သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဗဟိုဘဏ်နဲ့ ကမ္ဘ့ာစီးပွားရေး


စီးပွားရေး တိုးတက်မှု အရိပ်အယောင်တွေ တွေ့မြင်လာနေရတဲ့ အမေရိကန် ပြည်ထောင်စုမှာ ဘဏ္ဍာရေးအရ ပံ့ပိုးပေးနေတဲ့ အစီအစဉ်တွေကို ဗဟိုဘဏ်က တဖြေးဖြေးချင်း လျှော့ချသွားဖို့ ပြင်ဆင်နေပါတယ်။ အမေရိကန်က အခြေအနေတွေက သတင်းကောင်းလို့ ဆိုနိုင်ပေမဲ့ ဗဟိုဘဏ်ရဲ့ အကူအညီတွေ လျှော့ချရာက ကမ္ဘာတလွှားမှာရှိတဲ့ လုပ်ငန်းတွေ၊ အထူးသဖြင့် စီးပွားရေး တိုးတက်လာကာစ တိုင်းပြည်တွေအပေါ် ရိုက်ခတ်လာမှာကိုလည်း စိုးရိမ်မကင်း ဖြစ်နေကြတာပါ။ တကမ္ဘာလုံးနဲ့ ဆက်နွယ်နေတဲ့ အမေရိကန် ပြည်ထောင်စုရဲ့ စီးပွားရေး အခြေအနေတွေကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍမှာ ကိုအောင်လွင်ဦးက တင်ပြပေးမှာ ဖြစ်ပါတယ်။

အလုပ်လက်မဲ့ ပြဿနာလို စိန်ခေါ်မှုတွေ ရှိနေဆဲဖြစ်ပေမဲ့ အမေရိကန်မှာ ဘဏ္ဍာရေး အကျပ်အတည်းတွေ ကြုံခဲ့ရပြီးချိန်ကစလို့ တိုးတက်မှုတွေ တွေ့မြင်လာနေရတဲ့အတွက် ဗဟိုဘဏ်က စီးပွားရေး နိုးထစေရေး အစီအစဉ်တွေကို လျှော့ချဖို့ ကြေညာလိုက်ပါတယ်။ အလုပ်အကိုင်တွေ ဖန်တီးနိုင်ဖို့နဲ့ စီးပွားရေး လုပ်ငန်းတွေ သွက်သွက်လက်လက်နဲ့ လည်ပတ်နိုင်ဖို့ အတိုးနှုန်းတွေ လျှော့ချဖို့ ရည်ရွယ်ပြီး အမေရိကန် ဗဟိုဘဏ်က ငွေစုစာချုပ်တွေ ဝယ်ယူနေရာမှာ ဖေဖော်ဝါရီ လထဲမှာတော့ အရင်တစ်လကထက် သန်းပေါင်း တစ်သောင်း လျှော့ချပြီး စုစုပေါင်း သန်းပေါင်း ၆၅,၀၀၀ ဘိုးသာ ဝယ်ယူတော့မှာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။ အမေရိကန် ဗဟိုဘဏ်ရဲ့ ကြေညာချက် ထွက်လာပြီး နောက်မှာပဲ ဘဏ္ဍာရေး ရင်းနှီးမြှုပ်နှံမှုတွေရဲ့ အချက်အခြာ Wall Street ဈေးကွက်မှာတော့ အဓိက အစုရှယ်ယာဈေးတွေလည်း ၁% ကျော် ကျဆင်း သွားခဲ့တာပါ။

စီးပွားရေး လုပ်ငန်းတွေကို ဆန်းစစ်လေ့လာနေတဲ့ TrimTabs ရင်းနှီးမြှုပ်နှံမှု သုတေသန လုပ်ငန်းက David Santschi ကတော့ အမေရိကန် ဗဟိုဘဏ်ရဲ့ ဆုံးဖြတ်ချက် တခုတည်းကြောင့် မဟုတ်ဘဲ စီးပွားရေး အားကောင်းလာစ တိုင်းပြည်တွေမှာ တိုးတက်မှုတွေ နှေးကွေး နေတာတွေကလည်း ဈေးကွက်အပေါ် ရိုက်ခတ်ခဲ့တာလို့ ပြောပါတယ်။
“ဈေးကွက်တွေ အခြေအနေက ဒီတစ်ခုတည်းအပေါ်မှာ မူတည်နေတာ မဟုတ်ပါဘူး။ တော်တော်များများက တခြားမှာ ဖြစ်ပျက်နေတာတွေနဲ့လည်း ပတ်သက်နိုင်ပါတယ်။”

ဗဟိုဘဏ်ရဲ့ ကြေညာချက် ထွက်လာပြီး နောက်တနေ့မှာပဲ အာရှနဲ့ ဥရောပက အဓိက အစုရှယ်ယာဈေးတွေလည်း ကျဆင်းသွားခဲ့သလို၊ စီးပွားရေး အားကောင်းလာကစ တိုင်းပြည်တွေအပေါ် ရိုက်ခတ် လာမှာကိုလည်း စိုးရိမ်မကင်းမှုတွေ ထွက်ပေါ်လာခဲ့တာပါ။ သက်သက်သာသာနဲ့ ငွေချေးနိုင်ဖို့၊ အရင်းအနှီး အလွယ်တကူ ရနိုင်ဖို့ ရည်ရွယ်ဆောင်ရွက်ခဲ့တဲ့ ဗဟိုဘဏ်ရဲ့ အစီအစဉ်ကို လျှော့ချတဲ့အခါ အတိုးနှုန်းတွေ ပြန်လည် မြင့်တက်လာမယ့် အလားအလာတွေလည်း ရှိနေပါတယ်။ ဒီလိုအတိုးနှုန်းတွေ ပြန်တက်လာတာနဲ့အမျှ အမြတ်အစွန်းလည်းပိုရ၊ စိတ်လည်း စိတ်ချရတဲ့ ဈေးကွက်တွေအဖြစ် အမေရိကန်နဲ့ တခြားဖွံ့ဖြိုးတဲ့ တိုင်းပြည်တွေမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် စီးပွားရေး အားကောင်းလာကာစ တိုင်းပြည်တွေက အရင်းအနှီးတွေကို ငွေကြေးမြှုပ်နှံသူတွေ ပြောင်းရွှေ့ကြမှာကိုလည်း ဆန်းစစ်သူတွေ စိုးရိမ်မကင်း ဖြစ်နေကြတာပါ။

ဒီလိုအခြေအနေမျိုးကိုတော့ ဗဟိုဘဏ်တွေ အနေနဲ့ ကိုင်တွယ်ဖို့ ခက်ခဲမယ်လို့ စီးပွားရေး ကျွမ်းကျင်သူ Santschi ပြောပါတယ်။
“အမေရိကန်နဲ့ တခြားဗဟိုဘဏ်တွေတင် မကပါဘူး၊ တကမ္ဘာလုံးမှာ ငွေကြေး ဖန်တီးပေးနေတာတွေ တပုံကြီးရှိပါတယ်။ သူတို့လိုချင်သလောက်ငွေကို ဗဟိုဘဏ်တွေကနေ ကြိုက်သလောက် ဖန်တီးလို့ ရပေမဲ့ ဒီငွေတွေကို ရောက်စေချင်တဲ့နေရာပဲ ရောက်အောင်တော့ ထိန်းချုပ်လို့ မရပါဘူး။”

၂၀၁၃ တနှစ်လုံးမှာတော့ အမေရိကန် စီးပွားရေးဟာ ၁.၉% တိုးတက်ခဲ့ပြီး ဒါဟာဆိုရင် ၂.၈% ရှိခဲ့တဲ့ ၂၀၁၂ ခုနှစ်ထက်တော့ အားနည်းနေဆဲပါ။ အခွန်တွေ တိုးမြှင့်ကောက်ခံတာ၊ အစိုးရက အသုံးစရိတ် ဖြတ်တောက်ခဲ့တာတွေကြောင့် ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းမှာ တိုးတက်မှုတွေ အားလျော့ခဲ့သလို၊ ဘဏ္ဍာရေး အသုံးစရိတ် သတ်မှတ်ရေး သဘောထား ကွဲလွဲရာက အစိုးရရဲ့ ယန္တယား ၁၆ ရက်ကြာ ရပ်ဆိုင်းထားခဲ့ရတဲ့ အောက်တိုဘာလ အပါအဝင် နောက်ဆုံး ၃ လပတ်အတွင်းမှာလည်း ကျဆင်းမှုတွေ ကြုံခဲ့ရပါတယ်။ ဒါပေမဲ့လည်း ဒီနှစ်ကုန်မှာ အဆုံးသတ်ဖို့ ရည်ရွယ်ထားတဲ့ အမေရိကန် ဗဟိုဘဏ်ရဲ့ အစီအစဉ်ကတော့ အိမ်ခြံမြေ ဈေးကွက်နဲ့ စတော့ရှယ်ယာ ဈေးကွက်တွေကို ပြန်လည် ဦးမော့လာစေခဲ့တာပါ။ အမေရိကန် စီးပွားရေးကတော့ စားသုံးသူတွေရဲ့ ဝယ်လိုအား ကောင်းလာတာနဲ့အမျှ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ကုန်ပိုင်းမှာ တဖြည်းဖြည်းချင်း တိုးတက်လာခဲ့ပါတယ်။

ဒါကြောင့်လည်း ဗဟိုဘဏ်ရဲ့ အစီအစဉ်နဲ့ ပတ်သက်လို့ စိုးရိမ်မကင်းတာတွေ ရှိနေပေမဲ့၊ အမေရိကန် ပြည်ထောင်စုက စီးပွားရေး ပြန်လည် အားကောင်းလာတဲ့ အခြေအနေတွေဟာ အမေရိကန် အတွက် သာမက တကမ္ဘာလုံးအတွက်ပါ သတင်းကောင်းလို့ ကမ္ဘာ့ဘဏ်က စီးပွားရေးပညာရှင် Andrew Burns ကမြင်ပါတယ်။
“အမေရိကန် ပြည်ထောင်စုမှာ တိုးတက်မှုတွေ အများအပြားတွေ့နေရတာပါ။ ဒါက ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေအတွက် ကောင်းတဲ့ကိစ္စ ဖြစ်သလို၊ တချိန်တည်းမှာ ငွေကြေးဆိုင်ရာ မူဝါဒတွေကိုလည်း တင်းကျပ်သွားရမှာပါ။ ဒါတွေကိုလည်း တပြိုင်နက်တည်း လုပ်ရပါလိမ့်မယ်။ ဒါကြောင့်လည်း အမေရိကန်က အားကောင်းလာတဲ့ စီးပွားရေး တိုးတက်မှု တွန်းအားတွေ ရလာမှာ ဖြစ်သလို၊ ဘဏ္ဍာရေးမှာ တင်းကျပ်လိုက်တဲ့အတွက် ဖိအားအနည်းအကျဉ်းလည်း ကြုံရမှာဖြစ်ပါတယ်။”

အမေရိကန် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလကနေ ဒီဇင်ဘာလအထိ ၃ လအတွင်း စီးပွားရေးဟာ ၃.၂% တိုးလာတဲ့အကြောင်း ဇန်နဝါရီလကုန်ပိုင်းမှာပဲ ကြေညာခဲ့ပါတယ်။ အမေရိကန် စီးပွားရေးရဲ့ ၇၀% လောက်ရှိတဲ့ စားသုံးသူတွေရဲ့ ဝယ်လိုအားဟာ ၂၀၁၃ ခုနှစ် နောက်ဆုံး ဘဏ္ဍာရေး ၃ လပတ် ကာလအတွင်း ၃.၃% တိုးတက်ခဲ့တာက ဖွံ့ဖြိုးမှုတွေကို တွန်းအားပေးခဲ့တာပါ။

စီးပွားရေး လုပ်ငန်းတွေကို စောင့်ကြည့် အကဲဖြတ်နေတဲ့ Moody’s ကုမ္ပဏီက ထိပ်တန်း စီးပွားရေး ပညာရှင် John Lonski ကတော့ အမေရိကန်ရဲ့ စီးပွားရေးဟာ အရှိန်ပြန်ရစ ပြုလာနေပြီလို့ သုံးသပ်ပါတယ်။
“နာလန်ထူလာတဲ့ အခြေအနေတွေဟာ တိုးတက်လာနေသလို၊ အရှိန်လည်း ရလာပါတယ်။ တခြားအဓိက ကိစ္စတွေကို ဖြေရှင်းနိုင်ပြီ ဆိုရင်တော့ အခက်အခဲရှိနိုင်ပေမဲ့ GDP ဟာ ၂.၅ ကနေ ၃% လောက်အထိ ရှိနိုင်ပါတယ်။ ဒါက ဘဏ္ဍာရေး ဈေးကွက်တွေ အတွက်ကတော့ သတင်းကောင်း ဖြစ်မယ်လို့ ထင်ပါတယ်။ ဖြည့်ပြောရမယ် ဆိုရင်တော့ ဒီအစီရင်ခံစာမှာ ငွေကြေးဖောင်းပွမှုကို ကောင်းကောင်း ဆက်ထိန်းထားတာလည်း တွေ့ရပါတယ်။”

ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ အစီရင်ခံစာမှာတော့ လုပ်ခလစာတွေ တိုးမလာတဲ့အတွက် စားသုံးသူတွေရဲ့ ဝယ်လိုအား အားနည်းနိုင်တဲ့ အခြေအနေတွေကိုလည်း သတိပေးထားတာပါ။ စီးပွားရေး လုပ်ငန်းတွေမှာ ဆိုရင်လည်း ထုတ်ကုန်တွေဟာ ၁၆ နှစ်အတွင်း အများဆုံးအဖြစ် စုပုံနေပြီး၊ အရောင်းအဝယ်တွေ အေးနေဦးမယ်ဆိုရင် ကုန်ထုတ်လုပ်ငန်းတွေ အတွက် အခက်တွေ့မှာကို စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။

အမေရိကန် သမ္မတ အိမ်ဖြူတော်ရဲ့ စီးပွားရေးအကြံပေး Jason Furman ကတော့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ အစီရင်ခံစာဟာ ဘဏ္ဍာရေး ပြဿနာတွေ အဆိုးရွားဆုံး ကြုံခဲ့ရတဲ့ ၂၀၀၈ ခုနှစ်ကစလို့ ပြန်လည်နာလန်ထူလာနေပြီ ဆိုတာကို ပြသနေတဲ့အကြောင်း မှတ်ချက်ပေးခဲ့တာပါ။ ဒါပေမဲ့လည်း အလုပ်သမား ၁၀ သန်းကျော် အလုပ်အကိုင်မရှိပဲ ဖြစ်နေရတဲ့အထိ အလုပ်လက်မဲ့နှုန်း ၆.၇% ရှိနေတာကိုတော့ လျှော့ချနိုင်အောင် လုပ်ဖို့ လိုအပ်နေသေးတယ်လို့လည်း သတိပေးထားတဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေးကဏ္ဍကို ရပ်နားလိုက်ပါရစေ။
XS
SM
MD
LG