သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၄ မှာ အဆင်းရဲဆုံး စာရင်းက မြန်မာ လွတ်မြောက်နိုင်


ကမ္ဘာပေါ်မှာတဦးချင်းဝင်ငွေ အနည်းဆုံး နိုင်ငံတွေအနက် မြန်မာနိုင်ငံအပါအဝင် ဆယ်နိုင်ငံတို့မှာ အခြေအနေ တိုးတက်ကောင်းမွန်လာတယ်လို့ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လက်ရှိတိုးတက်မှုကို ဆက်လက် ထိန်းသိမ်းသွားနိုင်မယ်ဆိုရင် ၂၀၂၄ အရောက်မှာ အဆင်းရဲဆုံးနိုင်ငံများ စာရင်းက လွတ်မြောက်နိုင်ဖွယ်ရှိတယ်လို့ သမ္မတဦးသိန်းစိန်ရဲ့ စီးပွားရေးဆိုင်ရာ အကြံပေး ဒေါက်တာဇော်ဦးက ဆိုပါတယ်။ အခုလောလောဆယ် တဦးချင်း ဝင်ငွေတိုးတက်လာတယ်လို့ သတ်မှတ်ခံရတဲ့အတွက် လတ်တလော အကျိုးသက်ရောက်မှု ဘယ်လိုရှိသလဲဆိုတဲ့ ဗွီအိုအေမြန်မာပိုင်းက မနန္ဒာချမ်းရဲ့မေးခွန်းကို ဒေါက်တာဇော်ဦးက အခုလိုစဖြေပါတယ်။

ဒေါက်တာဇော်ဦး။ ။ ကမ္ဘာ့ဘဏ်က ကျနော်တို့ကို ကူပြီးသားဖြစ်နေတဲ့အခါကျတော့ ပိုပြီးတော့ ကမ္ဘာ့ဘဏ်ကနေ ရစရာတော့ မရှိဘူး။ သို့သော်လည်းပဲ ကျနော်တို့နိုင်ငံက တိုးတက်နေတယ် ဆိုတဲ့ဟာကို တဖက်တလမ်းက ပြတဲ့သဘောပဲ။ အဲ့တော့ များသောအားဖြင့် ကမ္ဘာ့ဘဏ်ရဲ့ ဆင်းရဲမှု လျော့ချရေး အစီအစဉ်တွေမှာ ဆိုလည်း မြန်မာနိုင်ငံရဲ့ နဂိုက ရှိနေခဲ့တဲ့ အုပ်စုပေါ့။ Low income ပဲရှိတဲ့သူတွေကို အများဆုံး ဦးစားပေး လုပ်တာပေါ့နော်။ အဲ့တော့ ပြောလို့ရတာကတော့ ကျနော်တို့က သေချာတာက လွန်ခဲ့တဲ့ လေးနှစ်လောက်က Low income အုပ်စုကနေ နေ နေရာကနေ အခု အနည်းဆုံးတော့ ကမ္ဘာ့ဘဏ်ရဲ့ အမျိုးအစားအရဆိုရင် တဆင့်မြင့်တဲ့ နိုင်ငံတွေ အုပ်စုတွေထဲကို ရောက်လာပြီ လို့ ပြောလို့ရပါတယ်။ အဲ့တာက တိုးတက်မှုလို့ပြောလို့ရတယ်။

မေး။ ။ ဒါဆိုရင် ဒါနဲ့ပတ်သက်လို့ပေါ့လေ မြန်မာနိုင်ငံအတွက် ချက်ခြင်း လက်ငင်းပေါ့ ဘယ်လိုနေရာမျိုးတွေမှာ ပိုပြီး အကျိုးရှိလာနိုင်လဲ။

ဒေါက်တာဇော်ဦး။ ။ ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာ့ဘဏ်မှာ စီမံခန့်ခွဲတဲ့ အကြီးအကဲတွေက မြန်မာနိုင်ငံဟာ တိုးတက်နေတယ်ဆိုတဲ့ သတင်းကောင်းကို ရနေတာပေါ့။ ရနေတဲ့အတွက် မြန်မာနိုင်ငံကို အကူအညီပေးတဲ့အစီအစဉ်တွေ ကို စဉ်းစားတဲ့အခါမှာလည်း ပိုပြီးတော့ အပြုသဘောဆောင်တဲ့အတွက်ကြောင့် စဉ်းစားပေးနိုင်တာပေါ့။ အဲ့တော့ ချက်ခြင်းကြီးကတော့ ကူမယ် ပြုမယ် ဆိုတာမျိုးကတော့ ဖြစ်လာမှာမဟုတ်ဘူးပေါ့နော်။ သို့သော်လည်းပဲ ဒါ ရေရှည် ကျနော်တို့ကို ယုံကြည်မှု ရှိရှိနဲ့ ကူညီသွားနိုင်မယ် ဆိုရင်တော့ တိုးတက်မှုတွေရှိမယ် ဆိုတဲ့ ညွှန်းကိန်း ရလာအောင် ကျနော်တို့က ကြိုးစားရမှာဖြစ်ပါတယ်။ လောလောဆယ်တော့ ဒီ သူတို့ရဲ့less developed country (LDC) ညွှန်းကိန်း အရ လွတ်မြောက်ဖို့ဆိုတဲ့ဟာက ဒီနှစ်မှာတော့ မဖြစ်နိုင်တော့ပါဘူး။ သို့သော် LDC ရဲ့သတ်မှတ်ချက်အရဆိုရင် နောင် သုံးနှစ်ကြာရင် သူတို့ တခါ စီစစ်မှာဖြစ်ပါတယ်။ အဲ့တော့ အခု ကျနော်တို့ လက်ရှိရနေတဲ့ စီးပွားရေးတိုးတက်မှုအတိုင်း ဆက်သွားမယ်ဆိုရင် ၂၀၁၈မှာ LDC က လွတ်မြောက်နိုင်ဖို့ စတင်အကျုံးဝင်သွားပြီလို့ မှတ်ရမှာပေါ့နော်။

အဲ့တော့ သူ့ရဲ့ဝင်ငွေအရ ကြည့်မလား။ နောက်ပြီးတော့ LDC မှာ အရေးကြီးတဲ့ ညွှန်းကိန်း တခုရှိပါသေးတယ်။ အဲ့တာကတော့ Human Access Index ဆိုတဲ့ စီးပွားရေးနဲ့ဖွံ့ဖြိုးမှု ညွှန်းကိန်းနဲ့ကြည့်မလား။ ဒီညွှန်းကိန်းနှစ်ခုကြောင့် ကျနော်တို့ဟာ LDC ကနေ လွတ်မြောက်ဖို့ဆိုတဲ့ဟာ အကျုံးဝင်သွားမှာဖြစ်ပါတယ်။ အဲ့တော့ အကျုံးဝင်သွားပြီးရင်တော့ ၂၀၁၈ ကနေ နောက်ထပ် သုံးနှစ်တိတိ ခြောက်နှစ် ဆက်တိုက်ကို ကျနော်တို့က ဆက်ထိန်းသွားဖို့လိုပါတယ်။ အဲ့ဒီ့အခါပြီးရင်တော့ ၂၀၂၄ခုနှစ်မှာ LCD က လုံးဝ လွတ်မြောက်နိုင်မှာဖြစ်ပါတယ်။

မေး။ ။ ဟုတ်ကဲ့။ ဆိုတော့ နောက်ဆုံးတခုအနေနဲ့က အခုမြန်မာနိုင်ငံကို သူတို့က ဝင်ငွေနိမ့်တဲ့ နိုင်ငံစာရင်းကို တဆင့် တက်ပေးလိုက်ပြီပေါ့နော်။ ဒီ့ထက် အဆင့်တက်ဖို့ ဒါမှမဟုတ် ဒီအနေအထားကနေ ပြန်မကျသွားအောင် အတွက်က မြန်မာနိုင်ငံအနေနဲ့ ဘာတွေ လုပ်ဖို့ လိုမလဲ။

