သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဘဏ်အကူအညီထိရောက်ဖို့ ပွင့်လင်းမြင်သာမှုအရေးကြီး


အခြေခံလူတန်းစား မြန်မာပြည်သူများ
အခြေခံလူတန်းစား မြန်မာပြည်သူများ
ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာနိုင်ငံကို အကူအညီပေးရမှာမို့ နှစ်ပေါင်း ၂၀ကျော်အတွင်း မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေးအကူအညီပြန်ပေးတော့မှာမို့ စီစဉ်ထားတဲ့အတိုင်း ထင်သာမြင်သာရှိဖို့နဲ့ အဆင်းရဲဆုံးသူတွေဆီ ရောက်ဖို့ အရေးကြီးတယ်လို့ ကုလသမဂ္ဂ အဆင့်မြင့် အရာရှိဟောင်း လည်းဖြစ် မြန်မာအစိုးရဝန်ကြီးဟောင်း လည်းဖြစ်ခဲ့တဲ့ ဒေါက်တာညီညီက ဗွီအိုအေမြန်မာပိုင်း ကို ပြောကြားလိုက်ပါတယ်။ ဒေါ်လာသန်းနဲ့ချီတဲ့ ဒီအကူအညီတွေကို သုံးရာမှာ အဆင်းရဲဆုံးသူတွေ အလုပ်ရရှိရေးအတွက် ဘယ်လိုပစ္စည်းတွေ ထုတ်လုပ်ရောင်းချဖို့ အပြင် သူတို့ရဲ့ ကျမ်းမာရေး၊ ပညာရေးတွေ စောင့်ရှောက်မှုအတွက်ပါ ကျယ်ကျယ်ပြန့်ပြန့်ကြည့်ပြီးတော့ ပံ့ပိုးပေးသင့်တယ် လို့လည်း ဆိုပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုဝင်းမင်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံထဲမှာ ပြုပြင်ပြောင်းလဲရေးလုပ်လာတာကို ဝိုင်းကူတဲ့အနေနဲ့ ကမ္ဘာ့ဘဏ်ဘက်လည်း မြန်မာနိုင်ငံကို ဆင်းရဲမှု လျော့ချရေး နဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတွေအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၀ အကူအညီတွေ ပေးသွားမယ်လို့ ကြာသပတေးနေ့က ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ အခုလိုပြန်ဆပ်စရာ မလိုတဲ့ အကူအညီတွေကို တိုင်းနဲ့ပြည်နယ်ပေါင်း ၁၅ခုက မြို့တခုစီမှာ အသုံးပြုနိုင်ဖို့ ရှိရာမှာ ဒေသခံတွေက ရွေးချယ်တဲ့ ကိုယ်စားလှယ်တွေအနေနဲ့ ဘယ်လိုအလိုအပ်ဆုံး ကိစ္စတွေမှာ အသုံးပြုမယ်ဆိုတာကို ထင်သာမြင်သာမှု ရှိရှိနဲ့ စီစဉ်ဆောင်ရွက်ပြီး အစီရင်ခံစာပြန်တင်ဖို့ လိုတယ်၊ ဥပမာ စလုပ်မယ့် လုပ်ငန်းတွေထဲမှာ လမ်းတံတား တူးမြောင်းဖောက်တာတွေနဲ့ ကျေးလက်ဈေးကွက် ဖန်တီးတာတွေအပြင် ကျောင်းနဲ့ဆေးခန်းဆောက်တာတွေလည်း ပါနိုင်တယ်လို့ ဒီကမ္ဘာ့ဘဏ်ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အခုလိုပြန်ဆပ်စရာမလိုတဲ့ နိုင်ငံတကာ အကူအညီတွေကို ထိထိရောက်ရောက် သုံးနိုင်ဖို့ ကိစ္စမှာ ဘယ်နေရာမှာ သုံးမယ်ဆိုတာကို သိဖို့အပြင် ဘယ်လိုအောင်မြင်အောင်လုပ်မလည်းဆိုတာကို သိဖို့လည်း ထင်သာမြင်သာရှိဖို့က အရေးကြီးဆုံးဖြစ်တယ်လို့ တချိန်က မြန်မာ့ထိပ်တန်းခေါင်းဆောင်ဖြစ်လာဖို့ တစ်ပြေးခဲ့တဲ့ ဒေါက်တာညီညီက ဆိုလိုက်ပါတယ်။

“အဲ့တာတော့ မြန်မာပြည်မှာ တော်တော်လိုတယ်လို့ထင်တယ်။ လိုတာကတော့ လောကမှာအောင်မြင်တဲ့ လုပ်ငန်းဆိုလို့ရှိရင် ငါလုပ်တာ၊ ငါလုပ်တာဆိုပြီးတော့ ပြောချင်တဲ့သူက သိပ်များတယ်။ မအောင်မြင်လို့ရှိရင် ကျနော် သိပ်မသိလိုက်ဘူးဆိုတာမျိုးတွေ ဖြစ်လာတယ်။ အရေးကြီးတာ ထင်သာမြင်သာပေါ့လေ။ ဘာကြောင့်လုပ်တယ်။ ဘယ်လိုလုပ်တယ်။ ပိုက်ဆံက ဘယ်နေရာမှာ ဘာကုန်တယ်ဆိုတာ တိတိကျကျ သိရင် တနေ့ကျတော့ မအောင်မြင်ရင် ကျနော်တို့က ပြန်လေ့လာဖို့လိုတယ်။ ဘာကြောင့်မအောင်မြင်သလဲ။ အဲ့ဒီ့အခါမှာ ဒါတွေက အကုန်လုံးပေါ်လာမှာ၊ အဲ့လိုမျိုး ထင်သာမြင်သာရှိတာ ကျနော်ကတော့ တော်တော်သဘောကျတယ်။”

ဒေါက်တာညီညီကပဲ ဒုတိယအရေးအကြီးဆုံးကတော့ အခုရည်မှန်းထားတဲ့အထဲကအတိုင်း အဆင်းရဲဆုံးသူတွေဆီကို တကယ်ပဲရောက်ဖို့ပဲ ဖြစ်တယ်လို့ ဆက်ပြောပါတယ်။

“ဆင်းရဲတဲ့သူတွေဆီ မရောက်ပဲနဲ့ ပိုချမ်းသာတဲ့သူတွေဆီ ရောက်သွားတာမျိုး၊ ဒီလောက်မကျပ်တည်းတဲ့သူတွေဆီ ရောက်သွားတာမျိုးဖြစ်ရင် သူတို့က ပြောမှာက ကျနော်တို့ ပေးတာက ဒီ့အတွက်ပေးတာ ခင်ဗျားတို့က ဒီ့ပြင်ဟာ သုံးထားတယ်ဆိုပြီးတော့ ပြောရင် နောက်တကျော့ရဖို့က ခက်လာတာပေါ့လေ။”

ဒါ့အပြင် လက်ရှိ နယူးယောက်မြို့မှာ နေထိုင်နေတဲ့ ဒေါက်တာညီညီကဆက်ပြီး လက်တွေ့အသေးစိတ် လုပ်ငန်းတွေ လုပ်ရာမှာတော့ အဆင်းရဲဆုံးသူတွေ အလုပ်အကိုင်ရရှိရေးအတွက် ဘယ်လိုကုန်ထုတ်လုပ်ငန်းတွေ လုပ်မယ်ဆိုတာကို စဉ်းစားဖို့ဖြစ်တယ်လို့ ဆက်ပြောပါတယ်။

“ဖွံ့ဖြိုးလာအောင်လုပ်ဖို့က အရေးကြီးတာတော့ ဝင်ငွေရှိဖို့ပဲ။ ဝင်ငွေပိုတိုးလာဖို့ ဒီတော့ အလုပ်ရှိဖို့ပေါ့လေ။ အဲ့တော့ တတ်နိုင်သရွေ့ သူတို့ပစ္စည်း ပိုထုတ်ဖို့လိုတယ်။ ပစ္စည်းထုတ်ဖို့လိုရင် ကျနော်တို့ စဉ်းစားထားဖို့က ပထမတချက်က ငွေရင်းပေါ့။ ငွေရင်းက ဒါနဲ့စလို့ရတာပေါ့။ ပြီးလို့ရှိရင် ဒီငွေရင်း ဘယ်လိုဆပ်မလဲဆိုတာ စဉ်းစားပေါ့။ ဒုတိယတခုက ကိုယ် လုပ်တဲ့ပစ္စည်းက ဈေးကွက်ရှိရဲ့လားဆိုတာ စဉ်းစားဖို့လိုတယ်။ ထုတ်ပြီးတော့ ဝယ်သူမရှိတဲ့ဟာဆို အလကားပဲ။ ပြီးတော့ အဲ့သလို ရောင်းလို့ရတဲ့ပစ္စည်း ထုတ်ပြီးရင် ဈေးကွက်က ဘယ်မှာ ရှိသလဲဆိုတာ သိထားရင် အဲ့ဒီ့ဈေးကွက် ဘယ်လိုပို့မလည်းဆိုတာ စဉ်းစားရမယ်။ အဲ့တော့ပို့တယ်ဆိုရင် ဘာပါလာလည်းဆိုတော့ ဘယ်လိုပစ္စည်းထုတ်မလည်း။ မပျက်စီးအောင် နောက်တခုက လှေနဲ့ပို့မှာလား၊ မော်တော်ကားနဲ့ပို့မှာလား၊ ထရပ်ကားနဲ့ပို့မှာလား။”

