သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဖွံဖြိုးရေး မူလခန့်မှန်းချက်ထက်ကျမည်ဟု ကမ္ဘာဘဏ်ခန့်မှန်း


ကမ္ဘာ့ ဖွံ့ဖြိုးရေး မရေရာ မသေချာမှုတွေ တိုးနေချိန်မှာ အရှေ့အာရှနဲ့ ပစိဖိတ် ဒေသရဲ့ ဖွံ့ဖြိုးရေးကတော့ အခြေအနေ ကောင်းနေဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ဒီကနေ့ ထုတ်တဲ့ စီးပွားရေးဆိုင်ရာ အစီအရင်ခံစာက ဖော်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးရေးမှာတော့ ၂၀၁၈ ခုနှစ်၊ ၂၀၁၉ ခုနှစ် အတွက် မူလက ခန့်မှန်းထားတဲ့ ဖွံ့ဖြိုးမှုနှုန်းအောက် လျော့ကျသွားမယ်လို့လည်း ဒီကနေ့ထုတ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ရေကြီးမှုတွေ၊ ကုန်ဈေးနှုန်း ကြီးမြင့်လာမှု၊ ငွေကြေးဖောင်းပွမှုရဲ့ ဖိအားတွေနဲ့ မဖြေရှင်းနိုင်သေးတဲ့ ရခိုင် ပဋိပက္ခ စတာတွေရဲ့ သက်ရောက်မှုတွေကြောင့် မြန်မာ့ ဖွံ့ဖြိုးရေးက မူလခန့်မှန်းထားချက်ထက် ဒသမ ၅ ရာခိုင်နှုန်းလောက် ကျပြီး ၂၀၁၈၊ ၂၀၁၉ မှာ ဖွံ့ဖြိုးမှုနှုန်း ၆ ဒသမ ၂ ကို ကျသွားမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းတာပါ။

ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်သာကိုင်သာ ရှိစေမယ့် ဥပဒေတွေ ပြဌာန်းနိုင်ပြီး လက်တွေ့ကျင့်သုံးနိုင်မယ်ဆိုတဲ့ မျှော်မှန်းချက်အရ ၂၀၂၀/ ၂၀၂၁ အရောက်မှာတော့ ဖွံ့ဖြိုးမှုနှုန်း ၆ ဒသမ ၈ လောက်ကို တက်လာမယ်လို့လည်း ခန့်မှန်းထားပါတယ်။ အရှေ့အာရှနဲ့ ပစိဖိတ် ဒေသတွင်း ဖွံ့ဖြိုးမှု အခြေအနေ ကောင်းမွန်နေဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ဖော်ပြလိုက်ပေမယ်လို့လည်း မသေချာ မရေရာမှုတွေကိုလည်း ထောက်ပြထားပါတယ်။

ကုန်သွယ်ရေး တင်းမာမှုတွေ၊ အမေရိကန် အတိုးနှုန်း တိုးမြှင့်မှု၊ အမေရိကန် ဒေါ်လာ ဈေးခိုင်လာတဲ့ အခြေအနေတွေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေရဲ့ ငွေကြေးဈေးကွက် မခိုင်မာမှုတွေက အရှေ့အာရှနဲ့ ပစိဖိတ် ဒေသတွင်း ဖွံ့ဖြိုးရေး အလာအလားအပေါ်မှာ မရေရာမှုတွေ တိုးစေတယ်လို့လည်း အစီရင်ခံစာမှာ မီးမောင်းထိုးပြထားပါတယ်။ တချိန်တည်းမှာဘဲ ဒေသတွင်းမှာ ငွေကြေးဖောင်းပွမှု စပြီး တိုးလာနေပြီး အထူးသဖြင့်တော့ မြန်မာ၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ် နိုင်ငံတို့မှာ ဖြစ်တယ်လို့လည်း ဒီကနေ့ ထုတ်တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အရှေ့အာရှနဲ့ ပစိဖိတ် ဒေသတွင်း စီးပွားရေးဆိုင်ရာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG