သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလား ဗိုလ်လုမယ့် ၂ သင်းလုံး ယုံကြည်မှုအပြည့်


ခရိုအေးရှားသမ္မတ Kolinda Grabar-Kitarovic (ဗဟို) ဒိန်းမတ်နဲ့ပွဲစဉ်မှာ ခရိုအေးရှားအသင်းကို အားပေးစဉ်။
ခရိုအေးရှားသမ္မတ Kolinda Grabar-Kitarovic (ဗဟို) ဒိန်းမတ်နဲ့ပွဲစဉ်မှာ ခရိုအေးရှားအသင်းကို အားပေးစဉ်။

၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို ဇူလိုင်လ ၁၅ ရက်၊ တနင်္ဂနွေနေ့ည မြန်မာစံတော်ချိန် ၉ နာရီခွဲမှာ မော်စကိုမြို့တော်က Luzhniki အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားကြတော့မှာဖြစ်ပါတယ်။

ဒီနှစ် ဗိုလ်လုပွဲကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်လာတဲ့ ခရိုအေးရှားအသင်းနဲ့ တတိယအကြိမ် မြောက် ဗိုလ်လုပွဲတက် လာတဲ့ ပြင်သစ်အသင်းတို့ ယှဉ်ပြိုင်ကစားကြမယ့်ပွဲဖြစ်ပါတယ်။

နှစ်သင်းစလုံးဟာ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေကြပြီး စနေနေ့ကလုပ်တဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြင်သစ်အသင်း ခေါင်းဆောင် ဂိုးသမား Hugo Lloris က -“အနိုင်ရဖို့အတွက် ကျနော်တို့ အကောင်းဆုံးပုံစံနဲ့ ကစားဖို့ လိုပါတယ်၊ ဒါကို စိတ်ထဲထည့်ပြီး ရုပ်ပိုင်း စိတ်ပိုင်း ကျနော်တို့ ပြင်ဆင်နေ ပါတယ်” လို့ပြောပါတယ်။

ခရိုအေးရှားအသင်းဟာ ၁၆ သင်း ရှုံးထွက်အဆင့်ကနေစပြီး ဆီမီးဖိုင်နယ်လ် အထိ သုံးပွဲဆက်တိုက် ၁၂၀ မိနစ်အထိ ကစားထားရပေမဲ့ ကစားသမားတွေ ထဲမှာ စိုးရိမ်စရာ ဒဏ်ရာရထားသူ ဘယ်သူမှမရှိပါဘူးလို့ နည်းပြ Zlatko Dalic ကပြောပါတယ်။

အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား Luka Modric ကလည်း စနေနေ့ သတင်းစာရှင်းလင်းပွဲအတွင်း -“ကျနော့် အတွက်တော့ အရေးအကြီးဆုံးက ဘယ်တော့မှလက်မလျှော့ဖို့၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိဖို့နဲ့ ကိုယ့်ရှေ့ခရီးမှာ ဘာပဲရှိနေနေ ရှေ့ဆက်သွားဖို့ဖြစ်ပါတယ်။ အတက်အကျတွေ ရှိမှာဖြစ်ပြီး ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ယုံကြည်မှုဆက်ရှိနေဖို့လိုပါတယ်။ ကိုယ့် အိပ်မက် အတွက် ရုန်းကန်ကြိုးစားရမယ်ဆိုတာက ကျနော့်ကို အမြဲတမ်း လမ်းညွှန်မှု ပေးနေတဲ့ အချက်ပါ” လို့ပြောပါတယ်။

ပြင်သစ်သမ္မတ Emmanuel Macron နဲ့ပြည်သူတွေ ဗိုလ်လုပွဲတက်လာတဲ့ ပြင်သစ်အသင်းကို ပြင်သစ်ကနေ အားပေးကြပုံ။
ပြင်သစ်သမ္မတ Emmanuel Macron နဲ့ပြည်သူတွေ ဗိုလ်လုပွဲတက်လာတဲ့ ပြင်သစ်အသင်းကို ပြင်သစ်ကနေ အားပေးကြပုံ။

၁၉၉၈ ခုနှစ် ပြင်သစ်ကမ္ဘာ့ဖလားပွဲ ဆီမီးဖိုင်နယ်လ်မှာ အိမ်ရှင်ပြင်သစ်က ခရိုအေးရှားကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားဖူးပြီး အခု လက်ရှိ ပြင်သစ်အသင်း နည်းပြ Didier Deschamps ဟာ အဲဒီပွဲမှာ ကစားသမားအဖြစ် ပွဲချိန်ပြည့် ပါခဲ့သူ ပါ။ ယူရို ၂၀၀၄ ပြိုင်ပွဲ အုပ်စုအဆင့်မှာတော့ တဘက်နှစ်ဂိုးစီနဲ့ သရေကျထားပြီး ဒီပွဲကြီးနှစ်ပွဲအပြင် နောက်ထပ်ဆုံဖူးတဲ့ ပွဲသုံးပွဲမှာတော့ ပြင်သစ်က နှစ်ပွဲနိုင် ထားပြီး တပွဲက သရေကျထားပါတယ်။

ခရိုအေးရှားအသင်းနည်းပြ Zlatko Dalic က ကလပ်အသင်းတွေမှာ ဆုဖလားကြီးတွေ ရထားဖူးတဲ့ သူ့အသင်းသား အများအပြားအတွက် ဒီ ကမ္ဘာ့ဖလားဗိုလ်လုပွဲဟာ သူတို့ရဲ့ ဘောလုံးသမား သက်တမ်းတလျှောက် အကြီးမားဆုံးပွဲဖြစ်တယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG