သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၈၀ ကျော် ထောက်ပံ့


ကမ္ဘာ့ဘဏ် ဒုတိယဥက္ကဋ္ဌ Pamela Cox
ကမ္ဘာ့ဘဏ် ဒုတိယဥက္ကဋ္ဌ Pamela Cox
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးကို အသိအမှတ်ပြု အားပေးတဲ့အနေနဲ့ ကမ္ဘာ့ဘဏ် ကနေပြီးတော့ ဒေါ်လာ သန်း ၈၀ ကျော် ထောက်ပံ့သွားမယ် ဆိုတဲ့အကြောင်းကိုတော့ ကမ္ဘာ့ဘဏ် တာဝန်ရှိ ပုဂ္ဂိုလ်တွေက ဒီကနေ့ပဲ ပြောလိုက်ပါတယ်။ ဒီနေ့ ရန်ကုန်မြို့က ကမ္ဘာ့ဘဏ် ဌာနေ ရုံးဖွင့် လှစ်ပွဲမှာ ကမ္ဘာ့ဘဏ် ဒု ဥက္ကဋ္ဌ ပဲန်မလာ ကောက်စ် ကနေပြီးတော့ အခုလို ပြောသွားတာ ဖြစ်ပါ တယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ရန်ကုန်မြို့က ဗွီအိုအေ သတင်းထောက် ကိုရဲကျော်အောင်က တင်ပြပေးထားပါတယ်။

ကမ္ဘာ့ဘဏ်ကနေပြီး မြန်မာနိုင်ငံရဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းတွေကို အဓိက ကူညီ ထောက်ပံ့ပေးသွားမယ်လို့ ကမ္ဘာ့ဘဏ် ဒု ဥက္ကဋ္ဌ မစ္စစ် ပင်မလာ ကော့စ် က ပြောပါတယ်။ မြန် မာနိုင်ငံဟာ ဒေသတွင်းနိုင်ငံတွေထဲမှာ အဆင်းရဲဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်နေတာကြောင့် ဆင်းရဲနွမ်း ပါးတဲ့ လူတွေရဲ့ ဘဝတွေကို တိုးတက် ကောင်းမွန်အောင် ပြုလုပ်ပေးချင်တာတွေကြောင့် ကမ္ဘာ့ဘဏ် ဟာ မြန်မာနိုင်ငံကို ကူညီပေးချင်တာဖြစ်တယ်လို့ ကမ္ဘာ့ဘဏ် ဒု ဥက္ကဋ္ဌ မစ္စစ် ပင်မလာ ကော့စ် က ပြောပါတယ်။

သူ ပြောသွားတာကတော့ -“မြန်မာနိုင်ငံဟာ ဒီဒေသတွေထဲက အဆင်းရဲဆုံး နိုင်ငံတွေထဲမှာ ပါဝင်နေပါတယ်။ လူတွေရဲ့ လိုအပ်ချက်ကလည်း များပြားလွန်းလှပါတယ်။ ကမ္ဘာ့ဘဏ် အုပ်စုဟာ တခြား မိတ်ဘက်တွေနဲ့အတူ ပြည်သူတွေရဲ့ ဘဝတွေ၊ အထူးသဖြင့် ဆင်းရဲနွမ်းပါးသူတွေနဲ့ ခုခံနိုင်စွမ်း မရှိသူတွေရဲ့ ဘဝ တိုးတက်ကောင်းမွန် ဖို့ အတွက် အစိုးရရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အထောက်အကူပေးဖို့ လုပ်ကိုင် ဆောင်ရွက်နေပါတယ်” လို့ ပြောသွားတာပါ။

ကမ္ဘာ့ဘဏ် ဒုဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေဟာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့နဲ့ သီးခြားစီ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပြီး ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံအပေါ် ပံ့ပိုးပေးမယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီးလည်း ပြောကြားဖြစ်တယ်လို့ မစ္စစ် ပင်မလာ ကော့စ် က ပြောခဲ့ပါသေးတယ်။

ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာနိုင်ငံကို ကူညီပံ့ပိုးမှုတွေ ပြုလုပ်ရာမှာ အစိုးရကနေပြီး ပြည်သူတွေ အတွက် ဝန်ဆောင်မှုပေးတဲ့ ကဏ္ဍတွေမှာ နည်းပညာနဲ့ နိုင်ငံရဲ့ အရင်းအမြစ်တွေ၊ အကူအညီ အထောက်အပံ့တွေ တိုးချဲ့နိုင်အောင်လည်း ကူညီပေးသွားမယ်လို့ ကမ္ဘာ့ဘဏ်ဒု ဥက္ကဋ္ဌ ကပြောပါတယ်။

“အစိုးရကပေးတဲ့ ပြည်သူတွေကို ပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ ကူညီဖို့ ကမ္ဘာ့ဘဏ်ကနေ နည်းပညာ အကူအညီ အထောက်အပံ့တွေ၊ ကမ္ဘာ့အဆင့်မီ ကျွမ်းကျင်မှု စီစဉ်ပေးတာတွေ ဆောင် ရွက်နိုင်ပါတယ်။ ဘဏ်အနေနဲ့ မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးတဲ့ အတိမ်အနက်ကို သိရှိနိုင်ဖို့၊ ဘဏ္ဍာရေး စံနစ်ကို တိုးချဲ့ပြီး ခေတ်မီအောင် ပြုပြင်ဖို့၊ စီးပွားရေးပတ်ဝန်းကျင်ကို မြှင့်တင်ဖို့- စတာတွေကိုလည်း စီးပွားရေး သုတေသနပြုလုပ်ချက်တွေနဲ့ ဆောင်ရွက်နေပါတယ်။ ဒီကဏ္ဍတွေမှာ လှုပ်ရှားမှုဆောင်ရွက်ချက်တွေဟာ အစိုးရအနေနဲ့ ယုံကြည်စိတ်ချရတဲ့ နိုင်ငံခြားငွေ ရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ဖို့ ကုန်သွယ်မှုကို တိုးချဲ့ဖို့၊ နိုင်ငံရဲ့ အရင်းအမြစ်တွေကို ပိုမိုကောင်းမွန်အောင် စီမံဖို့တွေ လူထုအလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုရရှိအောင် ကမ္ဘာ့ဘဏ်က ကူညီ ပံ့ပိုးတာတွေ ဖြစ်တယ်” - လို့ ပြောသွားခဲ့တာပါ။

ကမ္ဘာ့ဘဏ်က ပေးအပ်လာတဲ့ အကူအညီတွေ အပေါ်မှာလည်း အစိုးရအနေနဲ့ ပွင့်လင်းမှုတွေရှိဖို့ လိုတယ်လို့ ကမ္ဘာ့ဘဏ် အုပ်စုရဲ့ international finance group မှ မစ္စတာ ကာရင် ဖင်ကယ်စတန် က ပြောခဲ့ပါသေး တယ်။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ အသုံးချဖို့ မြန်မာနိုင်ငံ အတွင်းမှာ ကမ္ဘာ့ဘဏ် ရုံးခွဲ ဖွင့်လှစ်နိုင်ရေးတွေလည်း ကြိုးစားနေပြီး ဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက် အမေရကန်ဒေါ်လာ ၈၅ သန်းကို ပေးအပ်သွားဖို့ ပြင်ဆင်နေတယ်လို့ ဒီကနေ့ ကမ္ဘာ့ဘဏ်က ပြုလုပ် တဲ့ သတင်းစာရှင်းလင်းပွဲရဲ့ သတင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နှစ်ပေါင် ၂၄ နှစ် ကြာ မြန်မာနိုင်ငံနဲ့ အလှမ်းဝေးကွာနေတဲ့ မြန်မာနိုင်ငံအပေါ် ကူညီ ထောက် ပံ့ရေးတွေနဲ့ ပြန်လည် ထိတွေ့လာတဲ့ ခြေလှမ်းတွေဟာ ကောင်းမွန်လာပြီး မြန်မာနိုင်ငံရေး အပြာင်းအလဲတွေကိုလည်း ဒီထက် ပိုပြီး ပိုမို ပြု လုပ်နိုင်ဖို့ တွန်းအားတွေလည်း ဖြစ်လာနိုင်တယ်လို့ စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကို ဗွီအိုအေကို အခု လိုပြောပါတယ်။

“ကမ္ဘာ့ဘဏ်အနေနဲ့ကတော့ နိုင်ငံရေး ပြုပြင်ပြောင်းလဲဖို့ အပိုင်းရော၊ စီးပွားရေး ပြုပြင်ပြောင်းလဲဖို့ အပိုင်းရော စောင့်ကြည့်နေတယ်လို့ ကျနော် ရေးထားတယ်လေ။ ဈေးကွက် စီးပွားရေး စံနစ် ဖြစ်ပေါ်လာဖို့ - တပြေးညီ ယှဉ်ပြိုင်နိုင်တဲ့ စီးပွားရေး အဆင့်အတန်းဖြစ်ပေါ်လာဖို့ အဲဒါကလည်း အရေးကြီးပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့ဘဏ်ရဲ့ အသင်းဝင်အဖြစ် ၁၉၈၂ ခုနှစ် ကတည်းက စတင်ခဲ့ပြီး မြန်မာနိုင်ငံ အနေနဲ့ ကမ္ဘာ့ ဘဏ် အပေါ်မှာ ကြွေးကျန် ဒေါ်လာ ၃၉၇ သန်း တင်ရှိနေတာကြောင့် ၁၉၈၇ က စပြီး ချေးငွေအသစ်တွေ ထုတ်ချေးတာတွေ မပြုလုပ်တော့ဘဲ ကမ္ဘာ့ဘဏ် အသင်းဝင်အဖြစ် ဆက်လက်ထားရှိခဲ့တာ ဖြစ်ပါတယ်ခင်ဗျား။
XS
SM
MD
LG