သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးနေ့ ကမ္ဘာတဝှမ်း ကျင်းပ


 နိုင်ငံတကာ လူ့အခွင့်အရေးနေ့။
နိုင်ငံတကာ လူ့အခွင့်အရေးနေ့။

ဒီကနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ ကြာသပတေးနေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ကို ကမ္ဘာတလွှား ကျင်းပနေချိန်မှာဘဲ လွတ်လပ်ရေး၊ တရားမျှတရေးနဲ့ ငြိမ်းချမ်းရေးတို့ကို အာမခံပေးနိုင်ဖို့ အတွက် အခက်အခဲတွေ စိန်ခေါ်ချက်တွေ အများအပြား ရှိနေသေးတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးက သတိပေး ပြောဆိုလိုက်ပါတယ်။

နိုင်ငံတကာ အခွင့်အရေး အခြေခံ စံနှုန်းတွေကို ချမှတ်ပေးနိုင်ခဲ့တဲ့ သမိုင်းဝင် ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ၁၉၄၈ ခုနှစ် ဒီကနေ့မှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီးက အတည်ပြုနိုင်ခဲ့တဲ့ နေ့ကို အထိမ်းအမှတ်ပြုတဲ့ အနေနဲ့ ဒီနေ့ကို နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဆယ်စုနှစ် ၅ စုအတွင်း အခက်အခဲ ပြဿနာတွေနဲ့ ကြုံတွေ့ရချိန်မှာ အခွင့်အရေးတွေကို လေးစားလိုက်နာ အသိအမှတ်ပြုစေရေး အတွက် လူ့အခွင့်အရေး ကြေညာစာတမ်းနဲ့ နောက်ဆက်တွဲ သဘောတူညီချက်တွေဟာ သိပ်ကို အရေးပါခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad Al Hussein က ပြောဆိုခဲ့ပါတယ်။

လွတ်လပ်ခွင့်ကို လေးစားမှုက အလုံးစုံ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေးတို့ အတွက် အခြေခံ အုတ်မြစ်ဖြစ်တယ်လို့လည်း ဗွီဒီယိုကနေ ပြောဆို ထားတဲ့ ကြေညာချက် ထဲမှာ ကုလ လူ့အခွင့်အရေး ကော်မရှင်နာ မင်းကြီးက ထပ်လောင်းပြောဆိုပါတယ်။ ဒီနှစ် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်းအနားတွေမှာတော့ ၁၉၉၆ ခုနှစ်က အတည်ပြုခဲ့ကြတဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှု ထုံးထမ်းစဉ်လာ အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်နဲ့ အရပ်သားနဲ့ နိုင်ငံရေး အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက်တွေကို လူထုစိတ်ဝင်စားမှု ပိုရလာအောင် ကုလ သမဂ္ဂ တာဝန်ရှိသူတို့ ဆောင်ရွက်နေကြတာပါ။

လူသားအားလုံးအတွက် အခြေခံ လွတ်လပ်ခွင့်ကို အာမခံပေးနိုင်ဖို့နဲ့ လူ့အခွင့်အရေးကို အကာအကွယ်ပေး နိုင်ဖို့ လူ့အခွင့်အရေးနေ့မှာ ကျနော်တို့ ထပ်ပြီး ကတိကဝတ်ပြုကြရအောင်လို့လည်း ကုလ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ထပ်လောင်း ပြောဆိုသွားပါတယ်။

XS
SM
MD
LG