တောင်အာဖရိကနိုင်ငံမှာ ဒီကနေ့ ဆက်လက်ကျင်းပတဲ့ ၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်တွေထဲ အုပ်စု F က စလိုဗက်ကီးယားနဲ့ ပါရာဂွေးအသင်းတို့ပွဲမှာ ပါရာဂွေးအသင်းက နှစ်ဂိုးပြတ်နဲ့ အနိုင်ရသွားတဲ့အတွက် ဒီအုပ်စုမှာ ဗွေဆော်ဦး အနိုင်ရတဲ့အသင်းအဖြစ် လေးမှတ် ရသွားပါပြီ။
ပါရာဂွေးအသင်းအတွက် ဂိုးတွေကိုတော့ ပထမပိုင်း ၂၇ မိနစ်မှာ ကွင်းလယ်ကစားသမား ကျောနံပါတ် ၁၃ Enrique Vera က ပထမဂိုးသွင်းယူခဲ့ပြီး နောက် ကွင်းလယ်ကစားသမား ကျောနံပါတ် ၇ Cristian Riveros က ဒုတိယဂိုး အသီးသီးသွင်းယူခဲ့ကြပါတယ်။
အုပ်စု F ကပဲ အီတလီနဲ့ နယူးဇီလန်တို့ပွဲမှာတော့ တဘက်တဂိုးစီနဲ့ သရေကျသွားပါတယ်။ နယူးဇီလန်အသင်းက ဂိုးအရင်သွားခဲ့တာဖြစ်ပြီး ပထမပိုင်း ၆ မိနစ်မှာ ရှေ့တန်းကစားသမား ကျောနံပါတ် ၉ Shane Smeltz က သွင်းယူခဲ့တာပါ။
အီတလီအသင်းအတွက် ချေပဂိုးကိုတော့ ပထမပိုင်း ၂၈ မိနစ်မှာ ပန်နယ်လ်တီရတဲ့ဘောလုံးကို ရှေ့တန်းကစားသမား ကျောနံပါတ် ၉ Vincenzo Ianquinta က သွင်းယူခဲ့ပါတယ်။
အီတလီနဲ့ နယူးဇီလန်အသင်းတို့ဟာ ပထမကန်ခဲ့တဲ့ပွဲတွေတုန်းကလဲ သရေ အသီးသီး ကျခဲ့ကြတဲ့အတွက် နှစ်မှတ်စီနဲ့ အဆင့်တူ အမှတ်တူနေပါတယ်။ ဒါကြောင့် အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ စလိုဗေးကီးယားနဲ့ အီတလီ၊ ပါရာဂွေးနဲ့ နယူးဇီလန်ပွဲစဉ်တွေဟာဖြင့် အရေးကြီးတဲ့ပွဲစဉ်တွေ ဖြစ်ပါတယ်။
တနင်္လာနေ့မနက်အစောပိုင်း ၁ နာရီမှာတော့ အုပ်စု G က ဘရာဇီးလ်အသင်းနဲ့ အိုင်ဗရီကို့စ် အသင်းတို့ ကစားကြပါမယ်။ အဲဒီ အုပ်စု G မှာ ဘရာဇီးလ်က တပွဲကစား တပွဲနိုင် သုံးမှတ်၊ အိုင်ဗရီကို့စ်နဲ့ ပေါ်တူဂီတို့က တပွဲစီကစားတာ သရေကျထားတဲ့အတွက် ၁ မှတ်စီနဲ့ မြောက်ကိုရီးယားအသင်းကတော့ တပွဲကစား တပွဲရှုံးထားတဲ့အတွက် အမှတ်မရသေးပါဘူး။