ဒေါက်တာဇော်ဦး။ ။ အရမ်းအရေးကြီးပါတယ်။ အဲ့ဒီကိစ္စဟာ တခြားနိုင်ငံတွေရဲ့ အတွေ့အကြုံကို ကြည့်မယ် ဆိုရင်လည်း ဒီစီးပွားရေးက အတက်အကျတွေရှိပါတယ်။ အဲ့တော့ အခုတက်နေလို့ နောင်လည်း ဒီအတိုင်း တက်မယ်လို့ ဆိုပြီး စိတ်အေးနေလို့လည်း မရပါဘူး။ အခုလောလောဆယ် ဖြစ်နေတဲ့ ကျနော်တို့နိုင်ငံရဲ့ စီးပွားရေး စိန်ခေါ်မှုတွေကလည်း ဒါ သေသေချာချာကို ဂရုတစိုက်နဲ့ အမြန်ဆုံးဖြေရှင်းရမယ့် အချက်ဖြစ်ပါတယ်။ အထူးသဖြင့် ကျနော်တို့ရဲ့ ငွေရေးကြေးရေး ကဏ္ဍမှာလည်း မတည်မငြိမ်မှုတွေ ဆက်လက်ဖြစ်ပွားစေနိုင်တဲ့ ငွေလဲနှုန်းကိစ္စတွေ နောက်ပြီးတော့ သွင်းကုန်တွေ အရမ်းမြင့်တက်နေတဲ့ကိစ္စတွေ နောက်ပြီးတော့ ကျနော်တို့နိုင်ငံမှာ ငွေကြေးဖောင်းပွ မှုနှုန်းမြင့်နေတဲ့ကိစ္စတွေ ဒီလိုမြင့်နေရတဲ့ကိစ္စကလည်း ဒါ အရင်ခေတ်က ဖြစ်ခဲ့တဲ့ ဒီစီးပွားရေးကျနေလို့ ငွေကြေးဖောင်းပွမှုဖြစ်တဲ့ ဟာ မဟုတ်ပဲ တကယ်ကို စီးပွားရေးတက်လို့ ငွေကြေးဖောင်းပွမှု တက်တဲ့ ပုံစံမျိုး ဖြစ်နေတဲ့အခါကျတော့ ဒါကို ဘယ်လိုထိန်းချုပ်မလဲဆိုတဲ့ စီမံခန့်ခွဲမှုတွေကလည်း ပိုပြီး အဆင့်မြင့်လာဖို့ လိုပါတယ်။ ပြီးတော့ ငွေလဲနှုန်းကို ပိုပြီးတော့ တည်ငြိမ်အောင် ထိန်းသိမ်းမယ် ဆိုတဲ့ကိစ္စကလည်း ယခင်ကလို အမိန့်နဲ့ချမှတ်ြ့ပီးတော့ လုပ်လို့မရတော့ပဲ နဲ့ ဈေးကွက်နဲ့ တကယ်ကို ချိန်ညှိပြီး လုပ်သွားရမှာဖြစ်တဲ့ အတွက်ကြောင့် ဒီအတွက်လည်း ထိန်းချုပ်ရမယ့် ကျနော်တို့မှာ ငွေရေးကြေးရေးဆိုင်ရာ မူဝါဒတွေ နဲ့ ဆောင်ရွက်ချက် လုပ်ငန်းစဉ်တွေ ကလည်း စနစ်တကျ သတ်မှတ်ဖို့ လိုပါတယ်ခင်ဗျ။ အဲ့တော့ ပိုပြီး အဆင့်မြင့်တဲ့ စီမံခန့်ခွဲမှုမျိုး လုပ်နိုင်မှသာလျင် ကျနော်တို့နိုင်ငံရဲ့စီးပွားရေးတိုးတက်မှုကို ထိန်းသိမ်းထားနိုင်မှာပါ။

သမ္မတဦးသိန်းစိန်ရဲ့ စီးပွားရေးဆိုင်ရာ အကြံပေး ဒေါက်တာဇော်ဦးကို ဗွီအိုအေမြန်မာပိုင်းက မနန္ဒာချမ်းက ဆက်သွယ်မေးမြန်းထားတာပါ။

XS
SM
MD
LG