တောင်အာဖရိကနိုင်ငံမှာကျင်းပနေတဲ့ ၂၀၁၀ ပြည့်နှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ၊ အုပ်စုပွဲစဉ် တွေကို ဒီကနေ့ ဆက်ပြီး ယှဉ်ပြိုင်ကစားခဲ့ ကြတာမှာ အုပ်စု C ပွဲစဉ်၊ အယ်လ်ဂျီးရီးယားနဲ့ စလိုဗေးနီးယားအသင်းတို့ပွဲမှာ စလိုဗေးနီးယားက ၁ ဂိုးဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
အုပ်စု D ပွဲစဉ်၊ ဆားဘီးယားနဲ့ဂါနာအသင်းတို့ပွဲမှာတော့ ဂါနာက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။
အယ်လ်ဂျီးရီးယား၊ စလိုဗေးနီးယားပွဲမှာ ပထမပိုင်းပြီးတဲ့ထိ တဘက်နဲ့တဘက် ဂိုးမသွင်းနိုင်ဖြစ်နေရာက ဒုတိယပိုင်း ၇၂ မိနစ်မှာ အယ်လ်ဂျီးရီးယားအသင်း ရှေ့တန်းတိုက်စစ်မှူး၊ ကျောနံပါတ် ၉၊ Abdelkader Ghezzal အနီကဒ်ပြ အထုတ်ခံလိုက်ရပြီးတဲ့နောက် ၆ မိနစ်အကြာ ၇၈ မိနစ်မှာ စလိုဗေးနီးယားအသင်းက တလုံးတည်းသောအနိုင်ဂိုးကို ရသွားတာဖြစ်ပါတယ်။
အဲဒီဂိုးကို စလိုဗေးနီးယားအသင်းခေါင်းဆောင်၊ ကွင်းလယ်ကစားသမား၊ ကျောနံပါတ် ၈၊ Robert Koren က သွင်းယူလိုက်တာပါ။
အယ်လ်ဂျီးရီးယားဂိုးသမား အမိဖမ်းဖို့ကြိုးစားခဲ့ပေမယ့် လွတ်ထွက်သွားပြီး သူ့လက်မောင်းနဲ့ ထိပြီးတော့မှ ဂိုးဝင်သွားတာဖြစ်ပါတယ်။
အုပ်စု D က ဆားဘီးယားနဲ့ ဂါနာတို့ပွဲမှာတော့ ပထမပိုင်းပြီးတဲ့ထိ တဘက်နဲ့တဘက် ဂိုးမသွင်းနိုင်ကြဘဲဖြစ်နေရာကနေ ၇၃ မိနစ်မှာ ဆားဘီးယားနောက်တနုးလူ၊ ကျောနံပါတ် ၁၃ Aleksander Lukovic အနီကဒ်ပြ အထုတ်ခံလိုက်ရပါတယ်။
၈၂ မိနစ်မှာ ဆားဘီးယားကွင်းလယ်ကစားသမား၊ ကျောနံပါတ် ၂၂ Zdravko Kuzmanovic ဂိုးစည်းထဲမှာ ဘောလုံးကို လက်နဲ့ထိမိတဲ့ အတွက် အ၀ါကဒ်အပြခံခဲ့ရသလို ပန်နယ်လ်တီ အပေးခံလိုက်ရတာပါ။
အဲဒီ ပန်နယ်လ်တီဘောလုံးကို ဂါနာအသင်းက ကျောနံပါတ် ၃ Asamoah Gyan ကန်သွင်းယူလိုက်တဲ့အတွက် တလုံးတည်းသော အနိုင် ဂိုးကို ဂါနာတို့ရသွားတာဖြစ်ပါတယ်။
အခုချိန်ထိဆိုရင် အုပ်စု C အသင်းတွေမှာ စလိုဗေးနီးယားအသင်းက သုံးမှတ်နဲ့ အုပ်စုဗိုလ်ဖြစ်နေပြီး အင်္ဂလန်နဲ့ အမေရိကန်အသင်းတို့က တစ်မှတ်စီ၊ အယ်လ်ဂျီးရီးယားအသင်းက အမှတ်မရသေးဘဲရှိနေပါတယ်။
အုပ်စု D မှာတော့ အခုကစားသွားတဲ့ ဂါနာနဲ့ ဆားဘီးယားပွဲက ပထမဆုံးဖြစ်ပြီး ဂါနာအသင်းက သုံးမှတ်ရထားပါပြီ။
မြန်မာစံတော်ချိန် တနင်္လာနေ့မနက်အစောပိုင်း တစ်နာရီမှာတော့ အုပ်စု D ကပဲ နာမည်ကြီး အသင်းတသင်းဖြစ်တဲ့ ဂျာမနီနဲ့ သြစတြေးလျ အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။