အခုလိုကုန်ပစ္စည်းထုတ်လုပ်တဲ့ကိစ္စအပြင် ထုတ်ထားပြီးသားပစ္စည်းကို ရောင်းချဖို့ကိစ္စကို စဉ်းစားဖို့လည်းလိုတယ်လို့ ဒေါက်တာညီညီက ဆက် ထောက်ပြပါတယ်။

“တချို့က သမဝါယမလို စုပေါင်းတင်တာမျိုး၊ အဲ့တာက နည်းနည်းပိုရတယ်။ ဒါပေမယ့် သူက ကုန်သည်လောက် ရောင်းတက်ချင်မှ ရောင်းတက်မယ်။ ကုန်သည်ကတော့ သူ့အတွက် စားရိတ်က နည်းနည်းပိုပေးရမှာပေါ့လေ။”

ဒါ့အပြင် ဒီအဆင်းရဲဆုံးသူတွေအနေနဲ့ ငွေမရှိ၊ အလုပ်မရှိတာအပြင် သူတို့မှာ ဖျားနာလာရင်းလည်း ကူညီပေးဖို့နဲ့ သူတို့ရဲ့ ဘဝတွေ တိုးတက်စေဖို့ ပညာရေးကိစ္စတွေ အတွက်လည်း ထည့်သုံးဖို့ စဉ်းစားသင့်တယ်လို့ ဒေါက်တာညီညီက ဆက်ပြောပါတယ်။

“သူတို့ကျမ်းမာရေးအတွက် ဒီထဲက သုံးရင်သုံး၊ မသုံးရင် အစိုးရက လုပ်ရမှာပေါ့။ နောက်တခုက တသက်လုံး ဒီအလုပ်ပဲလုပ်နေမလား။ ဒီ့ထက်ပိုပြီး တက်လာအောင် လုပ်ဖို့မလိုဘူးလား။ ပညာ၊ ပညာလိုလာတယ်။”

တချိန်တည်းမှာ ဒေါက်တာညီညီကပဲ ကမ္ဘာ့ဘဏ်အစီအစဉ်ထဲမှာ ပါလာတဲ့ အစိုးရရဲ့ ဘက်ဂျက်ကို အပြင်ကနေ စောင့်ကြည့်စစ်ဆေးပေးတာကလည်း အထူးကောင်းမွန်တဲ့ အစီအစဉ်ဖြစ်တယ်။ ဒါမှသာ တဖက်စောင်းနင်း အသုံးမပြုမိအောင် ထိန်းချုပ်ပေးနိုင်မှာဖြစ်တယ်လို့ ထောက်ပြလိုက်ပါတယ်။

တကယ်တော့ ကမ္ဘာ့ဘဏ်အနေနဲ့ အခုလို သန်း၈၀ အကူအညီပေးတာအပြင် ဂျပန်အစိုးရနဲ့ ADB ခေါ် အာရှဖွံ့ဖြိုးရေးဘဏ်တွေနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက အရင်တင်နေတဲ့ အကြွေးသန်းလေးဆယ်ကျော် ပတ်ဝန်းကျင်ပြန်ဆပ်နိုင်အပြီးမှာ ကမ္ဘာ့အနေနဲ့ နောက်ထပ်ချေးငွေ အမေရိကန်ဒေါ်လာ ၁၆၅သန်း မကြာခင်လပိုင်းအတွင်း ထပ်ပေးနိုင်ဖို့ကိုလည်း စီစဉ်နေတယ်လို့ဆိုပါတယ်။
XS
SM
MD
LG