သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလားပွဲ ပြင်သစ် ၃ မှတ်၊ အာဂျင်တီးနား ၁ မှတ်


ုပြင်သစ်အသင်းရသည့် ပန်နယ်လ်တီဂိုးကို သွင်းယူနေသည့် Griezmann ။ ၁၆ ဇွန် ၂၀၁၈။
ုပြင်သစ်အသင်းရသည့် ပန်နယ်လ်တီဂိုးကို သွင်းယူနေသည့် Griezmann ။ ၁၆ ဇွန် ၂၀၁၈။

ဇွန်လ ၁၆ ရက်၊ စနေနေ့ကကန်တဲ့ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်တွေထဲမှာ အုပ်စု C က နာမည်ကျော် ပြင်သစ်နဲ့ သြစတြေးလျတို့ပွဲမှာ ပြင်သစ်အသင်းဟာ ထင်သလောက် ခြေစွမ်းမပြနိုင်ပေမဲ့ ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ကံကောင်းစွာ နဲ့ပဲ အဖွင့်ပွဲမှာ ၃ မှတ်ရသွားပါတယ်။

ပထမပိုင်းမှာ ဂိုးမရှိသရေနဲ့ အဆုံးသတ်သွားတဲ့ ဒီပွဲရဲ့ ဒုတိယပိုင်း ၅၈ မိနစ်မှာ ပြင်သစ်အသင်းရတဲ့ ပန်နယ်လ်တီဂိုးကို ဂရစ်ဇ်မန်း ကန်သွင်းတာကြောင့် အဖွင့်ဂိုး ရပါတယ်။ ဒါပေမဲ့ သိပ်မကြာခင် ၆၂ မိနစ်မှာပဲ သြစတြေးလျအသင်းက ပန်နယ်လ်တီ ပြန်ရပြီး ချေပဂိုး သွင်းလိုက်နိုင်ပါတယ်။

မိနစ် ၈၀ မှာတော့ ပြင်သစ်အတွက် အနိုင်ဂိုးကို တိုက်စစ်မှူး Pogba က သွင်းယူ လိုက်နိုင်တာကြောင့် ပြင်သစ်အသင်း ၂ ဂိုး ၁ ဂိုး နဲ့ အနိုင်ရသွားတာပါ။

ဒီပွဲမှာ ပြင်သစ်အသင်း ပန်နယ်လ်တီကန်ခွင့်ရဖို့ဖြစ်စေတဲ့ ပြစ်ဒဏ်ဘောဖြစ်မှု အခြေအနေကိုရော၊ Pogba သွင်းယူတဲ့ဂိုး တကယ် တမ်း ဂိုးစည်းထဲ ဝင်တယ် မဝင်ဘူးဆိုတာကိုရော ဆုံးဖြတ်ဖို့အတွက် VAR လို့ခေါ်တဲ့ Video Assistant Referee ဗွီဒီယိုနည်းပညာ နဲ့ စောင့်ကြည့် မှတ်တမ်းတင် ဆုံးဖြတ်တဲ့နည်းကို အကူအညီယူ လုပ်ဆောင်တာကြောင့် ဒါဟာဖြင့် ဒီနှစ်ကမ္ဘာ့ဖလားပွဲမှာမှ စသုံး တဲ့ VAR နည်းပညာကို ဒီပွဲမှာ အရင်ဆုံး အသုံးပြုလိုက်တာပဲဖြစ်ပါတယ်။

နောက်ထပ် နာမည်ကျော် အသင်းတသင်းဖြစ်တဲ့ အုပ်စု D က အာဂျင်တီးနားနဲ့ ဒီနှစ်မှာမှ ကမ္ဘာ့ဖလားကို ပထမဆုံးဝင်ပြိုင်ခွင့် ရတဲ့ အိုက်စ်လန်ဒ်အသင်းတို့ပွဲကတော့ တဘက် ၁ ဂိုးစီနဲ့ သရေကျပါတယ်။

ဗိုလ်စွဲဖို့ သိပ်ကြီး ရေပန်းစားလှတဲ့ အသင်းတွေထဲမှာ မပါပေမဲ့လည်း အာဂျင်တီးနား အသင်းဟာ အရင်က အစဉ်အလာရှိဖူးတာ ကြောင့်ရော၊ အဓိကတိုက်စစ်မှူး မက်ဆီ ပါနေတာကြောင့်ပါ လူတွေစိတ်ဝင်စားတဲ့ အသင်းထဲမှာတော့ ပါပါတယ်။

အိုက်စ်လန် အသင်းနဲ့ပွဲမှာ အာဂျင်တီးနားက ဘောလုံးပိုင်ဆိုင်မှု အသာစီး၊ တိုက်စစ် အသာစီး၊ ဂိုးသွင်းခွင့်ဖန်တီးတာနဲ့ ကန်သွင်း တဲ့အရေအတွက် အသာစီး ရပေမဲ့လည်း အနိုင်ရလဒ်ထွက်အောင် ပြောင်းနိုင်တဲ့အခြေအနေ ရှိမသွားပါဘူး။

အဖွင့်ဂိုးရတာကလည်း အာဂျင်တီးနားအသင်းပဲဖြစ်ပြီး ၁၉ မိနစ်မှာ အာဂွါးရိုးက အိုက်စ်လန်ဂိုးစည်းထဲမှာ လှလှပပ လိမ်ခေါက်ပြီး သွင်းယူသွားတာဖြစ်ပါတယ်။

အာဂျင်တီးနားအတွက် အဖွင့်ဂိုးသွင်းပြီး အောင်ပွဲခံနေသည့် အာဂွါးရိုး။ ၁၆ ဇွန် ၂၀၁၈။
အာဂျင်တီးနားအတွက် အဖွင့်ဂိုးသွင်းပြီး အောင်ပွဲခံနေသည့် အာဂွါးရိုး။ ၁၆ ဇွန် ၂၀၁၈။

ဒါပေမဲ့လည်း အာဂျင်တီးနားအတွက် အောင်ပွဲခံချိန်က သိပ်မကြာလိုက်ဘဲ ၄ မိနစ်အကြာ ၂၃ မိနစ်မှာ အိုက်စ်လန်အသင်းက Finnbogason က ချေပဂိုးပြန်သွင်းသွားပါတယ်။

အာဂျင်တီးနားအတွက် အဆိုးရွားဆုံး ကြုံလိုက်ရတဲ့ ကံကြမ္မာကတော့ ကမ္ဘာ့ အကောင်း ဆုံး ဘောလုံးသမားတဦးဖြစ်သူ မက်ဆီ ပန်နယ်လ်တီ လွဲသွားတာပါပဲ။ ၆၄ မိနစ်မှာ အာဂျင်တီးနားအသင်းရတဲ့ ပန်နယ်လ်တီကို မက်ဆီကန်သွင်းပေမဲ့ အိုက်စ်လန် ဂိုးသမား Hannes Halldorsson ရဲ့ အရပ်အမောင်းအနေအထားနဲ့ အတော်လောက် အနေအထား ကို ရောက်သွားတာကြောင့် သက်သောင့်သက်သာပဲ ဖမ်းယူ ကာကွယ်သွားတာပါ။

စနေနေ့ တတိယပွဲဖြစ်တဲ့ အုပ်စု C က ပီရူးနဲ့ ဒိန်းမတ်တို့ပွဲမှာတော့ ဒိန်းမတ်အသင်းက ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပါတယ်။ ပီရူးအသင်း ဟာ ဂိုးသွင်းခွင့် အကြိမ်ကြိမ်ရပေမဲ့လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ဘဲ ၅၉ မိနစ်မှာ Poulsen သွင်းယူတဲ့ တလုံးတည်းသောဂိုးနဲ့ ဒိန်းမတ်အသင်းကို အရေးနိမ့်သွားပါတယ်။

ဒိန်းမတ်အတွက် တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူနေသည့် Poulsen ။ ၁၆ ဇွန် ၂၀၁၈။
ဒိန်းမတ်အတွက် တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူနေသည့် Poulsen ။ ၁၆ ဇွန် ၂၀၁၈။

မြန်မာစံတော်ချိန် တနင်္ဂနွေနေ့ကူးပြီး မနက် ၁ နာရီခွဲမှာကစားတဲ့ အုပ်စု D က ခရိုအေးရှားနဲ့ နိုင်ဂျီးရီးယားတို့ပွဲမှာ ခရိုအေးရှား အသင်းက ၂ ဂိုး ဂိုးမရှိအနိုင်ရပါတယ်။

ခရိုအေးရှားအတွက် အဖွင့်ဂိုးကတော့ သူတို့ကိုယ်တိုင် သွင်းလိုက်ရတာမဟုတ်ဘဲ နိုင်ဂျီးရီးယားဂိုးစည်းထဲမှာ ရှုပ်ယှက်ခပ်နေတဲ့ အချိန် နိုင်ဂျီးရီးယားအလယ်တန်းလူ Etebo နဲ့ထိပြီး ကိုယ့်ဂိုးထဲ ပြန်ဝင်သွားတာကြောင့် ခရိုအေးရှား အဖွင့်ဂိုးရသွားတာပါ။

ဒုတိယဂိုးကိုတော့ ၇၁ မိနစ်မှာရတဲ့ ပန်နယ်လ်တီကို အသင်းခေါင်းဆောင် တိုက်စစ်မှူး Modric က အပိုင်ကန်သွင်းယူတာ ဖြစ်ပါတယ်။

ခရိုအေးရှားအတွက် ဒုတိယဂိုးကို ပန်နယ်လ်တီမှတဆင့် ကန်သွင်းယူနေသည့် Modric ။ ၁၆ ဇွန် ၂၀၁၈။
ခရိုအေးရှားအတွက် ဒုတိယဂိုးကို ပန်နယ်လ်တီမှတဆင့် ကန်သွင်းယူနေသည့် Modric ။ ၁၆ ဇွန် ၂၀၁၈။

နောက်လာမယ့်ပွဲတွေကတော့ တနင်္ဂနွေနေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲမှာ အုပ်စု E က ကော်စတာ ရီကာနဲ့ ဆားဘီးယား၊ ည ၉ နာရီခွဲမှာ အုပ်စု F က လက်ရှိချန်ပီယံ ဂျာမနီနဲ့ မက္ကဆီကို၊ တနင်္လာမနက်ကိုကူးခါစ သန်းခေါင်ကျော် ၁၂ နာရီခွဲမှာ အုပ်စု E ကပဲ ဒီနှစ်ချန်ပီယံဖြစ်ဖို့ ရေပန်းစားတဲ့ထဲ ထိပ်ဆုံးကရှိနေတဲ့ ဘရာဇီးလ်နဲ့ ဆွစ်ဇာလန်အသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG