိုင်ငံဟာ စစ်အစိုးရ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို ပြောင်းလဲရေး၊ ဗဟိုချုပ်ကိုင်တဲ့ စီးပွားရေးစနစ်ကနေ ဈေးကွက်စီးပွားရေးစနစ်ကို ပြောင်းလဲရေးနဲ့ အနှစ် ၆၀ နီးပါး ပြည်တွင်းစစ် ပဋိပက္ခတွေ ဖြစ်ခဲ့လို့ ငြိမ်းချမ်းရေးအတွက် လုံးပမ်းနေရတဲ့ သုံးထပ်ကွမ်း အသွင်ကူးပြောင်းရေးကို ဖော်ဆောင်နေရတယ်လို့ ကမ္ဘာ့ဘဏ်က သုံးသပ်ထားပါတယ်။ ဒီအသွင်ကူးပြောင်းရေးကာလမှာ မြန်မာပြည်သူလူထုကို အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်မယ့် အလားအလာကောင်းတွေနဲ့အတူ သာယာဝပြောရေးကို မျှဝေ ခံစားနိုင်ပြီး အာရှမှာ စီးပွားရေး ထွန်းကားတဲ့ နိုင်ငံ တနိုင်ငံအဖြစ် ပြန်လည်နေရာယူနိုင်ဖို့အတွက် ကမ္ဘာ့ဘဏ်က အားပေးကူညီသွားမှာဖြစ်တယ်လို့ မစ္စတာရှန်ကာက မှတ်ချက်ချပါတယ်။