သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

(၁၉) ကြိမ်မြောက် ကမ္ဘာ့ဖလား ဘောလုံးပွဲစတင်

ဂျိုဟန်နက်စ်ဘက် (Johannesburg) မြို့က Soccer City ဘောလုံးကွင်းကြီးမှာ အဆိုအက ဖျော်ဖြေမှုတွေနဲ့ (၁၉) ကြိမ်မြောက် ကမ္ဘာ့ဖလား ဘောလုံး ဗိုလ်လုပွဲကြီးကို မကြာခင်အချိန်ပိုင်းကပဲ တရားဝင် စတင်ဖွင့်လှစ်လိုက်ပါပြီ။ ရောင်စုံအဝတ်အစားတွေ ဝတ်ဆင်ထားသူ၊ အာဖရိကရိုးရာ ဆေးရောင်တွေ ခြယ်ထားကြသူတွေက ဖွင့်ပွဲမှာ ကပြခဲ့ကြသလို၊ အဆိုတော်တွေကလဲ သီဆိုဖျော်ဖြေ ခဲ့ကြပါတယ်။

ဒီပွဲကို တောင်အာဖရိကသမ္မတ ဂျေကော့ဘ် ဇူးမား (Jacob Zuma) နဲ့ နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒက်စမွန် တူးတူး (Desmond Tutu) တက်ရောက်ခဲ့ကြပါတယ်။ ဒီဖွင့်ပွဲအခမ်းအနားကို တက်ရောက်မယ်လို့ အရင်ကပြောထားတဲ့ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်န် မန်ဒဲလား (Nelson Mandela) ကတော့ သူ့ရဲ့မြစ်မလေး မနေ့ညက ကားမှောက်သေဆုံးသွားလို့ ပွဲကို မတက်တော့ပါဘူး။ မနေ့ညကလုပ်တဲ့ ကမ္ဘာ့ဖလားအဖွင့် စင်မြင့် ဖျော်ဖြေပွဲက အပြန်မှာ အသက် ၁၃ နှစ်အရွယ် မြစ်မလေး ကားမှောက်သေဆုံးသွားတာ ဖြစ်ပါတယ်။

ဒီကနေ့စတင်တဲ့ ကမ္ဘာ့ဖလား ဘောလုံးပွဲ စတင်ပြီးတော့ အိမ်ရှင် တောင်အာဖရိက နဲ့ မက္ကဆီကို တို့စတင်တဲ့ပွဲမှာတော့ ဒုတိယပိုင်းစပြီး သိပ်မကြာခင်မှာပဲ တောင်အာဖရိက အသင်းက တဂိုး သွင်းထားနိုင်ပါတယ်။ အာဖရိကတိုက်မှာ ပထမဆုံး အကြိမ် ကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲကို အာဖရိက တိုက်သားတွေအပြင် ကမ္ဘာ့နိုင်ငံစုံက ဘောလုံး ဝါသနာအိုး ထောင်ပေါင်းများစွာလဲ လာရောက်အားပေးနေကြပါတယ်။

ဒီကနေ့မှာပဲ ကန်ကြမယ် နောက်ကစားပွဲကတော့ ပြင်သစ်နဲ့ ဥရုဂွေးတို့ ကစားကြမှာဖြစ်ပါတယ်။ ဇူလိုင်လ ၁၁ ရက်နေ့အထိ ဗိုလ်လုကြမယ့် ကမ္ဘာ့ဖလား ပွဲစဉ်တွေအတွက် တောင်အာဖရိက နိုင်ငံတဝန်းက ဘောလုံးကွင်း ၁၀ ကွင်းမှာ ခြေစစ်ပွဲနိုင်ထားတဲ့ နိုင်ငံပေါင်း ၃၂ နိုင်ငံက ဘောလုံးအသင်းတွေ ကမ္ဘာ့ဖလားရရှိရေး အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရမှာဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG