သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ကာကွယ်ရေးဘတ်ဂျက် မြင့်မားမှု ကမ္ဘာ့ဘဏ်ထောက်ပြ


၂၀၁၃-၂၀၁၄ ခုနှစ် မြန်မာ့စီးပွားရေးဟာ ၆ ဒဿမ ၅ ရာခိုင်နှုန်း တိုးတက်လာပေမဲ့ လက်ရှိမှာ ငွေကြေးဖောင်းပွမှုဟာ သြဂုတ်လအတွက် ၇ ဒဿမ ၃ ရာခိုင်နှုန်းအထိ ရှိနေတာတွေ့ရတယ်လို့ World Bank ကမ္ဘာ့ဘဏ် အဖွဲ့ကြီးက ဒီနှစ် အောက်တိုဘာလမှာ ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံ စီးပွားရေးစောင့်ကြည့်မှု အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကာကွယ်ရေးအတွက် ဘတ်ဂျက်ဟာ မြင့်မားနေဆဲဖြစ်ပြီး ၂၀၁၃-၂၀၁၄ ခုနှစ် ဘတ်ဂျက်မှာတော့ လူမှုရေးကဏ္ဍအတွက် ပိုပြီးသုံးစွဲဖို့ ထောက်ပံ့ထားတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ သွင်းကုန်မူဝါဒ တင်းကျပ်မှုတွေ လျှော့ချလာသလို ငွေလဲလှယ်မှု ကန့်သတ်ချက်တချို့ကို ဖယ်ရှားပေးခဲ့ပြီး အကျိုးရှိတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေကြောင်းနဲ့ ပြည်တွင်းမှာ ငွေဖောင်းပွမှုတွေ တိုးနေပေမဲ့ ထိရောက်တဲ့ ငွေလဲနှုန်း တန်ဖိုး ကျနေတာမို့ နိုင်ငံခြား တင်ပို့မှုအား ပိုကောင်းနေတာ တွေ့ရကြောင်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတွင်း ဓာတ်ငွေ့ထုတ်လုပ်မှု တိုးနေတာနဲ့ ကုန်သွယ်မှု တိုးလာတာ၊ စိုက်ပျိုးရေးကဏ္ဍ အားကောင်းမှုတွေ ရှိနေတာမို့ ၂၀၁၃-၂၀၁၄ ခုနှစ်မှာ ၆ ဒဿမ ၈ ရာခိုင်နှုန်းအထိ စီးပွားရေး တိုးတက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ ဘတ်ဂျက်ကို ပြင်ဆင်ရေးဆွဲရာမှာ ငွေကြေးအရင်းအမြစ် အမြင့်ဆုံး သတ်မှတ်ချက်ဘောင်ထဲက ရေးဆွဲတာမျိုး မရှိသေးတဲ့အတွက် သုံးစွဲငွေ ဦးစားပေး ရွေးချယ်ရေးအတွက် အခက်အခဲတွေ ဖြစ်စေတယ်လို့ လည်း ထောက်ပြထားပါတယ်။

ဘတ်ဂျက်ဆိုင်ရာအတွက် အများပြည်သူသိအောင် လုပ်ဆောင်ရာမှာ တိုးတက်မှုတွေ ရှိလာပေမဲ့ ဘတ်ဂျက်ကိုယ်တိုင်က ပြည့်စုံမှု မရှိသေးသလို စာရင်းစစ်နဲ့ ပြင်ပ စစ်ဆေးကြပ်မတ်မှုဆိုင်ရာမှာ အားနည်းနေတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG