မြန်မာနိုင်ငံ အပါအ၀င် အရှေ့အာရှနဲ့ ပစိဖိတ်ဒေသက နိုင်ငံတွေရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ၂၀၁၆ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ တည်ငြိမ်နေမယ်လို့ ခန့်မှန်းထားတဲ့ အစီရင်ခံစာကို ကမ္ဘာ့ဘဏ်က အောက်တိုဘာလ ၅ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
“အရှေ့အာရှနဲ့ ပစိဖိတ်ဒေသ နောက်ဆုံးရ စီးပွားရေးအခြေအနေများ” - ခေါင်းစဉ်နဲ့ ထုတ်ပြန်တဲ့ အဲဒီအစီရင်ခံစာမှာ - ဒေသတွင်း စီးပွားရေးတိုးတက်မှုနှုန်းကို နှောင့်ယှက်မယ့် အန္တရာယ် အလားအလာတွေလည်း ရှိနေဆဲဖြစ်တာကြောင့် သက်ဆိုင်ရာနိုင်ငံတွေအနေနဲ့ ဘဏ္ဍာရေးနဲ့ ငွေကြေးပိုင်းဆိုင်ရာ အားနည်းချက်တွေကို လျှော့ချနိုင်မယ့် အစီအမံတွေကို လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်လို့တော့ - ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်တွေအတွင်း ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားတယ်လို့ ဆိုနိုင်ပေမဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ဆက်လက် အားကောင်းနေမှာဖြစ်ကြောင်း၊ ငွေကြေးဖောင်းပွမှုနှုန်းဟာ ၈.၅% ရှိနေပြီး၊ စီးပွားရေး တိုးတက်မှုနှုန်းကတော့ ၇.၈% ရှိမယ်လို့ ခန့်မှန်းထားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ကာလတိုအတွင်း Macro စီးပွားရေး ခိုင်မာမှုတွေနဲ့ ပတ်သက်လို့ စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ရဖွယ် ရှိပေမယ့် အဲဒီ စိန်ခေါ်မှုတွေကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ဖို့ ဘဏ္ဍာရေးပိုင်းဆိုင်ရာ ကိစ္စတွေကို သတိထား ဆောင်ရွက်တာ၊ ငွေကြေးစနစ်ကို ခေတ်မီအောင် ဆောင်ရွက်တာ၊ ငွေလဲလှယ်နှုန်း ပြောင်းလွယ် ပြင်လွယ်ရှိအောင် လုပ်ဆောင်ပေးတာ၊ ဘဏ်လုပ်ငန်းဆိုင်ရာ ကြီးကြပ်ဆောင်ရွက်မှု အားကောင်းအောင် စွမ်းဆောင်ရည်မြှင့်တင် ဆောင်ရွက်တာတွေကို အထောက်အကူ ပြုစေမယ်လို့ ဆိုပါတယ်။
ဒေသတွင်းက မွန်ဂိုလီးယား၊ ပါပူဝါ နယူးဂီနီ စတဲ့ နိုင်ငံတွေမှာ စီးပွားရေးဖွံ့ဖြိုးမှုနှုန်း အရှိန်လျော့ကျဖို့ အလားအလာ ရှိနေပေမဲ့လည်း မြန်မာ၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့ရဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ မြင့်မားနေဆဲ ဖြစ်မယ်လို့ ဆိုပါတယ်။
ဒီအစီရင်ခံစာဟာ ဖွံ့ဖြိုးပြီးနိုင်ငံကြီးများရဲ့ စီးပွားရေး တိုးတက်မှုနှုန်း တုံ့ဆိုင်းနေတာ၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စီးပွားရေး တိုးတက်နှုန်း ငြိမ်သက်နေတာနဲ့ ကမ္ဘာ့ကုန်သွယ်မှု တိုးတက်မှု မရှိတာ အစရှိတဲ့ စိန်ခေါ်မှုတွေ ရှိနေတာအပြင် ကမ္ဘာ့စီးပွားရေး နောက်ခံ အနေအထားနဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရဲ့ စီးပွားရေး အလားအလာကို ဘက်စုံ ထောင့်စုံကနေ လွှမ်းခြုံ လေ့လာထားခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းက ၁ ဒေါ်လာ ၁၃၀၀ ကျပ်အထိ တက်နေပြီး၊ ငွေကြေးဖောင်းပွမှုနှုန်းဟာ မနှစ်က ၁၀% ရှိခဲ့ရာက အခုနှစ်မှာ ၁၂.၄% ရှိတယ်လို့ မြန်မာဗဟိုဘဏ်က ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ထုတ်ပြန်လိုက်တဲ့အတွက် စီးပွားရေး ဖွံ့ဖြိုးမှုဟာ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားတဲ့အတိုင်း အရှိန်မြှင့် ဖြစ်နိုင်မှု ရှိ မရှိ ဆိုတဲ့အပေါ် စီးပွားရေး လုပ်ငန်းရှင်တွေက စိုးရိမ်စိတ်နဲ့ စောင့်ကြည့်နေကြပါတယ်။