၂၀၁၈ ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် ရုရှားနိုင်ငံကို ရွေးချယ်လိုက်ပြီးတော့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားကိုတော့ ကာတာနိုင်ငံက အိမ်ရှင်အဖြစ်နဲ့ လက်ခံကျင်းပခွင့် ရသွားပြီ ဖြစ်ပါတယ်။ ဖီဖာ (FIFA) ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် အမှုဆောင် ကော်မတီဝင် ၂၂ ဦးက ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ မဲခွဲဆုံးဖြတ်ခဲ့ကြပြီး ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဆပ်ဘလတ္တာက အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရတဲ့ နိုင်ငံတွေကို ကြေညာခဲ့တာပါ။
၂၀၁၈ ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရဖို့ လျှောက်ထားတဲ့ နိုင်ငံတွေထဲမှာ အင်္ဂလန်၊ ရုရှား အပါအ၀င် ၂ နိုင်ငံ ပူးတွဲကျင်းပဖို့အတွက် စပိန်နဲ့ ပေါ်တူဂီ၊ နယ်သာလန်နဲ့ ဘယ်လ်ဂျီယံတို့ကလည်း အပြိုင် လျှောက်ထားခဲ့ကြတာ ဖြစ်ပြီးတော့ ရုရှားနိုင်ငံက အနိုင်ရသွားတာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံအတွက်တော့ ကမ္ဘာ့ဖလားကို ဒါဟာ ပထမဆုံးအကြိမ် လက်ခံကျင်းပခွင့် ရတာ ဖြစ်ပါတယ်။
ရုရှားကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်တဲ့ ဒုတိယ၀န်ကြီးချုပ်ကတော့ ရုရှားနိုင်ငံကို ရွေးချယ်တဲ့အတွက် နောင်တမရစေရဘူးလို့ ပြောကြားသွားတာပါ။
၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားကို အိမ်ရှင်အဖြစ်နဲ့ လက်ခံကျင်းပခွင့်ရတဲ့ ကာတာနိုင်ငံကတော့ ပြိုင်ဘက်တွေဖြစ်တဲ့ သြစတြေးလျ၊ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံတို့ကို ကျော်ဖြတ်ပြီးတော့ အနိုင်ရသွားခဲ့တာပါ။ ဒါဟာ အာရှတိုက်မှာ ဒုတိယအကြိမ် ကျင်းပတာ ဖြစ်ပြီးတော့ အရှေ့အလယ်ပိုင်း ဒေသမှာ ပထမဆုံးအကြိမ် ကျင်းပတာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလားအိမ်ရှင် ရွေးချယ်ရေး ကိစ္စမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် အမှုဆောင် ကော်မတီဝင် ၂ ယောက်က လာဘ်ယူဖို့ ကြိုးစားခဲ့တာကို ဗြိတိန်သတင်းစာ တစောင်က ဖော်ထုတ်နိုင်ခဲ့ပြီး သီတင်းပတ် အနည်းငယ် အကြာမှာ အခုလို မဲခွဲဆုံးဖြတ်ပြီး ရွေးချယ်လိုက်တာပါ။
မဲခွဲဆုံးဖြတ်မယ့်နေ့ မတိုင်ခင်အထိ သက်ဆိုင်ရာ နိုင်ငံတွေက ကိုယ်စားလှယ်တွေဟာ သူတို့နိုင်ငံဟာ ကမ္ဘာ့ဖလား ကျင်းပဖို့အတွက် အသင့်တော်ဆုံးဖြစ်တယ် ဆိုတာကို ပြသဖို့အတွက် သူတို့ရဲ့ ပြင်ဆင် ကြိုးပမ်းထားတာတွေကို ဗွီဒီယိုတွေနဲ့ ပြသပြီး မဲဆွယ်စည်းရုံးမှုတွေ လုပ်ခဲ့ကြပါတယ်။
ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ်နဲ့ လျှောက်ထားတဲ့ သက်ဆိုင်ရာ နိုင်ငံတွေဟာ သူတို့နိုင်ငံတွေက အထင်ကရ ပုဂ္ဂိုလ်တွေကို ကိုယ်စားလှယ် အဖြစ်နဲ့ စေလွှတ်ခဲ့ကြပြီးတော့ ရုရှားကိုယ်စားလှယ် အဖွဲ့မှာ ၀န်ကြီးချုပ် ဗလာဒီမီယာ ပူတင်၊ အင်္ဂလန် ကိုယ်စားလှယ် အဖွဲ့မှာတော့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်၊ မင်းသား ၀ီလီယံနဲ့ ကမ္ဘာကျော် ဘောလုံးသမား ဒေးဗစ် ဘက်ခမ်းတို့ ပါဝင်ပြီး အမေရိကန် ကိုယ်စားလှယ် အဖွဲ့ထဲမှာတော့ သမ္မတဟောင်း ကလင်တန်နဲ့ ဟောလီးဝုဒ် ရုပ်ရှင်မင်းသား မော်ဂန် ဖရီးမင်းတို့ ပါဝင်ခဲ့ပါတယ်။