သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့စီးပွားရေးဖွံ့ဖြိုးဖို့ ကမ္ဘာ့ဘဏ် ကူညီ


World Bank တာဝန်ရှိသူတွေက ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (နိုဝင်ဘာ၂၊ ၂၀၁၂။)
World Bank တာဝန်ရှိသူတွေက ရန်ကုန်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် (နိုဝင်ဘာ၂၊ ၂၀၁၂။)
မြန်မာနိုင်ငံရဲ့နိုင်ငံရေး၊ စီပွားရေးပြုပြင်ပြောင်းလဲမှုတွေကို ပံ့ပိုးပေးဖို့အတွက် ကမာ့္ဘဘဏ်က မြန်မာနိုင်ငံ ကို ၁၈လအတွင်း အမေရိကန်ဒေါ်လာ ၂၄၅သန်းပေးအပ် မယ်လို့ ကမ္ဘာ့ဘဏ် တာဝန်ရှိသူတွေက ဒီကနေ့မှာ အသိပေးလိုက်ပါတယ်။ အခုလိုပံ့ပိုးပေးတဲ့ အစီအစဉ်မှာကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကိုထောက်ပံ့ငွေအဖြစ် အမေရိကန်ဒေါ်လာ သန်း၈၀ အရင်ဆုံးပေးမှာဖြစ်ပြီးကျန်တဲ့ ၁၆၅သန်းကို ကြွေးကျန်တွေ ဆပ်ပြီးတဲ့အခါ ချေးငွေ အဖြစ် ပေးအပ်မှာဖြစ်ပါတယ်။ ဒီအကြောင်းကို ကမ္ဘာ့ဘဏ်တာဝန်ရှိသူတွေ ရှင်းလင်းပြောကြားတဲ့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ရန်ကုန် VOA သတင်းထောက် ကိုအောင်ရဲမောင်မောင်က တင်ပြပေးထားပါတယ်။

နိုင်ငံတော်အဆင့် လူမှုအသိုင်းအဝိုင်း ဖွံဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့အတွက် လိုအပ်တဲ့ ထောက်ပံ့ငွေ အမေရိကန် သန်း၈၀ကို ကမ္ဘာ့ဘဏ် အုပ်ချုပ်ရေးအဖွဲ့က မြန်မာနိုင်ငံ ဒီကနေ့မှာ ပေးအပ်လိုက်တာပါ။ မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ်က ထောက်ပံ့ပေးတဲ့ အခုအစီအစဉ် ကို “ကြားဖြတ် မဟာဗျူဟာအစီအစဉ်” လို့ သတ်မှတ်ထားပါတယ်။ မြန်မာအစိုးရက စီးပွားရေးကဏ္ဍ၊ စီမံခန့်ခွဲမှုတွေမှာ တိုးတက် ကောင်းမွန်လာဖို့၊ စီးပွားရေး တိုးတက်ဖွံ့ဖြိုးဖို့အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်ထွက်လာဖို့ စတဲ့ လုပ်ငန်းတွေ အကူအညီပေးသွားဖို့ဖြစ်ပါတယ်။

ဒီလိုအကူအညီပေးတဲ့အခါမှာ မူဝါဒတွေ၊အကြံဉာဏ်တွေ နည်းပညာတွေနဲ့ပေးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ် ကိုယ်စားလှယ် မစ္စတာKanthanShankerက ပြောပါတယ်။

“ကမ္ဘာ့ဘဏ်ရဲ့ သေနင်္ဂဗျူဟာအရ ကျနော်တို့ ဟာ ငွေကြေးဆိုင်ရာ ကိစ္စတွေ၊ နောက် လေ့လာစုံစမ်းမှုတွေ၊ နောက်တခု နည်းပညာဆိုင်ရာ အထောက်အကူတွေကို ဖြည့်ဆည်းပေးသွားမှာဖြစ်တယ်။ နောက်အစိုးရရဲ့ အုပ်ချုပ်မှုတွေနဲ့ ကောင်းမွန်တဲ့ လုပ်ငန်းခွင်နဲ့ အလုပ်အကိုင်ဖွံ့ဖြိုးမှု အခြေအနေတွေပေါ်မှာ အထောက်အကူပေးသွားမှာဖြစ်ပါတယ်။”

မြန်မာနိုင်ငံက ကမာ့္ဘဘဏ်အပေါ် တင်ရှိနေတဲ့ အကြွေးတွေပြန်မဆပ်နိုင်သေးပေမဲ့ အခုလို ထောက်ပံံ့ကြေးငွေ ပေးအပ်လိုက်တာဟာ လူထုအခြေပြုဖွံ့ဖြိုးတိုးတက်ရေး ပရောဂျက်တွေ ဆောင်ရွက်ဖို့နဲ့ ဆင်းရဲနွမ်းပါးတဲ့ပြည်သူတွေအမြန်ဆုံးအကျိုးရလာဒ်များကို ခံစားစေနိုင်ဖို့ ရည်ရွယ်တယ်လို့မစ္စတာShankerကပြောပါတယ်။

“မြန်မာနိုင်ငံမှာ ရှိတဲ့ လူထုတွေအတွက် အထူးသဖြင့် ဆင်းရဲသားတွေအတွက် အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ တကယ့်အစစ်အမှန် အကျိုးဖြစ်ထွန်းဖို့ကို ဖြစ်စေချင်ပါတယ်။ အဲ့တာကြောင့်လည်း ကျနော်တို့က လူထုအခြေပြု ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်ကို စတင်နေတာဖြစ်ပါတယ်။ အဲ့ဒီ့အစီအစဉ်ကလည်း အစိုးရရဲ့ ဦးစားပေးသတ်မှတ်ထားတဲ့ ကျေးလက်ဒေသရဲ့ လူထုအခြေပြုဖွံ့ဖြိုးတိုးတက်မှုနဲ့ ကိုက်ညီမှုရှိပါတယ်။”

အခုလိုမြန်မာနိုင်ငံကိုပေးလိုက်တဲ့ ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာသန်း၈၀ကိုမြို့နယ်တစ်ခု ဖွံ့ဖြိုးရေးအတွက် စံပြအရင်ဆုံးလုပ်ဆောင်သွားမယ်လို့လည်း မစ္စတာShankerကပြောခဲ့ပါတယ်။
ကျေးလက်အခြေပြု ထောက်ပံ့ရေးအစီအစဉ်တွေကို ပေးတဲ့နေရာမှာ ကမ္ဘ့ာဘဏ်က ဝင်ရောက်ပြီး စီမံခန့်ခွဲတာမျိုး လုပ်မှာမဟုတ်ပဲ ဒေသခံတွေကပဲ အဓိကလုပ်ဆောင်ခွင့်ရမှာ ဖြစ်တယ်လို့လဲ ဆိုပါတယ်။

“ဒီ CDD ပရော့ဂျက်နဲ့ ပတ်သက်တဲ့ ကဏ္ဍတွေမှာ လူထုကပဲ ဦးဆောင်ပြီးတော့ လည်ပတ်မှာပါ။ အဲ့ဒီ့တော့ ဒီထောက်ပံ့ကြေးပိုက်ဆံတွေကို ဘယ်နေရာမှာသုံးမယ်ဆိုတာ အဲ့ဒီ့ဒေသခံပြည်သူလူထုကပဲ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ဥပမာ လမ်းတွေ တံတားတွေ ဆောက်ဖို့အတွက် သုံးမလား၊ ဆေးပေးခန်းတွေ ဆောက်ဖို့ နေရာမှာ သုံးမလား၊ ကျောင်းစာသင်ခန်းတွေ ပြုပြင်ဖို့ သုံးမလား။ သောက်ရေသန့်ရေ ဖြည့်ဆည်းတဲ့နေရာမှာ သုံးမလားဆိုတာကို ဒေသခံပြည်သူလူထုကပဲ ဆုံးဖြတ်မှာဖြစ်ပါတယ်။”

မြန်မာနိုင်ငံက တင်နေတဲ့ အကြွေးတွေကိုပြန်မဆပ်တဲ့အတွက် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံပေါ် ထောက်ပံ့ကူညီမှုတွေ မပေးခဲ့တာ ၂၆နှစ်ရှိခဲ့ရာကနေ အခုဆိုရင်ပြည်တွင်းမှာ ကမ္ဘ့ာဘဏ် ရုံးခွဲဖွင့်ပြီး မြန်မာနိုင်ငံက ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေအတွက် ပြန်လည် ကူညီ ထောက်ပံ့ပေး တာလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံက ကမ္ဘာ့ဘဏ်အပေါ် လက်ရှိတင်ရှိနေတဲ့အကြွေးတွေကို ပြန်လည်ဆပ်နိုင်ဖို့ အတွက်မြန်မာပြည်ရဲ့ အကြွေးတွေကို ကူညီ ဆပ်ပေးမဲ့ ဂျပန်အစိုးရနဲ့ စကားပြောဆိုနေတယ်လို့ မစ္စတာKanthanShankerကပြောပါသေးတယ်။

မြန်မာနိုင်ငံဟာကမ္ဘာ့ဘဏ်နဲ့ အာရှဖွံဖြိုးမှုဘဏ်နှစ်ခုအပေါ်မှာအမေရိကန် ဒေါ်လာသန်း၉၀၀ အကြွေးပြန်ဆပ်ဖို့ ရှိနေပြီးအာရှဖွံဖြိုးမှုဘဏ်မှာ ဒေါ်လာသန်း၅၀၀နဲ့ ကမ္ဘာ့ဘဏ်မှာသန်း၄၀၀အကြွေးရှိနေတယ်လို့ မစ္စတာKanthanShankerက ဗွီအိုအေရဲ့ သီးခြားမေးမြန်းမှုအပေါ်ပြန်လည်ဖြေကြားခဲ့ပါသေးတယ်။
XS
SM
MD
LG