သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလား အာဂျင်တီးနား ဒုတိယအဆင့်တက်၊ ကလိုဆေး ဂိုးအများဆုံး ပူးတွဲ စံချိန်တင်


အာဂျင်တီးနားက Lionel Messi (ယာ) နဲ့ အီရန်နိုင်ငံက Reza Ghoochannejhad
အာဂျင်တီးနားက Lionel Messi (ယာ) နဲ့ အီရန်နိုင်ငံက Reza Ghoochannejhad
၂၀၁၄ ဘရာဇီးကမ္ဘာ့ဖလားဘောလုံးပွဲတွေမှာတော့ အာဂျင်တီးနားအသင်း အုပ်စုကနေ ဒုတိယ အဆင့်ကို တက်သွားပြီဖြစ်ပါတယ်။ Belo Horizonte မြို့မှာ အာဂျင်တီးနားနဲ့ အီရန်တို့ စနေနေ့က ကစားခဲ့တာမှာ အာဂျင်တီးနားက ၁ ဂိုး ဂိုးမရှိ နဲ့ နိုင်သွားတာပါ။

ဒီပွဲမှာ အာဂျင်တီးနားအသင်းဟာ အဓိကတိုက်စစ်မှူး ၂ ဦးဖြစ်တဲ့ မက်ဆီ၊ အီဂွာရင်းနဲ့ အဂွေရိုး ၃ ယောက်စလုံးကို တွဲထုတ်ပြီး တိုက်စစ် အသားပေးကစားသွားခဲ့ပေမယ့်ထင်သလို ဂိုးတွေမသွင်းနိုင်ခဲ့ဘဲ အာဂျင်တီးနာအတွက် တလုံးတည်းသောဂိုးကိုတော့ ပွဲပြီးခါနီး နာကျင်အချိန်ပိုကျမှ မက်ဆီက ပယ်နယ်တီဧရိယာအပြင်ဘက်ကနေ ကန်သွင်းသွားခဲ့တာပါ။

ဒီပွဲမှာ အီရန်အသင်း ပယ်နယ်တီရသင့်ပေမယ့် ဒိုင်က မပေးတဲ့အတွက် အီရန်အသင်းအတွက် နစ်နာခဲ့ရပြီး အီရန်နည်းပြ ကာလို့စ် ကွီရာရော့စ်ကတော့ သူတို့ ပယ်နယ်တီရသင့်တယ်လို့ ပြောလိုက်ပြီး ၊ ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်သွားခဲ့ပါတယ်။ အာဂျင်တီးနားဟာ ဒီပွဲနိုင်လိုက်တဲ့အတွက် အုပ်စု F မှာ ၂ ပွဲနိုင် ၆ မှတ် နဲ့ ဒုတိယအဆင့်ကို တက်သွားပြီး အီရန်အသင်းကတော့ ၁ မှတ်ပဲ ရထားပါတယ်။

အုပ်စု G က ဂျာမနီ နဲ့ ဂါနာနဲ့ပွဲမှတော့ တဘက် ၂ ဂိုးစီနဲ့ သရေကျသွားပါတယ်။ ဂျာမနီအတွက် ပထမဂိုးကို မာရီယိုဂွတ်ဇာ က သွင်းပေးခဲ့ပြီး အဲဒီနောက် ဂါနာအသင်းက ၂ ဂိုး ပြန်သွင်းလို့ ဂါနာ ၂ ဂိုး ဦးဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ဂျာမနီအတွက် ချေပဂိုးကိုတော့ လူစားဝင်လာတဲ့ ဝါရင့် တိုက်စစ်မှူး မီယိုစလပ်ဗ် ကလိုဆေး (Miroslav Klose) က အနီးကပ် ပိတ်သွင်းခဲ့တာပါ။ ဒီဂိုးသွင်းနိုင်လိုက်တဲ့အတွက် ကလိုဆေးဟာ ကမ္ဘာ့ ဖလားဘောလုံးပွဲတွေမှာ ၁၅ ဂိုး နဲ့ ဂိုးအများဆုံးစံချိန်တင်ထားတဲ့ ဘရာဇီးတိုက်စစ်မှူးဟောင်း ရိုနာလ်ဒိုနဲ့ တူသွားပြီဖြစ်ပါတယ်။

တကယ်လို့သာ နောက်ထပ်ဂိုးတွေ သွင်းနိုင်မယ်ဆိုရင်တော့ ကလိုဆေးဟာ ကမ္ဘာ့ဖလားမှာ ဂိုးအများဆုံးသွင်းတဲ့သူဖြစ်လာမှာပါ။ ဒီအုပ်စုမှာ ဂျာမနီက ၄ မှတ် ၊ အမေရိကန်က ၃ မှတ် ၊ ဂါနာက ၁ မှတ် နဲ့ ပေါ်တူဂီက ၁ မှတ်မှ မရသေးဘဲဖြစ်နေပါတယ်။

စနေနေ့က နောက်ဆုံးကစားသွားခဲ့တဲ့ အုပ်စု F က နိုင်ဂျီးရီးယားနဲ့ Bosnia and Herzegovina ပွဲစဉ်မှာတော့ နိုင်ဂျီးရီးယားအသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့တာကြောင့် Bosnia အသင်းအနေနဲ့ ဒုတိယအဆင့်တက်နိုင်ဖို့ အလှမ်းဝေးသွားပြီဖြစ်ပါတယ်
XS
SM
MD
LG